In partnership with  logo
သင်္ကြန် ၅ ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက်ပါ။

အတာသင်္ကြန်ရောက်တော့မယ်ဆိုရင် ရေလည်းမဆော့ချင်၊ ကားနဲ့လည်း ရေပက်ခံမထွက်ချင်တဲ့ မဒီတွေအတွက်တော့ ခရီးတွေပဲသွားရမလို၊ ဒါမှမဟုတ် အိမ်မှာပဲနေပြီး ရုံးအားလပ်ရက်အားလုံး အချိန်ဖြုန်းရမလို အမြဲစိတ်တွေဒွိဟ ဖြစ်ကြရပါတယ်။ ခရီးသွားမယ်ဆိုရင်လည်း ဧပြီလ မတိုင်ခင်ကတည်းက အစစရာရာ ကြိုတင်အစီအစဉ်ဆွဲထားကြရတာမို့ သင်္ကြန်နီးမှ ကပ်သွားဖို့ကလည်း အဆင်မပြေပြန်ပါဘူး။ ဒီတော့ ကိုယ့်အိမ်မှာပဲ အားလပ်ရက်လေးကို အကျိုးရှိရှိဖြတ်သန်းဖို့ စဉ်းစားနေကြတဲ့ မဒီတွေအတွက် ဘယ်လိုအစီအစဉ်လေးတွေဆွဲပြီး အချိန်ကုန်ဆုံးသင့်သလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။

အားလပ်ရက်အတွင်း ရှုပ်ပွနေတဲ့ ကိုယ့်အိပ်ခန်း၊ ဧည့်ခန်း စတာတွေကို ရှင်းလင်းပါ။

ပထမဆုံးအချက်မှာတင် သင်္ကြန်အားလပ်ရက်မှာ သူများတွေက ပျော်ရွှင်သောင်းကျန်းနေချိန် အိပ်ခန်းရှင်းရတာ မမိုက်ပါဘူးလို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အိမ်မှာ ဒီရက်အတွင်း သေချာအနားယူဖို့ ဆိုရင် ကိုယ့်အခန်းလေးက အနားယူချင်စဖွယ် သန့်ရှင်းနေမှ ဖြစ်မှာပါ။ အရင်က ဖွရှုပ်ထားသမျှ နာရီပိုင်းလေး အပင်ပန်းခံလိုက်ရုံနဲ့ အခန်းထဲက အပြင်တောင်မထွက်ချင်လောက်အောင် အခြေအနေပြောင်းလဲသွားနိုင်တယ်နော်။

မိတ်ဆွေ၊ သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ပျော်စရာအမှတ်တရအချိန် ဖန်တီးလိုက်ပါ။

သူငယ်ချင်းအရင်းတွေကလည်း သင်္ကြန်မလည်ချင်ဘူး၊ ရေမကစားကြဘူးဆိုရင် ကိုယ့်အိမ်ကိုခေါ်ပြီး ဟင်းအတူတူချက်စားကြတာမျိုး၊ ဝိုင်းဖွဲ့စားသောက်စကားပြောကြတာမျိုး၊ ဂိမ်းတွေအတူတူဆော့တာမျိုးလေး လုပ်နိုင်ပါတယ်။ ဒီလိုအချိန်တွေက သူငယ်ချင်း မိတ်ဆွေတွေကြား နောင်မတွေ့ဖြစ်ကြတော့ရင်တောင် အမြဲ အမှတ်ရစေနိုင်မယ့် အမှတ်တရတစ်ခု ဖန်တီးခြင်းပါပဲ။

ဝယ်ထားပြီး မဖတ်ရသေးတဲ့ စာအုပ်တွေ ဖတ်ပါ။

ကိုယ့်စာအုပ်စင်ပေါ်က မဖတ်ရသေးတဲ့ စာအုပ်တွေ အေးဆေးဖတ်ဖို့ အချိန်ပါပဲ။ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး စာအုပ်တွေ ဇိမ်ကျကျဖတ်ရတဲ့ ဖီလင်က ဘာနဲ့မှမလဲနိုင်ဘူးနော်။ အားလပ်ရက်ပြီးလို့ ရုံးပြန်တက်တဲ့အခါ အပေါင်းအသင်းတွေကိုလည်း ကိုယ်ဖတ်ဖြစ်တဲ့ စာအုပ်တွေထဲက ဘယ်စာအုပ်ကိုတော့ သဘောကျတယ် ဆိုတာလေးလည်း ပြန်ပြီးဝေမျှနိုင်တာပေါ့။

မကြည့်ဖြစ်တဲ့ ဇာတ်ကားအခွေတွေ အားလုံးကြည့်ပစ်လိုက်ပါ။

အားလပ်ရက်ဆိုတာမျိုးက ကိုယ်သဘောကျတဲ့အရာတွေကို မနားတမ်းလုပ်ဆောင်နိုင်ဖို့ အချိန်ကာလလေး တစ်ခုဖြစ်တာမို့ ကိုယ်ကဇာတ်လမ်းတွဲတွေ ကြည့်ရတာ သဘောကျတယ်ဆိုရင်လည်း ကိုယ့်စိတ်ကြိုက် မနားတမ်း ကြည့်ပစ်လိုက်ပါ။ လုပ်ငန်းတာဝန်တွေ မေ့ပြီး စားလိုက်၊ သောက်လိုက်၊ ဇာတ်ကားကြည့်လိုက် လုပ်နိုင်တဲ့အချိန်မို့ မဒီတို့အတွက် အေးဆေးပဲနော်။

အချိန်မရှိလို့ မလုပ်ခဲ့ရတဲ့ ဝါသနာရပ်တစ်ခုခုကို လေ့လာပါ။

ဂစ်တာတီးရတာ သဘောကျပေမယ့် မတောက်တခေါက်ပဲ တီးဖြစ်နေတယ်ဆို ဒီအားလပ်ရက်အတွင်း သေချာပြန်ကျင့်ပါ။ ပုံဆွဲတာ၊ သိုးမွှေးထိုးတာ၊ ဟင်းချက်နည်းအသစ်လေးတွေ လေ့လာတာ ဒါမှမဟုတ် တခြား ဝါသနာပါတဲ့ အရာတွေရှိရင်လည်း ဒါတွေအတွက် အချိန်ပေးသင့်ပါတယ်။ အနည်းဆုံး အပြင်သွားပြီး သင်တန်းမတက်နိုင်ရင်တောင် အင်တာနက်ကနေ ကိုယ်ဝါသနာပါတဲ့ အရာတွေအတွက် လေ့လာသင်ယူနိုင်နေပြီလေ။

ကိုယ့်မိသားစု၊ ဆွေမျိုးတွေကို အချိန်ပေးပါ။

တစ်နေ့တစ်နေ့ မနက်ဆိုအလုပ်သွား၊ ညပြန်ရောက် ထမင်းစား၊ ဖုန်းပွတ်၊ အိပ်ယာတန်းဝင်ရတာနဲ့ တစ်အိမ်တည်းနေတဲ့ ကိုယ့်မိသားစုဝင်တွေရဲ့ မျက်နှာတွေကိုတောင် သေချာမကြည့်ဖြစ်တာ ကြာပြီမဟုတ်လား။ ဒီအားလပ်ရက်အတွင်း ကိုယ့်မိသားစုဝင်တွေနဲ့ ထမင်းတူတူစားကြတာ၊ မုန့်လုပ်စားကြတာ၊ စကားတွေဝိုင်းဖွဲ့ပြောတာမျိုးတွေကလည်း မထင်မှတ်ရလောက်အောင် မဒီတို့ရဲ့စိတ်ကို လန်းဆန်းစေနိုင်တယ်နော်။

ပရဟိတလုပ်ငန်းတွေ လုပ်နိုင်ပါတယ်။

ဒီအားလပ်ရက်လေးမှာ ကုသိုလ်ရပြီး ကိုယ့်စိတ်လေး ကြည်နူးစေမယ့်အရာမျိုးလုပ်ချင်တယ်ဆိုရင် အနည်းဆုံး ကိုယ့်အဝတ်အစားဗီရိုထဲက မဝတ်တော့မယ့် အဝတ်အစားလေးတွေကို မိဘမဲ့ကျောင်းမှာသွားလှူတာမျိုးက စပြီး ဘိုးဘွားရိပ်သာမှာ သက်ကြီးရွယ်အိုတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ လှူတာမျိုး၊ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းပိုင်း တာဝန်ယူပြီး ကုသိုလ်ပြုတာမျိုး စတာတွေလုပ်ဆောင်နိုင်ပါသေးတယ်။

သင်ဟာ အားလပ်ရက်အတွင်း ခရီးတွေဘာတွေမထွက်ဖြစ်ဘူးဆိုရင်တောင် ဒီအချက်လေးတွေထဲက ကိုယ်တကယ်လုပ်ချင်တာလေးတွေအတွက် အချိန်ပေးပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် အားလပ်ရက်ပြီးလို့ ကိုယ့်အလုပ်ခွင်ကို ပြန်ဝင်တဲ့အခါ စိတ်တွေပေါ့ပါးလန်းဆန်းနေပါလိမ့်မယ်။ ဒါ့ကြောင့် ဒီအားလပ်ရက်အတွင်း ခုထိ ဘာအစီအစဉ်မှမရှိဘူးဆိုရင် ကိုယ့်အတွက် အကျိုးတစ်ခုခုဖြစ်စေမယ့်အရာဟာ ဘာဖြစ်မလဲဆိုတာ တွေးပြီး လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

မေသော်

Share

Loading Next Article...
က္က