In partnership with  logo
အပျော်က အပျက်မဖြစ်ဖို့ လိုပါတယ်။

သတိဆိုတာ ပိုတယ်မရှိပါဘူး။ အပျော်ကနေ အပျက်မဖြစ်ရလေအောင် မဒီလေးတို့တွေ သင်္ကြန်တွင်းမှာ သတိထားသင့်တဲ့အချက်တွေကို မှာလိုက်ပါရစေနော်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် နီးလာပြီဆိုတာနဲ့ ကျွန်မတို့တတွေဟာ သင်္ကြန်မှာ ဘယ်သွားကြမယ်၊ ဘယ်မဏ္ဍပ်မှာ ရေကစားမယ်၊ ဘယ်နေ့မှာတော့ ကားနဲ့လည်မယ်၊ ဘယ်သူတွေနဲ့ လမ်းလျှောက်သင်္ကြန် သွားမယ် စသဖြင့် သင်္ကြန်လေးရက်အတွက် တက်တက်ကြွကြွကို အစီအစဉ်တွေဆွဲတတ်ကြပါတယ်။

ဒီလို အစီအစဉ်ဆွဲတဲ့အခါ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ သင်္ကြန်လေးရက်အတွင်း ဝတ်ဆင်မယ့် အဝတ်အစား ပိုင်းကစလို့ ဘယ်နေရာမှာ ဘယ်သူနဲ့ချိန်းပြီး ဘယ်မဏ္ဍပ်မှာ ရေဆော့ကြမယ်၊ ဘယ်အချိန် အိမ်ပြန်ဝင်မယ်၊ ဘယ်နေ့မှာတော့ဖြင့် ဘယ်သူတွေနဲ့ လမ်းလျှောက်သင်္ကြန်လည်မယ် စတာတွေကို သေချာ စီစဉ်ဖို့ ပိုလိုအပ်တယ်ဆိုတာပါပဲ။

ခုလို ပွင့်လင်းမြင်သာလာတဲ့ခေတ်ကြီးထဲမှာ မိန်းကလေးတွေ၊ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ဘယ်လောက်ပဲ ခေတ်မီတဲ့သူလို့ဆိုဆို၊ ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ် ထိန်းနိုင်တဲ့အရွယ်ရောက်နေပြီပဲ ပြောပြော သတိဆိုတာ ဘယ်တော့မှ ပိုတတ်တာမျိုး မရှိတာကို သိထားပြီး ပျော်ရွှင်စရာ သင်္ကြန် အမှတ်တရတွေကို ဖန်တီးသင့်ပါတယ်။

ယုံကြည်ရတဲ့ ရေကစားဖော်ရှိလား

ဒီတော့ ကိုယ်သွားမယ့်နေရာအတွက် ပထမဆုံး ကိုယ်နဲ့အတူ ဘယ်သူရှိမလဲဆိုတဲ့အချက်ပါ။ ဘယ်လောက်ပဲ စိတ်ချရတဲ့ ဘေးကင်းလုံခြုံပါတယ်ဆိုတဲ့ မဏ္ဍပ်ဖြစ်ပါစေ၊ အဲ့ဒီမဏ္ဍပ်မှာ ကိုယ်နဲ့အတူရှိမယ့် သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ စတဲ့သူတွေဟာ တကယ်ကိုယ့်ကို ကာကွယ်ပေးမယ့်သူ၊ စောင့်ရှောက်ပေးနိုင်မယ့်သူ ဟုတ်ရဲ့လား သေချာဖို့လိုပါတယ်။

ပြသနာတစ်ခုခုဖြစ်ခဲ့သည်ရှိသော် ကိုယ့်ကိုထားပြီး ထွက်သွားမယ့်သူ မဟုတ်ဖို့ အရေးကြီးသလို ကိုယ့်အပေါ် အခွင့်ကောင်းယူပြီး အာရုံနောက်စေမယ့်သူ မဟုတ်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ကိုယ်က မိန်းကလေး၊ အမျိုးသမီးတစ်ဦးဖြစ်တာမို့ ဒီလိုအချိန်အခါမျိုးမှာ တစ်ယောက်တည်း ဘယ်နေရာမှ မသွားတာတော့ အကောင်းဆုံးပါပဲ။

သင်္ကြန်တွင်း တစ်ယောက်တည်း အပြင်သွားတဲ့အခါ အနည်းဆုံး ကားပေါ်ကလှမ်းစတာနောက်တာ၊ မဏ္ဍပ်ပေါ်မှာ ကိုယ်မသိတဲ့ အမျိုးသားတွေ ကိုယ့်အနားကပ်ပြီး ရိသဲ့သဲ့လုပ်တာမျိုးတွေ ခံရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်နေရာသွားသွား အမျိုးသမီးတွေအနေနဲ့ ကိုယ့်ဘေးနားမှာ အဖော်တစ်ယောက်ကတော့ အမြဲပါနေဖို့ လိုပါတယ်။

ယောက်ျားတွေကို သတိထား

နောက်တစ်ချက်က ဘယ်လောက်ရင်းနှီးတဲ့ ကိုယ့်ချစ်သူ ဖြစ်နေပါစေ၊ သူနဲ့အတူရှိတဲ့အချိန် မဏ္ဍပ်ပေါ်မှာ၊ မဏ္ဍပ်အောက် လူမြင်ကွင်းမျိုးတွေမှာ အနေအထိုင် ဆင်ခြင်ဖို့လည်း လိုပါတယ်။ ကိုယ်က အပျော်သဘောမျိုး အရက်သေစာ အပျော့ဖြစ်ဖြစ် အပြင်းဖြစ်ဖြစ် သောက်ထားမိလို့ သတိလွတ်နေတယ်ဆိုပြီး ကိုယ့်အပေါ် လူကြားထဲ အသားယူတာမျိုး၊ မဖွယ်မရာ ဟိုထိဒီထိ လုပ်နေတာမျိုးတွေဟာ ကိုယ့်အတွက်လည်း ဂုဏ်သိက္ခာကျဆင်းစေသလို လူတွေအမြင်မှာလည်း မေးငေ့ါစရာဖြစ်နိုင်ပါတယ်။

တချို့သော အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ အမျိုးသားတွေဟာ ဒီလိုသင်္ကြန်ရက်မျိုးမှာမှ ကိုယ့်ချစ်သူသောက်မယ့် အအေး၊ ဖျော်ရည် စတာတွေထဲ မထည့်သင့်တဲ့ ဆေးတွေထည့်တိုက်ပြီး ကာမလိမ်လည်မှုတွေ ရယူတတ်တာလည်း အားလုံးအသိပါ။ ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ အခုမှစပြီး မဏ္ဍပ်မှာဆုံ၊ အခုပဲ သူတိုက်တဲ့ဖျော်ရည်၊ အရက်စတာတွေသောက်၊ သူပြောသမျှယုံနေတာမျိုးတွေလည်း မဖြစ်သင့်ပါဘူး။

လူတစ်ယောက်ကို အဲ့ဒီလို အချိန်ခဏလေးအတွင်းမှာ ချက်ချင်းယုံပစ်လိုက်ပြီး ဘဝကြီးကို ပုံအပ်လိုက်မယ်ဆိုတဲ့အသိမျိုးကတော့ ကိုယ့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာများစေမှာပါ။ ဒါ့ကြောင့် သတိလေးနဲ့ပျော်ဖို့ အကြံပေးပါရစေ။ အပျော်ကနေ အပျက်မရောက်ဖို့ရာ ကိုယ့်အပေါ်မှာသာ မူတည်ပါတယ်။

မဖော်သင့်တာကို မဖော်ပါနဲ့

နောက်ထပ်ဖြည့်စွက်ပြောရမယ့် အရာကတော့ အဝတ်အစားဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ ပြောရမှာပါ။ အပေါ်မှာ ပြောသလို ကိုယ်ကခေတ်မီတဲ့သူ၊ ဖက်ရှင်ကျတဲ့သူ ဖြစ်နေပါစေဦးတော့ နေရာနဲ့ အခြေအနေကို လိုက်ပြီး ဝတ်တတ်စားတတ်ဖို့ လိုပါတယ်။ သင်္ကြန်တွင်းမို့ ဘောင်းဘီတို၊ စကတ်တို ဝတ်တယ်ဆိုပေမယ့် မပေါ်သင့်တဲ့နေရာ မပေါ်၊ မဖော်သင့်တဲ့နေရာကိုတော့ မဖော်စေချင်ပါဘူး။

အများစုဟာ သောက်စားပြီး ဒီသင်္ကြန်ကို ပါဝင်ဆင်နွဲနေကြသူတွေမို့ ကိုယ့်အဝတ်အစားကြောင့် ကိုယ့်အပေါ် စော်ကားတဲ့အကြည့်၊ နှာဗူးထတဲ့အကြည့်မျိုး ကြည့်တဲ့အခါ ကိုယ်ကပဲ စိတ်တိုရပါလိမ့်မယ်။ ဒါကြောင့် လူငယ်ပီပီ၊ ဖက်ရှင်ကို ဦးစားပေးပြီး ကိုယ့်စိတ်ကြိုက် ဝတ်ဆင်နိုင်ပေမယ့် သရုပ်ပျက်လွန်းတဲ့ အဝတ်အစားမျိုးကိုတော့ ရှောင်စေချင်ပါတယ်။

အစစအရာရာ သတိလေးရှိစေချင်

ဒါ့အပြင် လမ်းလျှောက်သင်္ကြန်လို လူတွေနဲ့တိုးဝှေးပြီး လမ်းလျှောက်ရတဲ့အခါ ကိုယ့်အနေနဲ့ အဖော်တွေပါမှသာ သွားစေချင်ပါတယ်။ သွားတဲ့အခါမှာလည်း ကိုယ့်အုပ်စုနဲ့ကိုယ်သီးသန့်နေပါ။ အရမ်းတိုးကြိတ်နေရရင် အဲ့ဒီလိုအချိန် လူအုပ်ထဲကိုယ်မပါသွားပါစေနဲ့။ ကိုယ့်ရဲ့အနောက်မှာ ကိုယ့်နဲ့အတူပါတဲ့ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေ ရှိပါစေ။ အပေါ်မှာပြောထားသလို ဒီလိုလူအုပ်တောထဲ သွားရတဲ့အခါ အဝတ်အစားပိုင်းကို ပိုပြီးဆင်ခြင်ပါ။

မဒီတွေအနေနဲ့ ကားနဲ့ပဲလည်လည်၊ မဏ္ဍပ်ပဲထိုင်ထိုင် အိမ်ပြန်တဲ့အခါ တစ်ယောက်တည်း ပြန်တာမျိုးမလုပ်ဘဲ တစ်ယောက်ယောက်က လိုက်ပို့တာမျိုး၊ လည်တဲ့ကားနဲ့အိမ်ရှေ့ထိ ပြန်ပို့ခိုင်းတာမျိုး စတာတွေကိုလည်း သင်္ကြန်မတိုင်ခင်ကတည်းက ကြိုတင်ပြောထားသင့်ပါတယ်။ သင်္ကြန်ရက်တွေ ကားမရလို့ လမ်းလျှောက်ပြန် ရတာမျိုး၊ မိုးချုပ်တဲ့အထိ အိမ်ပြန်မရောက်တာမျိုး၊ တခြား မလိုလားအပ်တဲ့ ပြသနာမျိုးတွေ မကြုံရလေအောင် ကိုယ့်ဘက်က ပြင်ဆင်ထားတာ မမှားပါဘူး။

ဒါ့ကြောင့် သင်္ကြန်လည်မယ့်၊ မဏ္ဍပ်ထိုင်မယ့် မဒီတွေအနေနဲ့ ဒီလိုအချက်တွေကို ဆင်ခြင်သုံးသပ်ရင်း သင်္ကြန်ရက်တွေမှာ သတိလေးနဲ့ အပျော်လေးတွေ ဖန်တီးကာ အမှတ်တရကောင်းလေးတွေသာ ပိုင်ဆိုင်နေကြပါစေလို့။

(မေသော်)

Share

က္က