Ei Ei Mar

ကျွန်မတို့နိုင်ငံမှာ အသိမိတ်ဆွေတစ်ယောက်နဲ့ လမ်းမှာတွေ့လို့ နှုတ်ဆက်တဲ့အခါ မတွေ့ရတာကြာပြီနော်၊ မိသားစုဝင်တွေရော နေကောင်းကြလား ဆိုတာမျိုးထက် နင်ဝလာတယ်နော်၊ ပိန်သွားလိုက်တာဟယ် ဆိုတာမျိုးနဲ့ စတင်နှုတ်ဆက်လေ့ရှိကြပါတယ်။

သေချာပြန်စဉ်းစားကြည့်ရင် ဒီလိုကိုယ့်ရဲ့သွင်ပြင်၊ ဘော်ဒီအချိုးအစားကိုကြည့်ပြီး ဝေဖန်တာမျိုး ကျွန်မတို့တတွေ အခါခါခံခဲ့ရဖူးပါတယ်။ ကျောင်းမှာ၊ အလုပ်မှာသာမက လမ်းမှာသွားလာနေရင်းနဲ့လည်း အသိတွေကတစ်မျိုး၊ ကိုယ့်ကိုလုံးဝမသိတဲ့လူတွေကပါ ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားကို စသလိုနောက်သလိုလိုနဲ့ ရိသဲ့သဲ့လှောင်ပြောင်တာ အမျိုးသမီးတိုင်း မဟုတ်တောင် ၁၀ ယောက်မှာ ၈ ယောက်လောက်က ခံကြရဖူးမှာပါ။

အွန်လိုင်းပေါ်မှာလည်း တစ်နေ့တစ်နေ့ လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးရဖို့ ဘယ်လို ဝိတ်ချသင့်တယ်ဆိုတဲ့ အကြောင်းတွေ၊ ဝတဲ့သူတွေ၊ ပိန်တဲ့သူတွေကို လှောင်ပြောင်ရေးသားထားတဲ့ ဟာသတွေ၊ သီချင်းတွေ၊ ဖိုတိုရှော့တွေနဲ့ ပြင်ထားတဲ့ ပြီးပြည့်စုံလွန်းတဲ့ မော်ဒယ်နဲ့အနုပညာရှင်တွေရဲ့ ပုံတွေ စတာတွေက အမျိုးသမီးအများစုကို ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျတော့အောင်၊ စိတ်ဓာတ်ကျလာအောင်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့အောင် လုပ်ဆောင်နေတဲ့အရာတွေပါပဲ။ အဆိုးဆုံးကတော့ သူတစ်ပါးရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ ကိုယ့်ရှေ့ကလူရဲ့ ခန္ဓာကိုယ်အချိုးအစားကို အပြစ်တင်သလို ဝေဖန်ပြောတာမျိုး၊ တခြားတစ်ယောက်နဲ့နှိုင်းယှဉ်တာမျိုးပါ။

ဒီလို ကိုယ့်ရဲ့ဘော်ဒီအချိုးအစားနဲ့ပတ်သက်ပြီး အပြောအဆိုခံခဲ့ရဖူးတယ်ဆိုတဲ့ The Lady Collection ရဲ့ ပဲ့ကိုင်ရှင်ညီမလေး ရည်မွန်ကတော့ “ရည်မွန်က ငယ်ငယ်ကတည်းက ကိုယ့်အသက်အရွယ် ရွယ်တူတန်းတူ တခြားကောင်မလေးတွေနဲ့ ယှဉ်ရင် ရှိသင့်တဲ့ဝိတ်ထက်ပိုများနေတဲ့အခါ ဒီလို ဝနေတာကပဲ လူတွေအတွက် အပြစ်ပြောစရာလို ဖြစ်နေတယ်၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်မှာရော၊ လမ်းသွားရင်တောင် ကိုယ့်ကို ဖက်တီးမကြီးဆိုပြီး ပြောတာမျိုး၊ စတာမျိုး ခံခဲ့ရဖူးတယ်။ ကိုယ့်ကို အဲဒီလိုပြောလို့စလို့ ဝမ်းနည်းစိတ်အားငယ် တာမျိုး မဖြစ်ပေမယ့် ကိုယ်ကသူတို့ကိုမမြင်ဘဲ ကျော်သွားတာကိုမှ အတင်းလှမ်းခေါ်ပြီး တကူးတက ဟဲ့ ဝလာတယ်နော်ဆိုပြီး ပြောတတ်တဲ့လူမျိုးတွေကြောင့်တော့ စိတ်အနှောင့် အယှက်ဖြစ်ရတာ မျိုးတွေ ရှိတယ်။ ဘဝမှာ ကိုယ့်ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ထဲဆိုးဆိုးရွားရွား ခံစားဖူးတာဆိုရင် အလုပ်လုပ်တုန်းက ကိုယ့်ရုံးက အပေါ်ထပ်အောက်ထပ် နှစ်ထပ်ဆိုတော့ အောက်ထပ်ကနေအပေါ်ထပ်သွားဖို့လိုရင် ရည်မွန့်ကိုခိုင်းလိုက်၊ ဒါမှသူဝိတ်ကျမယ်ဆိုတဲ့ စကားက ညီမကို အနိုင်ကျင့်သလိုကို ခံစားရစေခဲ့တာ။ ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာ စိတ်ထဲမှာ အမှိုက်တွေ မထားဘူး၊ ပေါ့ပေါ့ပါးပါးပဲ နေနိုင်အောင် ကြိုးစားလိုက်တယ်” လို့ သူမတွေ့ကြုံရတဲ့ အခြေအနေကို ပြောပြပါတယ်။

ရည်မွန့်လိုပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခံရတဲ့ ညီမလေးတစ်ဦးရှိပါသေးတယ်။ သူ့ကတော့ ဖြိုးပပခိုင်လို့ ခေါ်တဲ့ ညီမလေးပါ။ “ကိုယ့်ကိုတွေ့တာနဲ့ ပိန်လိုက်တာ၊ ပိန်သွားတယ်နော်၊ အစားစားပါဦး၊ ရောဂါဖြစ်နေတာလား ဆေးစစ်ကြည့်ဦးဆိုပြီး ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ရင် အကြိမ်ကြိမ်ကို ဝေဖန်ခံခဲ့ရဖူးပါတယ်။ ဒီလိုအပြောခံရတိုင်း အစပိုင်းမှာ ကိုယ့်ကိုကိုယ်တောင် ယုံကြည်မှုမရှိတော့ဘူး။ ကြိတ်ပြီး ဝမ်းနည်းတယ်၊ ဆိုက်ကိုဝင်မိတဲ့အထိပါပဲ။ ငါဒီတသက် သူများတွေလို ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်ပါ့မလားဆိုပြီးလည်း စိတ်တွေပူခဲ့ဖူးတယ်” လို့ သူမက ဖွင့်ဟလာပါတယ်။

လူတစ်ယောက်ကို လက်လွတ်စပယ် ဝေဖန်ပြောဆိုလိုက်ခြင်းဟာ အပြောခံလိုက်ရတဲ့သူအတွက် ဘယ်လောက်ထိ ခံစားနာကျင်ရမလဲဆိုတာ ထည့်မတွက်ကြတဲ့အတွက်လည်း ဖြစ်သလို၊ ကိုယ်ချင်းစာတရား နည်းပါးတာ၊ နောက်တစ်ချက်က အသိဉာဏ်ဗဟုသုတပိုင်းလည်း အားနည်းတာကြောင့် ဖြစ်ပါတယ်။ အခြားလူကို သိမ်ငယ်အရှက်ရအောင် ပြောလိုက်တဲ့သူဟာ သူကိုယ်တိုင် ရှက်စရာကောင်းနေပါလားဆိုတာ မသိရှာတဲ့သူတွေလည်း ဖြစ်နေပြန်ပါတယ်။

“ကိုယ့်ခန္ဓာကိုယ်နဲ့ အဝတ်အစားပိုင်းကို သေချာရွေးချယ် ဝတ်ဆင်မှ အဆင်ပြေပါတယ်။ ကိုယ်က အလိုက်ဖက်ဆုံးလို့ ထင်ပြီး ဝတ်လာတာ၊ ကြိုးစားတွဲစပ်ပြီး ဝတ်လာတာကို လူတွေ့တာနဲ့ နင့်ဝိတ်နဲ့ အဲ့လိုကြီး ဝတ်လာတာကို လှတယ်ထင်နေတာလား ဘာလားဆိုပြီး လှောင်ပြောင်တာမျိုး ခံခဲ့ရဖူးတယ်။ ကိုယ်က ခုခေတ်စားနေတဲ့ အဝတ်အစားဒီဇိုင်းလေးတွေကို ကိုယ်နဲ့အဆင်အပြေဆုံး ဖြစ်အောင် ဝတ်မှာပဲလေ။ ကိုယ်ကဝလို့ ဒါမျိုးတွေလုံး၀ မဝယ်ရဘူး၊ မဝတ်ရဘူးဆိုတာတော့ မဟုတ်သေးဘူး။ ကိုယ့်ဘော်ဒီနဲ့ လိုက်ဖက်တာကို ကိုယ်တိုင်ရွေးချယ်တွဲစပ်နိုင်တာပဲ၊ ဒီလိုအခြေအနေအထိပါ ဝင်ရောက်ပြောဆိုကြတာမျိုးလည်း ကြုံခဲ့ရဖူးတယ်၊ တကယ်တော့ သူတို့ဒီလိုပြောလိုက်တာ ညီမက အရှက်မရပါဘူး၊ ပြောလိုက်တဲ့သူတို့ကသာ ရှက်စရာအပြုအမူကို ပြုမူလိုက်တာပါ” လို့ ရည်မွန်က ထောက်ပြပြောဆိုသွားပါတယ်။

ဒါကို ဖြိုးပပခိုင်ကလည်း “တခြားလူကို Body Shaming လုပ်တဲ့အပြုအမူဟာ ရိုင်းစိုင်းတယ်ဆိုတာ သူတို့ကိုယ်တိုင် သိချင်မှသိပါလိမ့်မယ်။ ကိုယ်ကအမှုမဲ့အမှတ်မဲ့ပြောလိုက်တဲ့ စကားဟာ တခြားလူအတွက် အကျိုးရှိသွားသလား၊ စိတ်ဓာတ်ကျအားငယ်စေသလားဆိုတာလည်း သိချင်မှသိကြပါလိမ့်မယ်။ ဒါကြောင့် တခြားလူကိုမပြောခင် မဝေဖန်ခင် ပြောသင့်မပြောသင့် စဉ်းစားတတ်ဖို့လိုပါတယ်”တဲ့။

ကိုယ်က ကိုယ့်ဘော်ဒီအချိုးအစားနဲ့ ပတ်သက်ပြီး ခဏခဏအပြောခံရဖူးတော့ သူတစ်ပါးကို ဒါမျိုးပြောလိုက်ရင် ခံစားသွားရမယ်ဆိုတာ သိတာမို့ အဲ့ဒီလိုအပြုအမူအပြောအဆိုမျိုး ဘယ်တော့မှမလုပ်ဖြစ်အောင် ရှောင်တဲ့အပြင် ကိုယ့်ဘော်ဒီက အားသာချက် အားနည်းချက်တွေကိုလည်း သိအောင်လုပ်တယ် ဆိုတဲ့ရည်မွန်က “လူတိုင်းမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိတယ်။ ညီမဆို အသက် ၂၃နှစ်မှာ ပေါင်ချိန်က ၁၈၀လောက်ဖြစ်လာတယ်။ အရပ်ကလည်း ၅ပေ ၄လက်မလောက်ပဲဆိုတော့ ရှိသင့်တဲ့ဝိတ်ထက် အများကြီးပိုများနေတယ်ပေါ့နော်။ ဒါပေမယ့် ညီမကျတော့ ဝိတ်တက်လာရင် ခါးကခါး တင်ကတင် သူအချိုးအစားနဲ့သူမျှသွားတယ်။ အဲ့ဒီတော့ ဝပေမယ့် အရမ်းအကြည့်ရမဆိုးဘူး။ ကိုယ့်ဘော်ဒီမှာဆိုရင် ကိုယ်ကိုယ်တိုင်ရော တခြားလူတွေကပါ တင်ပါးကိုလှတယ်လို့ပြောကြတယ်။ ဒါပေမယ့် ညီမက တင်ပါးကြီးတဲ့အတွက် ပိန်တုန်းဖြစ်ဖြစ် ဝလာတဲ့အချိန်ဖြစ်ဖြစ် ပေါင်တွေ ခြေသလုံးတွေကတော့ တုတ်တာပဲ။ ဒါကိုသူများတွေက နင့်ခြေသလုံးက ကျိုက်ထီးရိုးက အထမ်းသမားကျနေတာပဲ ဘာညာပြောရင်လည်း ကိုယ့်ဘော်ဒီအကြောင်း ကိုယ်ကလက်ခံပြီးသား၊ အားသာချက် အားနည်းချက်ကိုလည်း သိနေပြီးသားမို့ သူတို့ဘာပြောပြော ဂရုမစိုက်တော့ဘူး။ အေးဆေးဖြစ်သွားတယ်” လို့ ပြောပြသွားပါတယ်။

ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ သွင်ပြင်ကို ဝေဖန်ခံရတဲ့သူအများစုဟာ ကြာလာတဲ့အခါ ဒါကိုစိန်ခေါ်မှု တစ်ရပ်အနေနဲ့လည်း တွေးတတ်လာကြပါတယ်။ အခြားသူတွေ ဝေဖန်ပြောဆိုသွားတာတွေကို အပေါ်ယံစိတ်ဆိုး၊ ဒေါသဖြစ်တာမျိုး မဟုတ်တော့ပဲ ကိုယ့်ကိုကိုယ် ဘယ်လိုချစ်တတ်ဖို့ ကြိုးစားသင့်သလဲ ဆိုတာကို နားလည်လာသလို ငါဒါကို ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်ရမလဲဆိုတာကိုပါ သိရှိသွားတာမျိုးပေါ့။

“လူတစ်ယောက်ဟာ ပိန်တာ ဝတာထက် အရေးကြီးတာက ကျန်းမာနေဖို့ပါ။ ဖြိုးကတော့ ဒီအချက်ကို အဓိကထားပြီး ကျန်းမာနေဖို့ ကြိုးစားနေထိုင်ပါတယ်။ ဝိတ်တက်လာဖို့ဆိုပြီး အတင်းမကြိုးစားပေမယ့် ကျန်းမာရေးအတွက်တော့ အမြဲဂရုတစိုက်ဆင်ခြင်နေထိုင်တယ်။ ပြီးတော့ ကိုယ်ကပိန်တယ်၊ ဟုတ်တယ် ဘာဖြစ်လဲ၊ ကိုယ့်ခန္ဓာကိုယ်ကို ချစ်နိုင်အောင် ကြိုးစားတယ်။ အမှန်တရားကိုလည်း ပိုလက်ခံတတ်လာတယ်။ တစ်ချိန်တည်းမှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်။ ဖြိုးကတော့ လူတွေပြောစကားတွေကို ခံစားမနေဘဲ ကိုယ့်ကိုကိုယ် ချစ်တတ်အောင် ကြိုးစားသင့်တယ်လို့ မြင်မိလာတယ်” လို့ ဖြိုးပပခိုင်က ဆိုပါတယ်။

ဒီအချက်ကို ရည်မွန်ကလည်း “ ငယ်ငယ်တုန်းကထက် အသက်အရွယ်ရလာလေလေ ပိုသိလာတာက ကိုယ့်ကိုကိုယ်မချစ်ရင် တန်ဖိုးမထားရင် ကိုယ်ချစ်စေချင် တန်ဖိုးထားစေချင်တဲ့သူကလည်း ဘယ်ထားတော့မလဲ။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ်ချစ်ဖို့က အရေးအကြီးဆုံးပါပဲ။ ကိုယ့်ကိုကိုယ် ချစ်နေတယ်ဆိုရင် ဘဝလေးက နေပျော်တယ်၊ အရာရာအဆင်ပြေတာပဲ။ တခြားလူတွေပြောစကားကို ဒေါသဖြစ်မနေဘဲ ကိုယ့်အတွက်ကိုယ်တွေးပြီး ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ လိုပါတယ်။ ခုဆို ရည်မွန်ကိုယ်တိုင်က ဝိတ်ချဖို့ စဉ်းစားနေတယ်ဆိုရင်တောင် သူများပြောလို့ သူများစလို့ ငါရအောင် လုပ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ ဘယ်တော့မှ မလုပ်ဘူး။ ကိုယ့်ကျန်းမာရေးအတွက်ပဲ ကိုယ်တွေးပြီး ချမယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ body shaming လုပ်လုပ် ကိုယ့်ဘဝကိုယ်ပိုင်တာမို့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ့်စိတ်ပျော်အောင်ပဲ နေပါတယ်”တဲ့။

လူတစ်ယောက်အတွက် အရေးအကြီးဆုံးအရာဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေဖို့နဲ့ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ပါပဲ။ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကျင်လည်နေရတဲ့သူတိုင်းအတွက်တော့ ကိုယ့်ကိုဝေဖန်ပြောဆိုတာ၊ ကိုယ့်အသွင်အပြင်ကို လှောင်ပြောင်ကဲ့ရဲ့တတ်တဲ့ လူ့အမှိုက်တွေနဲ့ တစ်ချိန်မဟုတ် တစ်ချိန်ဆုံရဦးမှာပါ။ ဒီလိုကြုံဆုံလာတဲ့အခါ သူတို့ပြောတဲ့အရာတွေကို လျစ်လျူရှုပစ်တတ်ဖို့ ကြိုးစားရပါလိမ့်မယ်။ မဟုတ်ရင် ကိုယ့်ရဲ့အကြည်ဓာတ်လေး ဆုံးရှုံးသွားနိုင်တာမို့ ပထမဆုံးအနေနဲ့ သူတို့ပြောလိုက်တဲ့စကားတွေကို စိတ်ထဲကအမြန်ဆုံးထုတ်ပစ်နိုင်ဖို့သာ ကြိုးစားပါ။

ဒုတိယအနေနဲ့ ပိန်တာဝတာပုတာရှည်တာထက် ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ဂရုတစိုက်ရှိနေဖို့လိုပါတယ်။ ကျန်းမာနေရင် ကိုယ်ဖြစ်ချင်တာတွေ ကြိုးစားပုံဖော်ခွင့်ရှိနေလို့ပါပဲ။

တတိယတစ်ချက်ကတော့ ကိုယ်ကဝတယ်ထင်ရင် ဝိတ်ချနိုင်ပါတယ်၊ ပိန်တယ်ထင်ရင် ပိုစားပါ၊ အားကစားလုပ်ပါ၊ စိတ်ဓာတ်မကျပါနဲ့။ ဘဝမှာ ဘာမှမလုပ်ရသေးပဲ စိတ်ဓာတ်ကျနေတာက လူညံံ့တွေအလုပ်ပါ။ ဒီတော့ ကိုယ့်ဘော်ဒီနဲ့ပတ်သက်ပြီး သဘောမကျဘူးဆိုရင် ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကို တွေးပြီး လုပ်ဆောင်သွားပါ။ ဒီအချက်က ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ပိုတိုးစေမယ့်အချက်ဖြစ်တာကြောင့် လုပ်ဆောင်သွားဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

အားလုံးအားလုံးထက် အရေးအကြီးဆုံးကတော့ ကျွန်မတို့အမျိုးသမီးတိုင်း ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ပါပဲ။ ကိုယ့်ကိုကိုယ် ချစ်တတ်သွားရင် ကျန်တဲ့အရာတွေက ဒီလောက်အရေးမကြီးဘူးဆိိုတာ နားလည်လာမှာဖြစ်သလို တခြားလူတွေရဲ့ ဝေဖန်မှုတွေကိုလည်း လျစ်လျူရှုတတ်သွားပါလိမ့်မယ်။ မဒီလေးတွေ တခြားသူတွေရဲ့ ဝေဖန်မှုတွေကို အာရုံမထားဘဲ ကိုယ့်ကိုကိုယ်ချစ်တတ်ကြပါစေ။

မေသော်


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က