ကိုယ့်ဝါသနာ၊ ကိုယ့်အိပ်မက်နောက်ကိုလိုက်မှ ဘဝဆိုတာ ပျော်ရွှင်ရမှာပါ။
Ei Ei Mar

ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုဦးစားပေးသင့်တယ်ဆိုတဲ့ ရွေးချယ်မှုဟာ တကယ်တော့ အပြည့်အဝမမှန်ကန်ပါဘူး။ ကိုယ်တကယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်ဝါသနာ၊ ကိုယ့်အိပ်မက်က ဘာလဲဆိုတာကို သေချာသိနိုင်မယ်ဆိုရင် လူတွေပြောတဲ့ ဖြစ်သင့်တယ်ဆိုတာမျိုးထက် ကိုယ်ဖြစ်ချင်တာကိုသာ တစ်စိုက်မတ်မတ် လုပ်သင့်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အကောင်အထည်ဖော်ဖို့ဆိုတာက ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကိုတော့ သိနေရပါလိမ့်မယ်။


အခုလိုပြောလိုက်လို့ ကိုယ်ဘာဖြစ်ချင်မှန်းတောင် ကိုယ်မသိဘူးဆိုတာ ဖြစ်နိုင်သလားလို့ ပြန်မေးခွန်းထုတ်ကြရင် ဖြင့် ယနေ့ခတ်လူငယ်တော်တော်များများဟာ ဒီပြသနာကို ရင်ဆိုင်နေကြရတဲ့အကြောင်းလေး ပထမဆုံး ပြောရပါလိမ့်မယ်။ လူငယ်တွေဟာ အတန်းပညာ၊ တက္ကသိုလ်က ဘွဲ့တစ်ခုရပြီဆိုပါစို့။ အဲဒီအချိန်မှာ ဘာအလုပ်လုပ်ရမယ်ဆိုတဲ့ အခြေအနေတွေ၊ တွေဝေမှုတွေ၊ ဆုံးဖြတ်ချက်မချနိုင်တာမျိုးတွေ အများကြီး ကြုံနေကြရပါတယ်။ အဲ့ဒီအချိန် သူများက ဒီဟာဆို လိုက်လုပ်၊ ဟိုဟာဆိုလိုက်လုပ်နဲ့ ရည်မှန်းချက် တိတိကျကျလည်း မရှိ၊ ကိုယ်တကယ်ဘာကို စိတ်ဝင်စားလို့စားမှန်းလည်း မသိ ဖြစ်နေရတဲ့အထဲ မိသားစု၊ ဘေးပတ်ဝန်းကျင်က ဒီဟာကို ရွေးသင့်တယ်၊ ဖြစ်သင့်တယ်ဆိုတဲ့ အတင်းအကျပ် တိုက်တွန်းမှု၊ ဝေဖန် ပြောဆိုမှုတွေအောက် မှားယွင်းစွာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ နိစ္စဓူ၀ ကိုယ်တကယ် ဝါသနာမပါ၊ ကိုယ် မလုပ်ချင်တဲ့ အရာတွေနဲ့ ဖြတ်သန်းနေရတဲ့သူတွေ အများကြီးပါ။

ဒါဟာ လူငယ်တွအတွက် အတော်ဝမ်းနည်းစရာကောင်းပါတယ်။ ကိုယ်စိတ်မပါ၊ ဝါသနာမပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုရသူတစ်ဦးဟာ သူ့အလုပ်အတွက် ရာခိုင်နှုန်းပြည့် အင်အားမစိုက်ထုတ်နိုင်သလို စိတ်ပါဝင်စားမှုမှာလည်း ဘယ်တော့မှ အပြည့်အဝမရှိနိုင်ပါဘူး။ သူကိုယ်တိုင်လည်း နေ့ရက်တိုင်းကို ပင်ပန်းကြီးစွာ ဖြတ်သန်းနေရပါလိမ့်မယ်။ ဒီအကြောင်းလေးကို ပိုစိတ်ဝင်စားစရာကောင်းအောင် ဟိုးငယ်ငယ် ကတည်းက Hip Hop တွေ နားထောင်ပြီး ရက်ပ်ပါဖြစ်ချင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောပြပေးချင်ပါတယ်။

အဲဒီကောင်မလေးနာမည်က Colette ပါ။ ရှင်မိုးအိမ်လို့လည်း ခေါ်ပါတယ်။ သူမ ၇တန်း၊ ၈တန်းလောက်ရောက်တော့ ရက်ပ်သီချင်းတွေ စရေးဖြစ်ပေမယ့် တီးလုံးသံကြားရင် ဆိုဖို့ထက် လိုက်ကမိနေခဲ့သူပါ။ သူ ၁၀တန်းရောက်တော့ အမေရိကန်စင်တာက ACMO ဆိုတဲ့ group ကသူငယ်ချင်းတွေနဲ့ စင်တာပွဲလေးတစ်ခုမှာ ဖျော်ဖြေဖြစ်ခဲ့ရာက သူမရဲ့ဝါသနာကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲဒါကတော့ သူမ dancer တစ်ယောက်ဖြစ်ချင်တယ်ဆိုတာပါပဲ။ သို့ပေမယ့် သူမဟာ ပညာရေး တစ်ပိုင်းတစ်စမဖြစ်အောင်လည်း ယူကေ Bradford တက္ကသိုလ်က Biomedical Sciences ဘွဲ့ ရတဲ့အထိ ဆက်လက်ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာ သူမအိပ်မက်တွေထဲက တစ်ခုဖြစ်တဲ့ အမိုက်စား dancer တစ်ယောက်ဖြစ်ဖို့စတင် ကြိုးစားပုံဖော်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ Coletteဟာ မြန်မာနိုင်ငံက မိန်းကလေးအကသမားတွေထဲ Freestyle မှာရော Choreography မှာပါ ဆုရဖူးတဲ့ တစ်ဦးတည်းသော အကသမား ဖြစ်လာခဲ့ပါပြီ။ သူမရရှိထားတဲ့ ဆုတွေကလည်း တကယ့်ကို မနည်းမနောပါ။

ဒီတော့ နိုင်ငံခြားမှာကျောင်းတက် ဘွဲ့ရခဲ့ပြီး ဘာလို့ဒီလို dancer တစ်ယောက်အဖြစ် ရပ်တည်သလဲဆိုတဲ့ မေးခွန်းက သူမအတွက် တရင်းတနှီးကိုရှိလှတဲ့ မေးခွန်းတစ်ခုဖြစ်လာပါပြီ။ သူမရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး လူတွေက အထူးအဆန်းဖြစ်ကြသလို မိသားစုကလည်း အစပိုင်းမှာ အားမပေးခဲ့ပါဘူး။

 “အဓိကကတော့ money vs passion ပေါ့၊ မိသားစုကလည်း အားမပေးတော့ စစချင်းတော်တော့်ကို ရုန်းကန်ရတာပေါ့နော်။ ရွေးချယ်တယ်လို့ သက်သက်လုပ်ယူစရာမလိုပဲ ကိုယ့်ကိုကိုယ်ကြည့်လိုက်တော့ ငါ dancer ပါလားဆိုပြီးတော့တောင် ဖြစ်နေပြီ။ စင်ကာပူမှာ ကျောင်းတက်ကတည်းက အဲ့ဒီမှာလည်း ကဖြစ်နေတယ်။ Colette အတွက်ကတော့ ကရတာလဲ အိပ်မက်ပဲ၊ ဓာတ်ခွဲခန်း ထဲမှာအလုုပ်လုပ်နေရတာလဲ အိပ်မက်ပဲ။ အိပ်မက်ကနှစ်ခုဆိုပေမယ့် ဒီ dancer ဘဝကို ပိုအလေးထားပြီး ပုံဖော်နေပါတယ်။ ”လို့ ဖွင့်ဟပါတယ်။

လောဘနည်းနည်းကြီးတဲ့သူမက အကသမားတစ်ယောက်ဆိုပေမယ့် ဓာတ်ခွဲခန်းထဲမှာလည်း အလုပ်တွေ ပျော်ပျော်ကြီး လုပ်ချင်နေသေးသူပါ။ အခွင့်ရရင် အဲ့ဒီလိုဘဝမျိုးလေးရအောင် ကြိုးစားဦးမှာပါတဲ့။ ဒီတော့ သူမကို ကြည့်ပြီး ဒီက လူငယ်တွေ ကြုံရတဲ့အခက်အခဲလေးတွေနဲ့ပတ်သက်ရင် ဘယ်လိုအမြင်ရှိတယ် ဆိုတာလေး မေးမြန်းချင်လာရော။

ဒါနဲ့ပတ်သက်ပြီး“ ဒီမှာက လူငယ်တော်တော်များများက စာတော်ရင် ဆရာဝန်လုပ်မယ် ဆိုတဲ့ mentalityနဲ့ကြီးပြင်းလာကြတယ်။ stable ဖြစ်မယ့်အလုပ်ကိုပဲ လုပ်ချင်ကြတယ်။ ရုပ်ဝါဒီ သမားတွေ လည်းများတယ်။ ဆယ်တန်းပြီးခါစကလေးတွေကအစ ဘားတွေ ကလပ်တွေသွားရင် မိုက်တယ်ထင်နေကြတဲ့ ခေတ်မှာ ကိုယ်လုပ်ချင်တဲ့အရာ ဘာလဲမသိတာ မဆန်းပါဘူး။ သူတို့ ဘာလုပ်ချင်လဲသိတဲ့ ကလေးတွေကလည်း ကိုယ်တွေဘာပြောပြော လုပ်ချင်တာကို ဖြစ်အောင်လုပ်ကြမှာပါ”တဲ့။

မြန်မာနိုင်ငံက လူငယ်တွေထဲမှာမှ မိန်းကလေးတွေ၊ အမျိုးသမီးတွေ တော်တော်များများ ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ လမ်းသစ်ဖောက်မယ်ဆိုရင် ဝိုင်းဝန်းပြစ်တင်ဝေဖန်ခံရတာပါ။ ဒါကို အားမလျှော့ဘဲ ကြိုးစားပြီး အောင်မြင်သွားမယ်ဆိုရင်တော့ အခြေအနေတစ်မျိုးဖြစ်သွားနိုင်ပေမယ့် အများစုကတော့ လူတွေရဲ့ အပြောအဆိုကို အနည်းနဲ့အများခံကို ခံရတာမျိုးပါ။ 

ဒါနဲ့ပတ်သက်ပြီး Colette က “မြန်မာနိုင်ငံမှာ အများစုက အကကို အနုပညာလို့ မခံစားတတ်ကြဘူး။ ဒီတော့ dancer ဆိုရင် အနုပညာရှင် စာရင်းသွင်း မခံရဘူး။ အဲဒီထဲမှာမှ မိန်းကလေးဖြစ်တော့ ပိုဆိုးတာပေါ့လေ။ dancer ဆိုနှိမ်ချင်တဲ့ သဘောလေးတွေလည်း ရှိတယ်။ ဘယ်လောက်ခေတ်မီ တိုးတက်လာတယ်ပြောပြော အခုထိဒါမျိုးတွေ ရှိနေသေးတာပဲ” လို့ ဆိုပါတယ်။

သူမရဲ့ရပ်တည်မှုနဲ့ ပတ်သက်ပြီး အခြားအခက်အခဲတွေ မေးကြည့်တော့ ဝင်ငွေပိုင်းပါတဲ့။ “ဝင်ငွေနည်း တယ်ဆိုတာကလည်း အကလောကက ကျဉ်းတဲ့အခါကျတော့ မလိမ့်တပတ်လုပ်တာတွေ ခံရတာမျိုး၊ နောက် အကပညာ၊ အကအကြောင်းကို နားမလည်ကြတော့ နီးစပ်ရာနီးစပ်ကြောင်းတွေကို စင်ပေါ်တင်ပေး လိုက်ကြတာမျိုး ကြုံခဲ့ရတယ်။ အဲ့ဒီလိုတွေ ဖြစ်သလိုလုပ်တော့ လူတွေက ဒီလောကကို ပိုအထင်သေး သွားကြတယ်၊ ဒီဒဏ်ကို ဒီနယ်ပယ်မှာ တကယ်ရုန်းနေရတဲ့လူတွေက ခံလိုက်ရတယ်။ ဒါပေမယ့် ဒီလို အခက်အခဲတွေကြုံရလို့ ကိုယ့်ရပ်တည်မှုကို နောင်တရလားဆိုရင်တော့ မရဘူး။ စိတ်ဓာတ်ကျတာမျိုးတော့ တစ်ခါတစ်လေ ရှိတာပေါ့” လို့ သူမက ဖွင့်ဟသွားပါတယ်။

RVC ( Revolution Crew) အကအဖွဲ့

Colette ဟာ အကပညာနဲ့ပတ်သက်ပြီး စင်ပေါ်မှာ ဖျော်ဖြေရတာထက် ထပ်ထပ်ပြီး သင်ကြားလေ့လာနေရတာ ပိုကြိုက်တဲ့သူပါ။ သူမကိုယ်တိုင်လည်း သင်တန်းတွေ ပေးနေပေမယ့် ဒီပညာအတွက် အသစ်အသစ်တွေကို ဘန်ကောက်၊ စင်ကာပူစတဲ့နိုင်ငံတွေမှာလည်း ထပ်မံဆည်းပူးဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် သူမရဲ့ မေဂျာစတိုင် ကတော့ Hip Hopဖြစ်တာကြောင့် အမျိုးသမီးအကသမားတွေထဲ ထူးခြားတဲ့သူလို့ ဆိုရမှာပါ။ သူမဟာ RVC ( Revolution Crew) အကအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တာကြောင့် အကပညာနဲ့ ပတ်သက်ပြီး မေးကြည့်မိတော့

“Dancerထဲမှာ freestyle နဲ့ choreography နှစ်မျိုးရှိပါတယ်။ Colette က choreography ကိုတော့ လေ့လာနေဆဲပေါ့၊ အကအမျိုးအစားတွေအကုန်ကြိုက်ပေမယ့် Hip Hop ကတော့ မေဂျာစတိုင်ပါ။ ခုနောက်ပိုင်းတော့ waacking၊ jazz နဲ့ funk style တွေ၊ ပိုပြီးမိန်းကလေးဆန်တဲ့စတိုင်မျိုးတွေလည်း လေ့လာနေပါတယ်။ RVC ဖြစ်လာတာကတော့ ကိုယ်စီအဖွဲ့တွေထက်စာရင် ခံယူချက်ချင်းတူတဲ့ လူငယ်တွေ ပေါင်းလိုက်တဲ့သဘောပါပဲ” တဲ့။

ဘေးကလူတွေ ဘယ်လိုပဲဝေဖန်ပါစေ ကိုယ်ဖောက်ချင်တဲ့လမ်း၊ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို မနားတမ်း ဆက်လျှောက်နေဖို့က လူတစ်ယောက်အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ့်ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်တဲ့အခါ နေ့ရက်တိုင်းဟာ စိတ်သွားတိုင်းကိုယ်ပါ တကယ့်ကို ပျော်စရာပေါ့။ စိတ်ဓာတ်ကျ အားငယ်ရရင်တောင် ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်နေရတာမို့ နောင်တတော့ကင်းပါလိမ့်မယ်။

“Coletteအတွက်တော့ ပိုက်ဆံတို့ ကျော်ကြားတာတွေက motivation မပေးပါဘူး။ ဒီအလုပ်က ကိုယ်လုပ်ချင်တဲ့အရာမို့ ကျော်ကြားမှုရှိရှိမရှိရှိ ဆက်ကနေမှာပါ။ ဘေးထိုင်ဘုပြောနေတဲ့ လူတွေကြောင့် အာရုံနောက်လာရရင် ပြောစရာရှိတာပြောပြီး ခေါင်းထဲကထုတ်လိုက်ပါတယ်။ ပြီးရင် လုပ်စရာရှိတာ ဆက်လုပ်တယ်။ ကိုယ်ပုံဖော်ချင်တဲ့ အိပ်မက်က အခုမှအစပဲရှိသေးတာမို့ ဒီအရာကိုပဲ အာရုံစိုက်ပါတယ်” လို့ သူမက ဖွင့်ဟသွားခဲ့ပါတယ်။

အမျိုးသမီးတွေအတွက်က ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကျောင်း၊ အလုပ်ခွင် စတဲ့ နေရာတိုင်းနီးပါးမှာ ကိုယ့်ရပ်တည်မှုအတွက် ပိုကြိုးစားကြရပါတယ်။ Colette လည်း ဒီလိုပဲ သူ့နေရက်တွေကို ကြိုးစားရုန်းကန်ခဲ့ရမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူရွေးထားတဲ့လမ်းက သူဖောက်ချင်တဲ့လမ်းက ဒီမှာပိုတောင်ရှားပါးတာကိုး။ ဒါပေမယ့် လမ်းသစ်ဖောက်မယ့်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ကလည်း အရေးပါတဲ့ အခန်းကဏ္ဍပါပဲ။ ယုံကြည်မှုရှိနေစေဖို့က ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ရွေးချယ်တဲ့လမ်း၊ ကိုယ့်ဆုံးဖြတ်ချက်တွေပေါ်လည်း အများကြီးမူတည်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ဘဝကို ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက် စိတ်ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းမလား၊ ဒါမှမဟုတ် ဖြစ်ချင်တာကို စိတ်ကြိုက်ပုံဖော်ထုဆစ်ရင်း လျှောက်လှမ်းမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပါပဲ။

မေသော်


က္က