loading...

loading...

loading...

မြန်မာနိုင်ငံမှာသာမက ကမ္ဘာအရပ်ရပ်မှာပါ အမျိုးသမီးတွေအကြမ်းဖက်ခံရမှုကို ကာကွယ်တားဆီးဖို့ ကြိုးစားနေကြပါတယ်။
Thin Nu Swe

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်မှုပေါင်းစုံရှိနေပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေဟာ ကိုယ်ရဲ့ အရင်းနှီးဆုံးသူတွေဆီက အများဆုံးကြိမ်တွေ့ခံစားနေကြရတာပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အမျိုးသမီးတွေကိုယ်တိုင်က ကိုယ်အကြမ်းဖက်ခံနေရပါလားဆိုတာကို မသိနားမလည်ဘဲ အကြမ်းဖက်ခံနေရတာမျိုးတွေရှိပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုပုံစံ ၆မျိုး ရှိပါတယ်။

-ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း

-စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း

-လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း

-ရိုးရာဓလေ့ထုံးစံအစဉ်အလာအရ အကြမ်းဖက်ခြင်း

-နည်းပညာနဲ့ စပ်ဆက်သော အကြမ်းဖက်ခြင်း

-စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း တို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရှိနေပါတယ်။

ကိုယ်နဲ့ နီးကပ်ထိတွေ့ခြင်းမရှိတဲ့ သူစိမ်းတရံတွေဆီက ကြုံတွေ့ရတဲ့ အကြမ်းဖက်မှုတွေထက် ကိုယ်နဲ့ အရင်းနှီးဆုံးသူတွေ အထူးသဖြင့် မိသားစုဝင်တွေရဲ့ အကြမ်းဖက်မှုတွေ (အိမ်တွင်းအကြမ်းဖက်မှု) က မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံးတွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ဘယ်လိုအကြမ်းဖက်မှုမျိုးကြုံတွေ့လာပါစေ…အမျိုးသမီးတွေအနေနဲ့ ကျိတ်မှိတ်ခံစားနေတာမျိုး မပြုမူဘဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ရင်ဆိုင်တုံ့ပြန်ဖို့ လိုအပ်ပါတယ်။

အမျိုးသမီးများအတွက် ဥပဒေ

တကယ်တော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ကာကွယ်ပေးတဲ့ ဥပဒေတွေအမြောက်အများရှိနေပါတယ်။

ညစ်ညမ်းစကားဆိုခြင်း ၊ ဆဲဆိုခြင်း - ပုဒ်မ ၂၉၄ ထောင်ဒဏ် ၃လ / ငွေဒဏ် (နှစ်ရပ်လုံး)

အပြင်းအထန်နာကျင်စေခြင်း       - ပုဒ်မ ၃၂၄ ထောင်ဒဏ် ၃နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း - ပုဒ်မ ၃၅၄ ထောင်ဒဏ် ၂ နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

မုဒိမ်းမှု                                 - ပုဒ်မ ၃၇၆ ထောင်ဒဏ် အမြင့်ဆုံး နှစ် ၂၀ / ထောင်ဒဏ်နှင့် ငွေဒဏ်

လက်နက်ကိရိယာဖြင့်နာကျင်စေမှု- ပုဒ်မ ၃၂၄ ထောင်ဒဏ် ၃ နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

လူခိုးမှု                                 - ပုဒ်မ ၃၆၃ ထောင်ဒဏ် ရနှစ် / ထောင်ဒဏ်နှင့် ငွေဒဏ်

ကာယိန္ဒြေထိခိုက်အောင်ပြုခြင်း  - ပုဒ်မ ၅၀၉ ထောင်ဒဏ် ၁နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

အသရေဖျက်ခြင်း                  - ပုဒ်မ ၅၀၀ ထောင်ဒဏ် ၂ နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

အတင်းအဓမ္မခိုးယူပေါင်းသင်းမှု - ပုဒ်မ ၃၆၆ ထောင်ဒဏ် ၁၀ နှစ် / ထောင်ဒဏ်နှင့် ငွေဒဏ်

ပြစ်မှုမကင်းသော ခြောက်လှန့်မှု - ပုဒ်မ ၅၀၆ ထောင်ဒဏ် ၂ နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

ကာမလိမ်လည်ခြင်း              - ပုဒ်မ ၄၁၇ ထောင်ဒဏ် ၃ နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

နာကျင်အောင်ကိုယ်ထိလက်ရောက်ပြုမူခြင်း - ပုဒ်မ ၃၂၃ ထောင်ဒဏ် တစ်နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

အတင်းအဓမ္မစေခိုင်းမှု          - ပုဒ်မ ၃၇၄ ထောင်ဒဏ် တစ်နှစ် / ငွေဒဏ် (နှစ်ရပ်လုံး)

ထုတ်ဖော်ပြောကြားဖို့ မကြောက်ရွံ့ကြပါနဲ့

ဒီလို ဥပဒေပေါင်းများစွာ ရှိနေပေမယ့်လည်း တိုင်ကြားသူ အမျိုးသမီးက နည်းပါးပြီး ကျိတ်မှိတ်ခံစားကြသူအမျိုးသမီးတွေသာ များပြားကြပါတယ်။ ခုလို အကြမ်းဖက်မှုတွေအပေါ် အမျိုးသမီးတွေ ဘာကြောင့် မတိုင်ကြားရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မမေစံပယ်ဖြူက Duwun ကို ခုလိုပြောပါတယ်။

“အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ မတိုင်ကြားနိုင်ရတဲ့ အကြောင်းရင်းမြောက်မြားစွာရှိပါတယ်။ အဲဒီထဲမှာ ပါဝင်တဲ့ Victim Blaming လို့ ခေါ်တဲ့ အကြမ်းဖက်ခံရတဲ့ မိန်းကလေးတွေကို အပြစ်တင်တာပါ။ အဲဒီအမျိုးသမီးက အသုံးမကျလို့ အဲဒီအမျိုးသမီးက အဝတ်အစား၊ အနေအထိုင်မတတ်လို့ ၊ အပြောအဆိုမတတ်လို့ ဆိုပြီး အကြမ်းဖက်မှုကို ကျူးလွန်တဲ့သူထက် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို အရင်ဦးဆုံး အပြစ်တင်တတ်ပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ သူတို့ ခံစားရတဲ့အရာတွေကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ဆိုရင် အကြမ်းဖက်ခံရသူတွေကို ဘာအကြောင်းနဲ့မှ အပြစ်မတင်ဖို့လိုပါတယ်။"

အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ကိစ္စတွေပပျောက်သွားဖို့အတွက် လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ၊ ကိုယ့်ရဲ့ နိုင်ငံမှာ အကြမ်းဖက်မှုတွေကို ပပျောက်စေချင်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်မကျူးလွန်ဖို့ လိုအပ်သလို ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာလည်း ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ လက်သင့်မခံဖို့ လိုအပ်ပါတယ်။

ကူညီပေးနေတဲ့ ရပ်ဝန်းတွေကို နားစွင့်ပါ

အမျိုးသမီးများ တန်းတူညီမျှမှုရရှိစေဖို့ ၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုမှ လွတ်မြောက်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အစိုးရအဖွဲ့အစည်းတွေ ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ မြောက်မြားစွာရှိပါတယ်။ ဒါပေမယ့် ကိုယ်က ထုတ်ဖော်ပြောကြားမှ ကူညီတဲ့သူတွေက ကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်က အကူအညီလိုအပ်နေပြီ ဒါမှမဟုတ် ကိုယ့်ဝန်းကျင်မှာ အကြမ်းဖက်မှုကို တွေ့ကြုံနေရပြီဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီမှာ ရဲရဲဝံ့ဝံ့ ပြောကြားအကူအညီတောင်းဖို့လိုအပ်ပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကိစ္စတွေအတွက် တရားမျှတမှုရရှိစေဖို့ အခကြေးငွေမယူဘဲ ကူညီဆောင်ရွက်ပေးနေတဲ့ Legal Clinic Myanmar က တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကလည်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘယ်လိုဆောင်ရွက် တုံ့ပြန်သင့်သလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

“အမျိုးသမီးတွေအနေနဲ့လည်း ဒီလိုကိစ္စတွေသည် ငါ့ကို အကြမ်းဖက်နေတာပါလားဆိုတာကို ပထမဆုံး သိဖို့လိုတယ်။ ဒုတိယအချက်က အကြမ်းဖက်မှုကို ကာကွယ်ထားတဲ့ ဥပဒေတွေ ၊ အမျိုးသမီးတွေအပေါ် ကာကွယ်ပေးထားတဲ့ ဥပဒေတွေက ဘာတွေလဲဆိုတာကို သိထားဖို့လိုတယ်။ အကြမ်းဖက်ခံရပြီဆိုရင်လည်း ဘယ်နေရာတွေက အကြမ်းဖက်မှုကို ကာကွယ်ပြီးတော့ တရားမျှတမှုရှိအောင် လုပ်ပေးနေတဲ့ နေရာတွေလဲဆိုတာကို သိထားဖို့လိုတယ်။ နောက်တစ်ချက်က အကြမ်းဖက်ခံလာရပြီဆိုရင်လည်း သတ္တိရှိရှိ Response လုပ်ဖို့လိုတယ်။ အကြမ်းဖက်မှုကို လက်မခံတဲ့ အပြုအမူ ၊ အမြင် ၊ အကြည့်အားဖြင့် လက်မခံတဲ့ ပုံစံပြောလို့ရတယ်၊ နှုတ်နဲ့ ပြောလို့ရတယ်။ အကြမ်းဖက်ခံရမှုတွေကိုလည်း ထုတ်ဖော်ပြောကြားဖို့ တိုက်တွန်းချင်ပါတယ်။”

လုံးဝမကြောက်ရွံ့ပါနဲ့

အကြမ်းဖက်ခံရသူတွေရဲ့ အားနည်းချက်ကတော့ ကိုယ်အကြမ်းဖက်ခံရတာကို ပြောဖို့ ကြောက်ရွံ့တတ်ကြပါတယ်။ အဲဒါကတော့ အကြမ်းဖက်သူကို ပြစ်တင်ရမယ့်အစား အကြမ်းဖက်ခံရသူကိုသာ ဝိုင်းဝန်းပြစ်တင်ရှုံ့ချတတ်ကြတဲ့ လူတွေကြောင့် ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့သွားတတ်ကြပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်ခံရသူအမျိုးသမီးကလည်း ကြောက်ရွံ့ခြင်းကို ဘေးဖယ်ပြီး ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သလို လူမှုဝန်းကျင်ကလည်း အကြမ်းဖက်ခံရသူကို ပြစ်တင်ရှုံ့ချမယ့်အစား အကြမ်းဖက်မှုကို လုံးဝလက်မခံတဲ့ အသိုင်းအဝိုင်းဖြစ်အောင် ကူညီဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

ကမ္ဘာနဲ့အဝန်းဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး



ခုဆိုရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကမ္ဘာနဲ့ အဝန်း အသိပညာပေးမှုတွေ ၊ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁ဝရက်နေ့အထိကို အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ ကမ္ဘာနေရာအနှံ့အပြားမှာ ပြုလုပ်ကျင်းပနေသလို နိုဝင်ဘာလ ၂၅ ရက်နေ့ကိုလည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ထာဝရဖဲကြိုးဖြူ ဆိုတဲ့ နာမည်နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးပေးတဲ့ လှုပ်ရှားမှုတွေ ၊ အသိပညာပေးမှုတွေကို ပြုလုပ်နေပါတယ်။

ဒါ့ကြောင့် ငြိမ်းချမ်းပြီး နေပျော်စရာ နိုင်ငံတစ်ခုဖြစ်ပေါ်လာစေဖို့အတွက် လူတိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မပြုလုပ်ဖို့ နဲ့ အမျိုးသမီးများအကြမ်းဖက်ခံရမှုအပေါ် လုံးဝလက်သင့်မခံတဲ့သူတွေဖြစ်ဖို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။




loading...

က္က