In partnership with  logo
လူတစ်ယောက်ချင်းစီတိုင်းမှာ လူရှေ့ ထွက်စကားပြောရတာမျိုး တစ်ကြိမ်မက ကြုံတွေ့လာရနိုင်ပါတယ်။

အောင်မြင်သူတစ်ယောက်ဖြစ်ချင်ရင် လူရှေ့ထွက် စကားမပြောရဲသူ ဖြစ်လို့တော့မရပါဘူး။ အောင်မြင်လာတာနဲ့အမျှ လူတွေရဲ့ ရှေ့ကိုထွက်ပြီး စကားပြောရတဲ့အချိန်ဆိုတာ ရှိလာမှာပါပဲ။ ဒီတော့ လူတိုင်းလိုလိုကြုံတွေ့လာရနိုင်တဲ့ ဒီလိုအဖြစ်အပျက်မျိုးအတွက် ဘယ်လိုပြုမူရင်ဆိုင်ရမလဲဆိုတာ သိထားရင် အကောင်းဆုံးပါပဲ။ လူရှေ့ထွက် စကားပြောရမှာ ကြောက်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

မဖြစ်မနေ ကြုံလာရမယ့်အခြေအနေ

လူတစ်ယောက် အောင်မြင်လာတာနဲ့ အမျှ သက်ဆိုင်ရာ နယ်ပယ်တိုင်းမှာ လူရှေ့ထွက် ပြောရတဲ့သူ ဖြစ်လာတာပါပဲ။ အသေးစားစီးပွားရေး လုပ်တဲ့သူတွေတောင် အနည်းငယ် အောင်မြင်လာပြီဆိုရင် လူရှေ့ထွက် စကားပြောရမယ့် အခြေအနေမျိုးက ကြုံကို ကြုံရပါတယ်။ ဒီတော့ လူရှေ့ထွက် စကားပြောရမှာ ကြောက်တယ် ၊ ရှက်တယ်ဆိုတဲ့ သူတွေအတွက် လူရှေ့ထွက် စကားပြောဖို့ နည်းလမ်းလေးတွေ မျှပေးချင်ပါတယ်။

ကိုယ်ပြောမယ့် အကြောင်းအရာကို အရင်ဆုံးသိအောင်ကြိုးစားပါ

ကိုယ်ပြောမယ့် အကြောင်းအရာက ဘာလဲဆိုတာ ပထမဆုံး အရေးကြီးတဲ့ အချက်ပါပဲ။ ကိုယ်ပြောမယ့်အကြောင်းအရာအတွက် ကိုယ်အရင်ဆုံး သေချာနားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ သေချာအသေးစိတ် မသိရင်တောင် research လုပ်ထားရပါမယ်။

စလယ်ဆုံး ဘယ်နေရာ ဘာအကြောင်းဆိုတာကို စီထားပါ။

တစ်ပိုင်းနဲ့ တစ်ပိုင်း ဘယ်နားဘယ်လိုချိတ်ဆက်မယ်ဆိုတာ ကောင်းစွာ သိထားပါစေ။ မိန်းပွိုင့်က ဘာလဲဆိုတာ ကိုယ့်ဘာသာ သိထားရပါမယ်။ မိတ်ဆက်မှာ ကိုယ်က ဘယ်သူ ဘယ်က ဆိုတာကို မိတ်ဆက်ပြီးတော့ ကိုယ်ပြောချင်တဲ့အကြောင်းအရာဟာ ဘာဆိုတာ အရင် ပြောပြထားဖို့ လိုပါတယ်။ အလယ်ပိုင်းမှာတော့ ဆွေးနွေးချင်တဲ့အကြောင်းအရာ ပြောပြလိုတဲ့ အကြောင်းအရာတွေကို အသေးစိတ် ပြောရမှာ ဖြစ်ပါတယ်။ ဒါကတော့ အဓိကအချိန်ကို ရောက်နေပါပြီ။ အဆုံးမှာတော့ ပြောနေသမျှ စကားလုံးတွေရဲ့ အချုပ်ကို ပြောဖို့လိုပါတယ်။ ချော်ထွက်သွားလို့မရပါဘူး။

ကိုယ်ကျွမ်းကျင်တာကို ပြောပါ

လပေါင်းများစွာ ကိုယ် ကျင်လည်ကြိုးစားခဲ့ရတဲ့ ကိုယ့်အလုပ်အကြောင်းကို ပြောတာက ကိုယ့်အတွက် အလွယ်ကူဆုံးပါပဲ။ ကိုယ်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဘဝမို့ ပိုပြီးတော့ စကားပြောရာမှာ ထိရောက်ပါတယ်။

-ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲက အကောင်းဆုံးရလာဒ်တွေကို ရေးချထားပါ

-ပြောရာမှာလည်း သဘာဝကျတဲ့ စကားလုံးတွေ ရွေးချယ်ပါ( စကားလုံးအကြီးကြီးတွေ ပြောနေတာထက် လူတိုင်းနဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် စကားလုံးတွေက ပိုထိရောက်ပါတယ်)

- လူတွေကို ကိုယ့်ပြောစကားတွေထဲကနေ မေးခွန်းထုတ်ပြီး မေးပါ။

-ပရိသတ်တွေကိုလည်း ကိုယ့်စကားထဲမှာ ပါဝင်အောင် လုပ်ပါ။

-သဘောပေါက်လွယ်မယ့် စကားလုံးတွေပဲ ပြောပါ။

 အလေ့အကျင့် ပြုလုပ်ပါ။

ပွဲမဝင်ခင် အပြင်က ကျင်းပရပါမယ်။ အလေ့အကျင့်မရှိသေးသူအဖို့ အလေ့အကျင့်ရှိအောင် အိမ်မှာ လေ့ကျင့်ပါ။ မှန်ရှေ့မှာ လေ့ကျင့်ပါ။ ရင်းနှီးတဲ့ မိတ်ဆွေတွေ ၊ မိသားစုတွေရှေ့မှာ လေ့ကျင့်ပါ။ သေချာ မလေ့လာဘဲ သေချာ မလေ့ကျင့်ဘဲတော့ မရနိုင်ပါဘူး

အရေးကြီးတဲ့ အသံအနေအထား

Speaker တစ်ယောက်ဖြစ်ဖို့အတွက် အသံအနေအထားကလည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အသံအနေအထားကို ကိုယ် ပြန်နားထောင်ပြီး စိစစ်ပါ။ စကားအရမ်းမြန်နေရင် ပရိသတ်ကို မဖမ်းစားနိုင်ပါဘူး။ ပျင်းရိပျင်းတွဲ ပြောတာမျိုးမဟုတ်ပါဘူး။ အရပ်အနား အထားအသို မှန်မှန်နဲ့ ပြောဆိုတာမျိုးကို ဆိုလိုတာပါ။ စကားဆက်တွေ လျှော့ပါ။ အန် အန် စတာတွေ အပြောများတာ ၊ ပေါ့နော် ၊ ဒါကတော့ အဲဒီ စကားလုံးတွေက ပရိသတ်ကို အာရုံလျော့သွားစေပါတယ်။ အဖြတ်အတောက် မှန်မှန် ဖြတ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အဖြတ်အတောက်အလိုက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကလည်း မြင့်တက်နေမှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ပြောမယ် ဘယ်အချိန်မှာ ရပ်မယ် ကိုယ်ကိုယ်တိုင် သေချာသိနေပါစေ။ တကယ့်အရေးကြီးဆုံးနေရာရောက်မှ စကားပြောရပ်ပါ။ အဆုံးသတ်မှာ ကျေးဇူးတင်ကြောင်းပြောပါ။ ဒါက ကိုယ့်ရဲ့ နွေးထွေးမှုကို ပြသတာပါပဲ။

ခံစားချက်ပါတဲ့ စကားသံ

ခံစားချက်ထည့်ပြီး ဖြည်းဖြည်းပြောပါ။ ခံစားချက်ပါပါပြောရမယ်ဆိုပေမယ့် ကိုယ့်ခံစားချက်ကိုယ်တော့ ထိန်းသိမ်းနိုင်ရပါမယ်၊ ခံစားချက် အရမ်းများနေတာမျိုး ၊ မျက်ရည်ကျတာမျိုး ၊ အော်ငိုတာမျိုးမဖြစ်အောင်တော့ ထိန်းသိမ်းရပါမယ်။ ခံစားချက်ပါတဲ့ မျက်နှာမျိုးကသာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ အသံကာလာ နဲ့ စကားလုံးနဲ့ ကိုယ့်ရဲ့ မျက်နှာက သဘာဝကျကျ ကိုက်ညီမှုတော့ရှိရပါမယ်။ ဒါမှသာ ကြည့်ရှုသူရဲ့ စိတ်ထဲမှာ ကိုယ်ပြောသမျှကို စွဲပြီး နားလည် သဘောပေါက်သွားမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ဘာသာစကားကိုလည်း အသုံးပြုပါ

ကိုယ်ခန္ဓာ လှုပ်ရှားမှုဟာလည်း အရေးပါတဲ့ အချက်တစ်ချက်ပါပဲ ။ လှုပ်ရှားမှုက အရမ်းကြီးများနေရင်တော့ နားထောင်နေသူတွေအဖို့ မျက်စိရှုပ်စရာပါပဲ။ ဒီတော့ အရမ်းကြီးလည်း မျက်စိမရှုပ်အောင် ကိုယ့်ရဲ့ လှုပ်ရှားမှုကလည်း နားထောင်သူရှင်းရှင်းလင်းလင်း နားလည်လွယ်အောင် မျှပြီး သုံးပေးဖို့တော့ လိုပါတယ်။ ကိုယ်ပြောတဲ့ အကြောင်းအရာ တစ်ခုနဲ့ တစ်ခု topic ပြောင်းတဲ့အချိန်မှာလည်း စကားလမ်းကြောင်းပြောင်းတော့မှာ ဖြစ်တဲ့အကြောင်း အရိပ်အမြွက်တော့ ပြောထားပေးရပါမယ်။

မျက်လုံးချင်း ဆက်သွယ်ပါ

စကားပြောနေချိန်မှာလည်း နားထောင်နေသူအားလုံးကို ကြည့်နေတာမျိုးဖြစ်ရမှာပါ။ မျက်လုံးချင်းဆက်သွယ် ရင်းနှီးမှုရလေလေ ၊ ပိုစိတ်ဝင်စားလေလေပါပဲ။ လူအများကြီးမှာ တစ်ယောက်ချင်းစီတိုင်းနဲ့ မျက်လုံးချင်းဆိုင်ကြည့်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူစုံကို ဘေးဘယ်ညာအကုန် မျက်လုံး Scan ဖတ်နေဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်လည်း ပရိသတ်နောက်က နံရံကို ကြည့်တာမျိုးလုပ်လို့ရပါတယ်။ တစ်နေရာတည်းကိုတော့ အကြာကြီး စိုက်ကြည့်မနေသင့်ပါဘူး။ တစ်နေရာကနေ တစ်နေရာဆီ ဖြေးညင်းစွာ ရွေ့ပြောင်းကြည့်ပေးရပါမယ်။

နှလုံးသားနဲ့ ပြောပါ

ကိုယ့်အတွက် အရေးကြီးတယ်လို့ ယူဆတဲ့ အရာတွေကိုမှ ပြောပါ။ ကိုယ့်အတွက်တောင် အရေးမကြီးတဲ့အရာတွေပြောနေရင်တော့ သေချာပါတယ်... ပြောတဲ့ စကားတွေဟာ ပျင်းစရာကောင်းနေမှာပါပဲ။ ကိုယ်တကယ်ခံစားရပြီး ကိုယ်တကယ် အကျွမ်းတဝင် ရှိတဲ့ အရာတွေကိုပြောတာ အကောင်းဆုံးပါပဲ။ ဒါမှလည်း နားထောင်သူတွေက စိတ်ဝင်တစားရှိမှာပါ။

ဒါတွေကတော့ လူရှေ့ထွက်စကားပြောတော့မယ်ဆိုရင် လိုအပ်တဲ့ အရာတွေပဲဖြစ်ပါတယ်။ အကြောင်းအရာတွေ သိနေရုံနဲ့တော့ မရပါဘူး။ သေချာလေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။

Share

Loading Next Article...
က္က