In partnership with  logo
နေ့စဉ် အချိန်ကုန်နေတဲ့ လုပ်ငန်းခွင်ဟာ ပျော်ရွှင်စရာရှိနေဖို့လိုအပ်ပါတယ်။

ဒီဘက်ခေတ်ကြီးမှာ ပျော်ရွှင်မှုကို အချိန်သက်သက်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ များစွာသော အလုပ်တွေ ၊ ဖိအားတွေ ၊ ပြိုင်ဆိုင်လိုမှုတွေ ကြားမှာ ပျော်ရွှင်မှုဆိုတာကြီးကို လုပ်နေဖို့ အချိန်မရတော့ပါဘူး။ ဒီတော့ မဒီလေးတွေအနေနဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို လုပ်ငန်းခွင်အတွင်းမှာပဲ ရှာကြရတော့မှာပါ။ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုအပျော်ရှာကြမလဲ။



ဝါသနာပါရာကိုသာ လုပ်ပါ

အရင်ဆုံး လုပ်ငန်းခွင်ထဲ အပျော်မရှာခင် လုပ်ငန်းခွင်ထဲ ကိုယ်က ပျော်ရွှင်နေဖို့ လိုပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ဖို့ဆိုတာကလည်း ကိုယ်လုပ်နေတဲ့ အလုပ်ကို ပျော်ဦးမှပါ။ အလုပ်ကိုပျော်ဖို့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ် ဝါသနာပါတဲ့အလုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ငွေကြေးတွေ ၊ အောင်မြင်မှုတွေ နောက်ထားပြီး ကိုယ့်ရဲ့ အလုပ်ကို ရွေးချယ်တဲ့နေရာမှာ ဝါသနာပါတာကိုသာ ရွေးချယ်လုပ်ကိုင်ကြစေချင်ပါတယ်။

စေတနာထားပါ

ကိုယ့်အလုပ်ကို ကိုယ်က အောင်မြင်အောင် ၊ ရလဒ်ကောင်းတွေရအောင် စေတနာထားဖို့လိုပါတယ်။ အလုပ်ကို ပြီးပြီးရော မလုပ်ဘဲ စေတနာလေး ထည့်လုပ်မှသာ အလုပ်တစ်ခုက အောင်မြင်မှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ် အောင်မြင်လာလေလေ ကိုယ်က အလုပ်မှာ ပျော်ရွှင်လာလေလေပါပဲ။

လုပ်ဖော်ကိုင်ဖက်တွေကို ချစ်ခင်လေးစားပါ

ဘယ်သူက ဘယ်လိုဆိုပြီး လိုက်ကြည့်နေဖို့ ၊ ဘယ်သူ့ကိုတော့ဖြင့် မနာလိုနေဖို့ ၊ ဘယ်သူ့ရဲ့ အားနည်းချက်ကို ဘယ်လို အာပေါင်အာရင်းသန်သန် ပြောနေဖို့ ဘယ်တော့မှ စိတ်မကူးပါနဲ့ ။ အဲဒီလိုတွေ လုပ်နေပြီဆိုတာနဲ့ ကိုယ့်ရဲ့ လုပ်ငန်းခွင်အပေါ် အာရုံစိုက်မှုတွေ လျော့သွားပါလိမ့်မယ်။ ဘယ်သူ ဘယ်လိုဖြစ်ဖြစ် ကိုယ့်အလုပ်ထက်အရေးမကြီးပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ်က လေးစားမှ ကိုယ့်ကိုလည်း လေးစားကြမှာပါ။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူပျော်ရွှင်စရာဖန်တီးပါ

လုပ်ငန်းခွင်အရ တလေးတစား ဆက်ဆံသလို တစ်ဖက်ကလည်း ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာလေးတွေ ဖန်တီးပါ။ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ရဲ့ ငယ်ပေါင်းကြီးဖော်တွေလို တွေးပြီး သူတို့နဲ့အတူ ပျော်စရာလေးတွေ ဖန်တီးတာ ၊ ရယ်စရာလေးတွေ မျှဝေတာမျိုးလုပ်ပါ။ အဲဒီအချိန်လေးတွေမှာ ပေါ့ပါးတဲ့ စိတ်ခံစားမှုက အလုပ်ရဲ့ဖိစီးမှုတွေကို သက်သာစေပါတယ်။

Crush ထားပါ



ရုံးမှာ ကြည့်ပျော်ရှူပျော် Crush လေးတစ်ယောက်ထားလိုက်ပါ။ အရမ်းကြီးတော့ Serious ထားခိုင်းတာမျိုးမဟုတ်ပါဘူး။ Crush လေးရှိနေတဲ့အခါကျတော့ အလုပ်မလာချင်ရင်တော့မှ သူ့ကြောင့် Motivation ယူလို့ရပါသေးတယ်။ အလုပ်အရမ်းများလို့ စိတ်ရှုပ်ချိန်မှာ Crush လေးကို လှမ်းငေးပြီး ခဏအပန်းဖြေလို့ရပါတယ်။ တစ်ခုရှိတာက မချစ်မိဖို့တော့လိုပါတယ်။ Crush အဆင့်မှာပဲ ထားပါ။

နေ့တိုင်း မိုးလင်းမိုးချုပ် အလုပ်မှာ အချိန်ကုန်နေရတဲ့အတွက် လုပ်ငန်းခွင်မှာ ပျော်နေကြဖို့ လိုပါတယ်။ ကိုယ် ပျော်မနေဘူး။ အရမ်းစိတ်ဓာတ်ကျနေတယ်ဆိုရင် အထက်က အချက်လေးတွေ လုပ်ကြည့်ပါ။ အဲဒီလိုမှ မရဘူးဆိုရင်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုဆီကို လှမ်းဖို့အတွက် အသင့်ပြင်ထားဖို့ အဆင်သင့်ဖြစ်နေအာင် ကိုယ့်ဘက်က လိုအပ်တာတွေ စုဆောင်းဖြည့်ဆည်းထားပါလို့ အကြံပေးချင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က