In partnership with  logo
လုပ်ငန်းခွင်မှာ တိတိကျကျလိုက်နာသင့်တဲ့ ၊ လုံးဝ မလုပ်သင့်တဲ့ အပြုအမူတွေရှိပါတယ်။

လုပ်ငန်းခွင်ဆိုတာက လူတိုင်းရှောင်လွှဲလို့ရတဲ့ အရာမျိုးတော့မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ လုပ်ရင်းကိုင်ရင်း လွဲမှားတတ်တာလေးတွေ ရှိတတ်ကြပါတယ်။ အမှားဆိုတာကတော့ လူတိုင်းကျူးလွန်တတ်ကြပါတယ်။ အမှားကျူးလွန်တာက ပြဿနာကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး။အမှားတွေကတဆင့် အမှန်ဖြစ်အောင် လုပ်ကြရတာပါပဲ။



ဒါပေမယ့် အလုပ်မှာ ဘယ်တော့မှမလုပ်သင့်အရာတွေတော့ ရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြား ၊ စီနီယာတွေအပေါ် နဲ့ ကိုယ့်လုပ်ငန်းခွင်မှာ လုံးဝမလုပ်သင့်တဲ့ အရာတွေက ဘာတွေလဲဆိုတာကြည့်ကြရအောင်ပါ။

သူဌေးမသိစေချင်တဲ့အကြောင်းအရာတွေ ကွန်ပျူတာမှာမထားပါနဲ့

ဘယ်သူဌေးကမှတော့ ပါစင်နယ်အီးမေးလ်တွေကို ယူစစ်ရတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်အကြောင်းအရာကိစ္စမှ စိတ်ချလက်ချ ကွန်ပျူတာမှာ ထည့်သိမ်းထားလို့ရတယ်လို့တော့ မဆိုလိုပါဘူး။ ရုံးပိုင်ကွန်ပျူတာကို ကိုယ့်ရဲ့ ပါစင်နယ်အချက်အလက်တွေ တရားလွန်အသုံးပြုတာမျိုး လုပ်လို့မရပါဘူး။ သိထားဖို့က IT Department ဟာ ကွန်ပျူတာတိုင်းရဲ့ အချက်အလက်တွေကို ကြည့်လို့ရတယ်ဆိုတာပါပဲ။ အိမ်ကို ကွန်ပျူတာယူပြီး အလုပ်လုပ်ရင်တောင်မှ ကွန်ပျူတာတွင်းအချက်အလက်တွေကို ကြည့်လို့ရပါတယ်။ ဒါကြောင့် ကွန်ပျူတာတွင်းမှာ ကိုယ့်ရဲ့ ပါစင်နယ်အကြောင်းအရာအချက်အလက်တွေကို ထည့်သွင်းထားတာမျိုးရှောင်ပါ။

Photo:Khin Zarchi Theint

မညည်းညူပါနဲ့

အိမ်မှာ ၊ မိသားစုတွေကြားမှာ ၊ သူငယ်ချင်းတွေကြားမှာ ကြိုက်သလောက် ညည်းညူပါ။ ရုံးမှာတော့ လုံးဝမညည်းမိပါစေနဲ့။ မညည်းနဲ့ဆိုတာက ပြဿနာတွေအကြောင်း မတင်ပြနဲ့လို့ ပြောတာမဟုတ်ပါဘူး။ ပြဿနာရှိခဲ့တယ်ဆိုရင်လည်း ပြဿနာရဲ့ အကြောင်းအရင်းနဲ့ အတူ ကိုယ်ဘယ်လိုဖြေရှင်းနိုင်မယ် ဘယ်လိုအကူအညီတွေ လိုအပ်မယ်ဆိုတာမျိုး တင်ပြပေးရမှာပါ။ မလုပ်နိုင်ဘူး ၊ အရမ်းပင်ပန်းတယ် စတဲ့ ညည်းညူမှုတွေက ကိုယ့်ကို အားလုံးရဲ့ အမြင်မှာ အထင်သေးသွားစေနိုင်ပါတယ်။ ညည်းညူတယ်ဆိုတာ ကိုယ့်ကို လူတွေကြားမှာ မရင့်ကျက်တဲ့လူ ၊ ကလေးဆန်တဲ့လူအဖြစ် မြင်သွားစေပါတယ်။

Photo:Khin Sandi Bo

အတွင်းရေးတွေ အသေးစိတ်လိုက်မပြောပါနဲ့

လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေဖြစ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အိမ်တွင်းရေးတွေ ၊ အချစ်ရေးတွေ ၊ အပူအပင်တွေ ၊ ကျန်းမာရေးပြဿနာတွေအကြောင်းကို သူတို့ သိဖို့ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ ပါစင်နယ်အကြောင်းအရာတွေကို သူတို့ကို လိုက်ပြောနေဖို့ မလိုအပ်ပါဘူး။ ရင်ဖွင့်လို့ရပေမယ့် အသေးစိတ်အကြောင်းအရာတွေကို လိုက်ပြောပြနေတာမျိုးက ကြားရသူအတွက်ရော သူတို့ရဲ့ လုပ်ငန်းချိန်တွေကောအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။

သတိပေးချက်တွေကို အလေးထားပါ

သူဌေး (သို့) ကိုယ့်အထက်လူကြီးက အလုပ်ချိန်မှန်အောင် လာဖို့ပြောနေတယ်ဆိုရင် ပြောတဲ့အတိုင်း လိုက်လုပ်ဖို့တော့ လိုပါတယ်။ ဒီတာဝန်ဟာ အရေးကြီးတယ်လို့ ပြောနေရင် တခြားအရာတွေပေါ် ဦးစားပေးတာမျိုးမဖြစ်သင့်ပါဘူး။ သတိပေးချက်တွေကို တကယ်လေးစားလိုက်နာဖို့လိုပါတယ်။ သတိပေးထားရဲ့သားနဲ့ လျစ်လျူရှူလိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။


အမြဲတမ်းခေါင်းညိတ်နေတာလည်း လွဲမှားတဲ့ အပြုအမူပါ

ကိုယ်တွေက စက်ရုပ်မဟုတ်ပါဘူး။ ဗဟုသုတတွေ ၊ ကျွမ်းကျင်မှုတွေ ၊ အရည်အချင်းတွေ နဲ့ အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ကြတဲ့ လူသားတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ပြောကြားတတ်ဖို့ လိုအပ်ပါတယ်။ သူဌေး (သို့) အထက်လူကြီးပြောသမျှ စကားတွေ ၊ နည်းလမ်းတွေကလည်း အမြဲတမ်းမမှန်နိုင်ပါဘူး။ ကိုယ်က သူ့ရဲ့ စကားအတိုင်းမဟုတ်ဘဲ ဘယ်လိုကောင်းမွန်အောင် လုပ်နိုင်တာကိုလည်း ပြသပေးဖို့ လိုအပ်ပါတယ်။ 

အရက်သောက်သုံးနေတာမျိုးရှောင်ပါ

ဘယ်အလုပ်ကမှတော့ အရက်သေစာသောက်စားနေတာမျိုး ခွင့်ပြုမှာ မဟုတ်ပါဘူး။ မူးယစ်ဆေးသုံးတာမျိုးတွေ ၊ အရက်သောက်တာတွေ က လုပ်ငန်းခွင်အတွက်လည်း အဆင်မပြေသလို လုပ်ငန်းပိုင်းတွေမှာလည်း အနှောင့်အယှက်ဖြစ်ပြီး ခရီးမတွင်တဲ့အပြင် ဆိုးဝါးတဲ့ ရလဒ်တွေပါ ထွက်လာနိုင်ပါတယ်။ အရက်သောက်ရင် ၊ မူးယစ်ဆေးဝါးအသုံးပြုရင် အလုပ်ကနေထုတ်ပယ်ခံရတဲ့အထိ ပြစ်ဒဏ်ခံရမှာပါ။

အကျင့်စာရိတ္တကို အမြဲဆန်းစစ်နေဖို့လိုပါမယ်

စကားတွေ လိမ်ပြောတာ ၊ တစ်ခုခု ကလိမ်ကျတာတွေက လုပ်ငန်းခွင်မှာ လုံးဝမရှိသင့်တဲ့အရာပါ။ အကျင့်စာရိတ္တပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဥပဒေတွေဘာတွေနဲ့ မစဉ်းစားရင်တောင် လုပ်ငန်းခွင်ဝန်းကျင်မှာ ကိုယ်ဟာ အထင်သေးစရာကောင်းတဲ့လူတစ်ယောက်ဖြစ်နေပါပြီ။

ရောဂါပိုးမဖြန့်ပါနဲ့

အခုမိုးရာသီချိန်က အဆိုးဝါးဆုံးချိန်ပါပဲ။ လူတိုင်းလိုလိုကို ဖျားနာနေကြပါတယ်။ ရောဂါပိုးတွေကလည်း ပြန့်လွယ်ပြီး တစ်ဦးနဲ့ တစ်ဦး ကူးစက်တာမြန်ဆန်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်နေမကောင်းဖြစ်နေတာ ၊ ဖျားနာနေတာ ၊ မျက်စိနာနေတာ စတဲ့ ကူးစက်လွယ်တဲ့ ရောဂါတွေဖြစ်နေပြီဆိုရင် အိမ်မှာ နားနေတာက အကောင်းဆုံးပါပဲ။


ဒါသတကြီးမတုံ့ပြန်ပါနဲ့


အလုပ်တိုင်းကတော့ ပင်ပန်းပြီး လုပ်ငန်းခွင် ဖိအားတွေက ကြုံတွေ့ရစမြဲပါပဲ။ ဒါပေမယ့် အလုပ်ဖိအားတွေကို ဒေါသအဖြစ်ပြောင်းလဲပြီး ရုံးမှာ အော်ငေါက်ပစ်လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ အော်ဟစ်တာ ၊ ပစ္စည်းတွေပစ်ခွဲတာ ၊ လူကို တွန်းပစ်လိုက်တာတွေကို လုံးဝမလုပ်သင့်ပါဘူး။

အခုပြောခဲ့တာတွေကတော့ လုပ်ငန်းခွင်မှာ လုံးဝမပြုမူသင့်တဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။

စနစ်တကျလိုက်နာပြီး သူဌေး၊ အထက်လူကြီး နဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ လေးစားရတဲ့ Professional တစ်ယောက်အနေနဲ့ ရပ်တည်ကြပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က