In partnership with  logo
နေ့စဉ် ကလေးတစ်ယောက်ကို ပြုစုထိန်းကျောင်းရင်း တစ်ဖက်မှာ လုပ်ငန်းခွင်ဝင်ရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

မိခင်တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို ပြုစုထိန်းကျောင်းရင်း တစ်ဖက်မှာ လုပ်ငန်းခွင်ဝင်၊ အလုပ်တာဝန်တွေ လုပ်ဆောင်ရင်း နေ့စဉ်ဘဝတွေကို ဖြတ်သန်းရတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ 

လုပ်ငန်းခွင်ဝင်ရမယ့် မိခင်တွေဟာ အလုပ်မသွားခင် ကိုယ့်ရင်သွေးနဲ့ အိမ်မှုကိစ္စတွေအတွက် အချိန်ပေးရ၊ အလုပ်မှာလည်း တာဝန်တွေ မလစ်ဟင်းရအောင် ကြိုးစားထမ်းဆောင်ရ၊ အိမ်ပြန်ရောက်တဲ့အခါ ကလေးကို ပြန်အချိန်ပေးရနဲ့ ဒီလို တစ်နေ့တာကို ပင်ပင်ပန်းပန်း ဖြတ်သန်းနေရကြတာဟာ ဘယ်လိုစိတ်ခွန်အားမျိုးတွေ၊ ဘယ်လိုစူပါ ပါဝါတွေနဲ့များ ဒီလောက်ထိ သန်မာတဲ့သူတွေ ဖြစ်နေကြသလဲဆိုတာ မစဉ်းစားဘဲ မနေနိုင်ပါဘူး။



တကယ်တော့ မိခင်တစ်ယောက်ရဲ့ဘဝဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ အပြည့်ပါ။ ကိုယ်က ကလေးကို အချိန်ပြည့်ပြုစုစောင့်ရှောက်ရတဲ့ မိခင်ပဲဖြစ်စေ၊ ကလေးမီးဖွားပြီး လပိုင်းအကြာမှာ အလုပ်ပြန်ဝင်ပြီး မိခင်ဘဝနဲ့ လုပ်ငန်းခွင်ဘဝနှစ်ခုကို ညီမျှအောင်လုပ်ဆောင်ရင်း ကြိုးစားရှင်သန်နေရတဲ့သူဖြစ်စေ နှစ်ဦးစလုံးဟာ မတူညီတဲ့ အခြေအနေတွေ ၊ အခက်အခဲတွေ ရှိနေတာပါပဲ။ ဒီလိုမတူညီတဲ့အခက်အခဲတွေထဲမှာမှ တူညီတဲ့အရာတစ်ခုတော့ ရှိနေပါတယ်။ အဲဒါကဘာလဲဆိုတော့ သူတို့ဟာ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ၊ မျှော်လင့်မထားတဲ့ အခြေအနေအားလုံးကို ကိုယ့်ရင်သွေးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ ကြံ့ကြံ့ခံရင်း ဖြတ်သန်းလာခဲ့ကြတယ် ဆိုတာပါပဲ။


ကလေးကို ထားပြီး အလုပ်သွားရတဲ့အတွက် ခံစားရတဲ့ဝေဒနာ

မိခင်တစ်ယောက်အနေနဲ့ အပြင်ထွက်အလုပ်လုပ်ရတဲ့အခါ အခက်အခဲကိုယ်စီ ရင်ဆိုင်ရတတ်ကြပါတယ်။ ဥပမာ ကလေးကိုမိခင်နို့တိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရတာမျိုး၊ ကလေးကို အဘိုး၊ အဘွား၊ ဒါမှမဟုတ် အိမ်အကူ၊ ကလေးထိန်းတွေနဲ့ ထားခဲ့ရမှာ စိတ်မချပူပန်ရတာမျိုး၊ ကိုယ့်ရင်သွေးနားမှာ မရှိပေးနိုင်တဲ့အတွက် ကိုယ့်ဘာသာကိုယ် အပြစ်ရှိသလိုခံစားနေရတာမျိုး၊ အလုပ်တစ်ဖက် ကလေးတစ်ဖက်မို့ စိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်ကျတာမျိုးတွေထိ ခံစားရတတ်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးလပိုင်းအတွင်း အလုပ်ပြန်ဝင်ရတဲ့ မိခင်တွေပါပဲ။

ဒီအကြောင်းကို ကလေးမီးဖွားပြီး နှစ်လနဲ့ အလုပ်ပြန်ဝင်ဖြစ်ခဲ့တဲ့ ရုပ်သံသတင်းထောက် မအိမမမွန်ကတော့ ခုလို ပြောပြပါတယ်။

“အဲဒီအချိန်တုန်းက ကိုယ်အလုပ်သွားတဲ့အခါ ကလေးတွေအတွက် နို့ညှစ်ပြီးထားခဲ့ဖို့ နို့မထွက်ဘူး။ သားနဲ့သမီးကလည်း နို့ဘူးနဲ့ကျင့်သားမရဘူး။ ကိုယ်ကအိမ်ကနေထွက် အလုပ်မှာ နို့မတိုက်ရတဲ့ အချိန်များ လာပြန်တော့ နို့တွေသက်ပြန်ရော။ နောက်တစ်ခုက လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း အိမ်က သားနဲ့ သမီးကိုစိတ်မချတာပေါ့။ စိတ်ပူတာတွေ၊ စိတ်ညစ်ရတာတွေနဲ့ စစချင်း တော်တော်လေးကို စိတ်ဖိစီးခဲ့ရပါတယ်” တဲ့။

မိခင်တစ်ယောက်ဖြစ်လာတာနဲ့ ကိုယ့်သားသမီးအပေါ် မိခင်တာဝန်မကျေပြွန်မှာ မိခင်တိုင်းစိတ်ပူစိုးရိမ်တတ်ကြ ပါတယ်။ ဒီတော့ လုပ်ငန်းခွင်ပြန်ဝင်ပြီဆိုတာနဲ့ အလုပ်နဲ့မိခင်ဘ၀ မျှတအောင်နေထိုင်လုပ်ဆောင်ဖို့က ထင်သလောက်တော့ မမြန်ဆန် အသားမကျနိုင်ပါဘူး။

“လုပ်ငန်းခွင်ပြန်ဝင်ဝင်ချင်းမှာတော့ မိခင်ဘဝနဲ့အလုပ်နဲ့မျှတဖို့တော်တော်မလွယ်ခဲ့ပါဘူး။ အလုပ်က ပြေးလွှားသွားလာနေရတဲ့ အလုပ်ဖြစ်တော့ ပိုဆိုးတယ်။ အလုပ်ရောက်ရင်လည်း အိမ်ပြန်ပြေးချင်နေတဲ့ စိတ်၊ အလုပ်မှာ တာဝန်ပေါ့လျော့မှာ ကြောက်တဲ့စိတ်တွေ ကလေး ၆ လလောက်အထိ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အလုပ်ပင်ပန်းလာတဲ့အခါ၊ သားနဲ့သမီးအနားမနေနိုင်တဲ့အခါမျိုးတွေ၊ ကလေးတွေ ကျန်းမာရေးမကောင်းတဲ့အခါ မိခင်နို့ကို အပြည့် မတိုက်နိုင်ခဲ့လို့လားဆိုတဲ့ စိတ်ဖိစီးမူကတော့ အမြဲဒွန်တွဲပြီး ရောက်လာတတ်တယ်။ ပင်ပန်းတယ်လို့လည်း ခဏခဏခံစားမိပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ရော၊ သားသမီးအတွက်ရော အလုပ်လုပ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ပင်ပန်းချိန်တွေကိုဖြတ်သန်းပါတယ်။ တခါတလေလည်း တင်းထားတဲ့ စိတ်တွေကိုဖြေလျှော့ပြီး စိတ်လွတ်လက်လွတ်ကို လွတ်ချချင်စိတ်တွေ ခဏခဏဖြစ်တယ်။ မိခင်တွေအတွက်တော့ အားက အဝေးကြီးရှာယူစရာမလိုဘူး။ သားသမီးဆီမှာပဲ ရှိနေတယ်လို့ထင်တယ်။ ကိုယ်တိုင်လည်း အဲဒီအားတစ်ခုကိုပဲ ယူပြီးဖြတ်သန်းခဲ့တာပါ” လို့ သူမက ဆက်ပြီးပြောပါတယ်။

အလုပ်မှာ ခွဲခြားဆက်ဆံခံရမှု

လုပ်ငန်းခွင်ဝင်နေရတဲ့ မိခင်တွေအနေနဲ့ နောက်ထပ်ကြုံတွေ့ခံစားရတဲ့ ဖိစီးမှုတွေကတော့ အလုပ်မှာ ကိုယ့်ကို ဦးစားပေးတာမျိုး နည်းပါးသွားတာ၊ အရေးကြီးတဲ့ အချိန်တွေ၊ အစည်းအဝေး၊ တွေ့ဆုံမှုမျိုးတွေမှာ အရင်ကလောက် အင်တိုက်အားတိုက် မလုပ်ဆောင်နိုင်တော့တာမျိုးပါ။ တချို့ကုမ္ပဏီတွေ၊ ရုံးတွေ၊ အဖွဲ့အစည်းတွေက ဒီလို မိခင်ဘဝနဲ့လုပ်ငန်းခွင်နှစ်ခုကို ညီမျှအောင် ဖြတ်သန်းနေရတဲ့ ဝန်ထမ်းတွေကို ပြန်ကြည့်ပေးတာ၊ ငဲ့ပေးတာမျိုးတွေ ရှိကြပေမဲ့ တချို့ကျတော့လည်း အရင်ထက် ပိုဖိအားပေးတာ၊ ဦးစားပေးတာမျိုးမရှိတော့တာ၊ ရာထူးတိုးတဲ့အခါတွေမှာ ထည့်မစဉ်းစားမျိုးတာတွေလည်း ရှိလာပါတယ်။

ဒီအချက်ကိုတော့ အိမမမွန်က “အလုပ်လုပ်တဲ့ မိခင်တယောက် အနေနဲ့ ကံကောင်းတာတစ်ခုကတော့ လုပ်ငန်းခွင်က ခွဲခြားဆက်ဆံမူ လုံးဝမရှိခဲ့တာပါပဲ။ ကလေးမိခင်ဖြစ်လာလို့ အလုပ်တာဝန်တွေ လျှော့ပေါ့ပေးခဲ့တာ မရှိသလို ပိုဖိအားပေးတာလည်း မရှိခဲ့ပါဘူး။ လုပ်နေကျအလုပ်တွေကိုပဲ ဆက်လုပ်နိုင်ခဲ့တယ်။ ကလေးတွေ နေမကောင်းတဲ့အချိန်မှာလည်း ဖေးမကူညီတာတွေ ခွင့်ပေးတာတွေ ညှိနိုင်းပေးခဲ့ပါတယ်။ အဲဒီတစ်ခုကတော့ အိမ အလုပ်တွေ လုပ်မြဲတိုင်းလုပ်နေနိုင်ဖို့ အခွင့်သာခဲ့ပါတယ်” လို့ ဖွင့်ဟသွားပါတယ်။

မိခင်ဘဝနဲ့ လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါ အားသာချက်အနေနဲ့ ငါအလုပ်လုပ်နေနိုင်သေးတယ်ဆိုတဲ့ စိတ်ခွန်အားကိုရခဲ့ပြီး၊ အားနည်းချက်ကတော့ တဖက်မှာ သားနဲ့သမီးနားနေပေးနိုင်တဲ့ အချိန်နည်းခဲ့တာကို စိတ်မကောင်းဖြစ်ရတာပါတဲ့။



ကိုယ်ပိုင်အချိန် ရှာဖွေပါ

မိခင်တွေထဲမှာ တစ်နေ့တာအချိန်တွေကို သားသမီးနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အတွက် မြှုပ်နှံရင်း ကိုယ်ပိုင်အချိန်ဆိုတာ ဘာမှန်းမသိတော့တဲ့ မိခင်တွေလည်း အများကြီးရှိနေပါသေးတယ်။ အမှန်တော့ ရေရှည်အတွက် ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းရင်ဆိုင်သွားရမယ့် မိခင်တိုင်းဟာ ကိုယ်ပိုင်အချိန်ဆိုတာ လိုကို လိုအပ်ပါတယ်။

ဒါကို ရှာဖွေဖို့အတွက် အပြစ်တစ်ခုုလို ခံစားရတဲ့သူတွေကိုလည်း သူမက ဆက်ပြီး “ကလေးတွေ ငယ်ငယ်တုန်းကတော့ ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက်ရှားပြီး ရှာဖို့ခက်ခဲ့တယ်။ ရှာဖို့လည်း မတွေးမိခဲ့ဘူး။ အလုပ်ပြီးရင် အိမ် ၊ အိမ်ပြီးရင်အလုပ်နစ်ခုကြားမှာ တစ်ခါတစ်လေ အပြင်မှာ မုန့်တွေဘာတွေစားရင်း၊ သူငယ်ချင်းနဲ့ စကားပြောတာ ကြာသွားရင်တောင် အပြစ်ရှိသလို ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ အဲဒါမှားမှန်းသိခဲ့တယ်။ ကလေးတွေ နဲ့အလုပ်နဲ့ကြားကပဲ ကိုယ်ပိုင်အချိန်ကို ယူတတ်လာတယ်။ အခုကလေးတွေ အတော်လေး လက်လွတ်လာချိန်မှာတော့ တမင်တကာကို ကိုယ်ပိုင်အချိန် ရှာပြီးယူဖြစ်တယ်” လို့ ပြောပြပေးသွားပါတယ်။

ကိုယ်ပိုင်အချိန်မှာ ကိုယ့်စိတ်အပန်းပြေအောင် လုပ်ဆောင်နိုင်မယ်၊ ဝါသနာပါရာတစ်ခုခုလုပ်မယ်၊ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်မယ်ဆိုရင် အဲဒီရဲ့ အကျိုးဆက်က ကလေးတွေနဲ့မိခင်ကြား ပိုအဆင်ပြေလာမှာ ဖြစ်သလို၊ လုပ်ငန်းခွင်မှာလည်း ပိုအဆင်ပြေပျော်ရွှင်လာမှာ ဖြစ်ပါတယ်။

“လူဆိုတာ ကိုယ့်မှာရှိမှ သူများကိုပေးနိုင်တဲ့ အမျိုးဆိုတော့ ကိုယ့်စိတ်အပန်းပြေ၊ ပျော်ရွှင်နေမှသာ သားသမီးအတွက်၊ မိသားစုအတွက်၊ လုပ်ငန်းခွင်အတွက် ပြန်အထောက်အကူဖြစ်လာမှာပါ။ အဲဒီအတွက် ကိုယ်ပိုင်အချိန်ကတော့ ဘယ်လောက်အလုပ်ရှုပ်တဲ့၊ တာဝန်တွေများပြားတဲ့ မိခင်ဖြစ်နေပါစေ လိုကို လိုအပ်ပါတယ်” လို့ သူမက ဆိုပါတယ်။

အလုပ်လုပ်တဲ့မိခင်နဲ့ အလုပ်မလုပ်ဘဲ သားသမီးအနားမှာနေရတဲ့မိခင်တို့ရဲ့ ကွာခြားချက်

အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မူပိုရှိလာတယ်၊ ထိုက်သင့်တဲ့ဝင်ငွေရတဲ့အပြင်၊ အပြင်ထွက်အလုပ်လုပ်တဲ့ မိခင်တွေကို လူတွေက လေးစားအားကျကြတယ် ဆိုပေမဲ့ အကြောင်းကြောင်းကြောင့် အိမ်မှာကလေးနဲ့နေရတဲ့ မိခင်တွေက ပိုလေးစားစရာတောင် ကောင်းတယ်လို့ အိမမမွန်က ချီးကျူးစကားဆိုပါတယ်။

 “အပြင်အလုပ်ထက် ကလေးတွေကို ၂၄ နာရီ ပြုစုစောင့်ရှောက်ထိန်းသိမ်းရတာ ပိုပင်ပန်းပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကြည့်ပြီး အိမ်မှာပဲနေပြီး ကလေးကိုပြုစုထိန်းကျောင်းရတဲ့ မိခင်တွေကိုလည်း စိတ်ဓာတ်မကျဖို့ အားပေးဖြစ်တယ်။ သူတို့က ကိုယ်တွေထက်တောင် လူရောစိတ်ရော ပင်ပန်းတာပါ။ ကလေးတစ်ယောက်ကို အနီးကပ်ပြုစုရတဲ့ တစ်နေ့တာ တာဝန်တွေဟာ အများကြီးပါပဲ။ အလုပ်ပြန်လုပ်ခွင့် မရလို့အိမ်မှာနေရတဲ့ မေမေတွေကို ပိုအားပေးချင်တာကတော့ အိမ်မှာနေရလို့လုံးဝစိတ်ဓာတ်မကျဖို့ပါပဲ။ အိမ်မှာနေရတဲ့ မေမေတွေဟာည်း သူရဲကောင်းတွေပါပဲ” တဲ့။

လုပ်ငန်းခွင်ဝင်ရမယ့် မိခင်တွေအတွက် အကြံပြုစကား

 “လုပ်ငန်းခွင် မဖြစ်မနေပြန်ဝင်စရာမလိုရင် ၆လအထိ ကလေးနားနေစေချင်တယ်။ တကယ်လို့ဝင်ရမယ်ဆိုရင်လည်း နိ့ကို ရအောင်ညှစ်၊ နို့သိမ်းထားပြီး တိုက်နိုင်အောင်ကြိုးစားဖို့ပဲ အရင်ဆုံးအကြံပေးချင်တယ်။ မိခင်နို့က အရမ်းအရေးကြီးလို့ပါ။ လုပ်ငန်းခွင်မှာ ကြုံရမယ့်အရာတွေကိုလည်း စိတ်ဓာတ်ခိုင်ခိုင်မာနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားစေချင်ပါတယ်။ ကလေးကို စိတ်ချရတဲ့သူ၊ ကျန်းမာရေး အသိရှိတဲ့သူနဲ့ ထားခဲ့ဖို့ ပြင်ဆင်စေချင်တယ်။ ကိုယ်တိုင်လည်း လုပ်ငန်းခွင်နဲ့မိခင်ဘဝမျှတတဲ့ မေမေဖြစ်ဖို့ ချက်ချင်းတော့အဆင်မပြေနိုင်ပေမဲ့ အဆင်ပြေသွားမယ့်အရာတွေဖြစ်တဲ့အကြောင်း ကြိုအားပေးချင်တယ်” လို့ သူမက အကြံပေးပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်ဝင်နေရတဲ့ မေမေတွေအနေနဲ့ အစပိုင်းမှာ ပင်ပန်းခက်ခဲနေရင်တောင် ကိုယ့်ရင်သွေး၊ မိသားစုနဲ့ လုပ်ငန်းခွင်အချိန်တွေကို ညီညီမျှမျှအချိန်ပေးလုပ်ဆောင်နိုင်ဖို့၊ ကိုယ်ပိုင်အချိန် ဖန်တီးနိုင်ဖို့၊ သူငယ်ချင်း၊ မိတ်ဆွေတွေကို အချိန်ပေးနိုင်ဖို့ စတာတွေကို ကြိုးစားလုပ်ဆောင်ရမှာသာ ဖြစ်ပါတယ်။ မိခင်ဘဝရောက်ကတည်းက ကိုယ့်ကိုကိုယ် နောက်ဆုံးနေရာမှာ ပစ်ထားမိတယ်ဆိုရင် ဒါဟာ မှားယွင်းတဲ့အရာလို့သာ ဆိုပါရစေ။ ကိုယ့်ကိုကိုယ် ပထမဆုံး နေရာမှာထား၊ ဂရုစိုက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်ပျော်ရွှင်အောင် လုပ်ဆောင်နိုင်မှသာ မိခင်ကောင်း၊ မိသားစုဝင်ကောင်း၊ ဝန်ထမ်းကောင်း၊ မိတ်ဆွေ၊ သူငယ်ချင်းကောင်း ဖြစ်မယ်ဆိုတာ မမေ့ပါနဲ့။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က