In partnership with  logo
တစ်ခါတလေ ကိုယ်က ဘာမှအထူးအထွေ လုပ်ဆောင်နေတာမျိုး မရှိဘဲ ဂျေဝင်ခံရတာမျိုးလည်း ရှိတတ်ပါတယ်။

ဂျေဝင်တယ်၊ မနာလို ဖြစ်တယ်ဆိုတာ ကိုယ့်မှာရှိတဲ့အရာ သူ့မှာမရှိတာကြောင့် စိတ်ထဲ မကျေနပ် မရောင့်ရဲနိုင်လို့၊ နောက် မသိစိတ်က မလုံခြုံဘဲ အကြောက်တရားကို ခံစားနေရလို့၊ နောက် သူအချစ်မခံရမှာ စိုးလို့ စတဲ့ ခံစားချက်တွေကြောင့် ဖြစ်ပေါ်လာရတာပါ။ 

တစ်ခါတလေ ကိုယ်က ဘာမှအထူးအထွေ လုပ်ဆောင်နေတာမျိုး မရှိဘဲ ကိုယ့်အလုပ်ခွင်၊ သင်တန်းကျောင်း၊ ပတ်ဝန်းကျင် ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းအုပ်စုတွေထဲမှာ ဂျေဝင်ခံရတာမျိုးလည်း ရှိတတ်ပါတယ်။ မနာလိုစိတ် ဖြစ်တဲ့အခါ အဲ့ဒီလူဟာ သူမနာလိုတဲ့သူ ဘာလုပ်လုပ် အကောင်းမမြင်နိုင်တော့ သလို အပြစ်တင်ချင်တဲ့ စိတ်က များသွားတတ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်က ကိုယ့်ကို ဝေဖန်တာမျိုးလောက်နဲ့တော့ သူကိုယ့်ကို မနာလိုဖြစ်နေပြီလို့ ပြောလို့မရသေးပြန်ပါဘူး။ တစ်ခါတလေ ကိုယ့်ကို ဝေဖန်အကြံပြုတာက ကိုယ်ကောင်းဖို့အတွက်လည်း ဖြစ်နေတတ်တာကြောင့်ပါ။ ဒီတော့ ကိုယ့်အပေါ်သူ မနာလိုဖြစ်တာလား၊ ရိုးရိုးဝေဖန် တာလားဆိုတာကို သူ တခြားသူတွေကို ဘယ်လို ဆက်ဆံသလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါ တယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အခုလိုအခြေအနေမျိုးကြုံခဲ့ရတယ်ဆိုတဲ့ ယွန်းခင်ခင်ကျော်ကတော့ “ဒီလိုအခြေအနေမျိုးကတော့ ခဏခဏကို ကြုံဖူးပါတယ်။ လူတွေက အရမ်းကြောက်စရာကောင်းတယ်။ သူတို့စိတ်ထဲဘာတွေးနေမလဲ မသိနိုင်တဲ့အတွက် ကိုယ့်ကို ဘယ်လိုသဘောထားတယ် ဘယ်လိုမြင်တယ် ဆိုတာ ဘယ်လိုမှခန့်မှန်းလို့မရနိုင်ဘူး။ ကိုယ့်ကို အမြင်မကြည်နေတဲ့သူဆို ကိုယ်က စိတ်ရင်းနဲ့ ပြုံးပြနေရင်တောင် လာလှောင်နေတယ်ပဲ ထင်တတ်ကြတာ။ ကိုယ် ဘယ်လိုနေနေ ပြောချင်တဲ့လူက ပြောကိုပြောမှာ။ ဒီလိုလူမျိုးတွေကတော့ လုပ်ငန်းခွင်မှာရော ပတ်ဝန်းကျင်မှာပါ ရှိနေမြဲပါ။ တချို့ကျတော့ မကောင်းတဲ့စိတ်နဲ့ နောက်ကွယ်မှာ ဝေဖန်တယ်။ အတင်းပြောတယ်ပေါ့။ ဒါမျိုးဆိုရင်တော့ ခေါင်းထဲ ထည့်နေစရာကို မလိုသလို ဂရုစိုက်ဖို့လဲ မလိုပါဘူး။ တချို့ကျတော့ စသလိုနောက်သလိုနဲ့ ဝေဖန်ကြတယ်။ တိုက်ရိုက်လာပြောတာမျိုးတောင် ကြုံခဲ့ဖူးပါတယ်”လို့ သူမရဲ့အဖြစ်အပျက်ကို ပြောပြပါတယ်။

ကိုယ့်ကအားလုံးအပေါ် အကောင်းဆုံးဆက်ဆံပြောဆိုပေးနေပါလျက်နဲ့ ကိုယ့်ကို မနာလိုတာ၊ တိုက်ခိုက်တာမျိုးတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်အနေနဲ့ လုပ်ဆောင်ရမှာလေး တွေရှိနေပါပြီ။ ဒါလေးမပြောခင် ယွန်းခင်ခင်ကျော်ကရော သူ့အပေါ် ခုလိုပြောဆိုဆက်ဆံတဲ့သူတွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာလေး စိတ်ဝင်စားစရာပါ။

“တုံ့ပြန်တယ်ဆိုတာမျိုးထက် ကိုယ့်ဘာသာကိုယ် စိတ်ထားတတ်အောင် ကျင့်ယူပါတယ်။ အဲဒီလိုတွေဖြစ်လာတဲ့အခါ ဘာအလုပ်သင့်ဆုံးလဲဆိုတော့ စိတ်ထားတတ်ဖို့ပါ။ ငါ ဘာလို့ဒီလို တန်ဖိုးမရှိတဲ့ အရာတွေအတွက် ငိုနေရမှာလဲ ၊ စိတ်ညစ်ခံမှာလဲလို့ တွေးတယ်။ ကိုယ်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိတဲ့အရာတွေအတွက်ပဲ အကုန်ခံမယ်လို့သာတွေး မိတယ်။ နောက် နေ့စဉ်ဘဝလေးကို အကြည်ဓာတ်လေးနဲ့ ဖြတ်သန်းဖို့ဆိုရင် ပြုံးပြုံးရွှင်ရွှင်ရယ်ရယ်မောမောပဲ နေတယ်။ အရာရာတိုင်းကို ပြုံးရယ်ပြီး အနိုင်ယူပစ်တယ်။ ဒီလိုပြသနာတွေနဲ့ ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားမိစေဖို့ကလည်း အရေးကြီးပါတယ်။ မမျှော်လင့်ဘဲပြသနာတွေ ဘက်ပေါင်းစုံကနေကြုံလာရတဲ့အခါ  ငါ့ကျမှ ဘာလို့ဒီလိုတွေ လာဖြစ်နေရသလဲ ဆိုတာမျိုးထက် ဒီပြသနာဘာလို့ဖြစ်တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ၊ နောက်မဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးကို တစ်ဆင့်တက်ပြီး တွေးကြည့်လိုက်ပါတယ်။ ကျွန်မကတော့ လောကကြီးမှာ အရာရာတိုင်းက သူ့သဘောသူဆောင်တယ် ဆိုတာကို လက်ခံထားပြီးသားမို့ တချို့သောသူတွေက တချို့သောအရာတွေနဲ့ပတ်သက်ရင် ကိုယ့်ရဲ့စိတ်နဲ့ခန္ဓ္ဓ္ဓာကို အဆိပ်အတောက်ဖြစ်စေမယ် ထင်လာတဲ့အခါ လျစ်လျှူရှုလိုက်ပါတယ်။ ဒါအကောင်းဆုံးနည်းပါပဲ။ နောက်ကိုယ့်ကိုကိုယ် ချစ်တတ်အောင်ကြိုးစားတယ်။ ဘာသာရေးကိုလည်း ပုံမှန်လုပ်ဖြစ်တယ်။ ဒါကလည်း စိတ်လေးငြိမ်ချမ်းအောင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်တယ်လို့ ထင်ပါတယ်။ တချို့လူတွေကျတော့လည်း သူတို့ထက် နှာတစ်ဖျားလောက်လေး သာသွားတာမျိုး ဒါမှမဟုတ် သူတို့စိတ်ထဲမှာ ကိုယ့်ကိုအထင်တွေစွတ်ကြီးပြီး မယှဉ်နိုင်လောက်ဘူး လို့တွေးမိသွားလောက်မယ့် အနေအထား မျိုးတွေကြောင့် ကိုယ့်ကိုဒီလိုဆက်ဆံတာမျိုးတွေရှိတယ်။ အဲဒီလိုအခြေအနေမျိုးတွေဆိုရင်တော့ ကိုယ့်ဘာသာကိုယ်ပဲ ဂုဏ်ယူလိုက်တယ်။” လို့ သူမက ဆိုပါတယ်။

ကိုယ်က သူတစ်ပါးကို ယုတ်မာထားတာမျိုး၊ သူများနောက်ကျောကို ဓားနဲ့ထိုးတာမျိုးတွေ၊ အတင်းပြောတာမျိုး စတာတွေဘာတစ်ခုမှ မလုပ်ထားဘဲ မှန်ကန်အောင်နေနေပါလျက်နဲ့ ကိုယ့်အပေါ် ကြည့်မရတဲ့သူတွေ ရှိတဲ့အခါ အမျိုးသမီးအများစုဟာ ကျင်လည်ရာပတ်ဝန်းကျင်၊ အလုပ်ခွင်နဲ့ သင်တန်းကျောင်းစတာတွေမှာ နေမပျော်တော့ဘဲ စိတ်ဓာတ်ကျအားငယ်တာမျိုး၊ ဒီနေရာမှာ ဆက်မနေချင်တော့တာမျိုး၊ တခြားတစ်နေရာကို ထွက်သွားချင်တာမျိုးတွေအပြင် ကိုယ့်ဘာသာကိုယ်လည်း သူတို့ပြောသလို ငါမှားနေပြီလားဆိုတဲ့ သံသယစိတ်တွေ ဖြစ်တည်လာပါတော့တယ်။ ဒီလိုအခြေအနေမျိုး ကြုံလာရတဲ့ မဒီတွေအတွက် ကိုယ့်ဘာသာကိုယ် စိတ်လေးပြင်ဆင်နေထိုင်တတ်အောင် အချက်ကလေးတွေနဲ့ ပြောပြပေးချင်ပါတယ်။

(၁) သူတို့ကို စိတ်ထဲမထားဘဲ ကိုယ်လုပ်စရာရှိတာတွေသာ ဆက်လုပ်ပါ။ ကိုယ်သူ့ထက်တော်နေလို့၊ ကောင်းအောင်နေလို့ သူမနာလိုဖြစ်နေတယ်ဆိုတာ သိထားပါ။ ကိုယ့်ကို အားပေး ချစ်ခင်တဲ့ သူတွေကိုသာ ပိုအာရုံစိုက်လိုက်ပါ။

(၂) ကိုယ့်မကောင်းကြောင်း ပြောတာ ပြန်ကြားရင် ဒေါသထွက်မနေဘဲ လျစ်လျူရှုပစ်ပါ။ ဒေါသထွက် ရင်တောင် တုံ့ပြန်ပြောဆိုမနေပါနဲ့။ ဒီလိုအရာတွေအတွက် အချိန်ကုန်မခံနိုင်ဘူးဆိုတာ သူတို့ သိသွားပါစေ။

(၃) သူနဲ့မျက်နှာချင်းဆိုင် ပြောကြည့်ပါ။ သူ ကိုယ့်ကိုဘာတွေ ဂျေဝင်နေတယ်ဆိုတာ၊ မကျေမနပ် ဖြစ်နေတယ်ဆိုတာ စိတ်ထဲရှင်းသွားအောင် မေးပါ။ ဒီအချက်က အခန့်မသင့်ရင် ရန်ပွဲ ထဖြစ်နိုင်လို့ စိတ်ထိန်းနိုင်ဖို့တော့ လိုပါတယ်။

(၄) ကိုယ့်ကိုချစ်ခင်သူတွေနဲ့သာ တွဲပါ။ လမ်းမှာ အလုပ်မှာ ကိုယ့်ကို မနာလိုသူနဲ့ ဆုံလာရင် ကိုယ့် က cool ဖြစ်တယ် အေးဆေးပဲဆိုတာ သူသိ အောင် ရယ်မောနှုတ်ဆက်လိုက်ပါ။ အဲဒီလိုမဟုတ်ရင်တော့ ဒီအချက်ရဲ့ ဆန့်ကျင်ဘက် သူနဲ့မဆုံအောင်နေလိုက်ပါ။ ဆုံရင် အာရုံနောက်မှာစိုးတဲ့ သူအတွက်ပေါ့။

(၅) ဂျေဝင်တတ်တဲ့သူ၊ အဲ့ဒီအဖွဲ့ အသိုင်းအဝိုင်း နဲ့ ခပ်ကင်းကင်းနေပြလိုက်ပါ။ ကိုယ့်အဆင့်အတန်းက မိုက်ရိုင်းတဲ့ အဆင့်အတန်း မဟုတ်ဘူး။ အဲ့ဒါတွေအစား ပျော်အောင်နေတဲ့သူ ဆိုတာ သူသိပါစေ။ ဒါမှမဟုတ် ဒီအချက်ရဲ့ ဆန့်ကျင်ဘက် ကိုယ့်ကို ဂျေဝင်နေတဲ့သူရဲ့ အသိ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့လိုက်ပါ။ ဒါ ဆို ကိုယ့်စိတ်ထား ဘယ်လိုဆိုတာ အားလုံးသိ သွားပြီလေ။ သူလည်း ပြန်သိသွားပါလိမ့်မယ်။

ဒီအချက် (၅)ချက်က ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်ဆောင်ရမယ့်အရာတွေပါ။ တစ်ခါတလေ ကိုယ့်အပေ ါ်ဒီလိုမနာလိုဂျေဝင်ပြီး တိုက်ခိုက်နေကြတဲ့သူတွေထဲမှာ နိစ္စဓူဝမျက်နှာချင်းဆိုင်နေရတဲ့သူတွေ၊ ကိုယ့်အနေနဲ့ ပစ်ပယ်ထားလို့မရတဲ့သူတွေ၊ ကိုယ့်ဘက်ကလည်း ချစ်ခင်နေရတဲ့သူတွေ ဖြစ်နေတတ်တာ ရှိပါတယ်။ ကိုယ့်ကိုမနာလိုဖြစ်နေတယ်ဆိုတာကိုလည်း သေချာမပြတဲ့အပြင် ကိုယ့်ဘက်ကလည်း သူတို့ကို အပြီးတိုင်စွန့်ပစ်လိုက်ဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ -

သူကိုယ့်ကို ဘယ်လောက် မနာလိုဖြစ်ဖြစ် ကိုယ့်ဘက်က ကောင်းအောင်နေပါ။ ဘာမှ မဖြစ်ဘူး။ သူ့အပေါ် အရင်အတိုင်းပဲဆိုတာ သူသိအောင်ပြောပြပြုမူဖို့လိုပါတယ်။

ကိုယ့်မှာလည်း သူမသိတဲ့ အခက်အခဲတွေ ရှိတယ်။ ကိုယ်လည်း ရုန်းကန်နေရတဲ့သူဆိုတာ သူသိအောင်ပြောပါ။ သူ့မှာလည်း ကိုယ်အားကျရတဲ့အရာမျိုးတွေ ရှိတယ်ဆိုရင် အဲဒါတွေက ဘာဖြစ်တယ်ဆိုတာ ပြောပြလိုက်ပါ။

သူ့စိတ်ခံစားချက် မလုံခြုံတာတွေ၊ အဆင်မပြေတာတွေကို နားထောင်ပေးပြီး ဒါတွေ အဆင်ပြေလာအောင် ကူညီပေးဖို့လိုပါတယ်။ အလုပ်ခွင်အတူတူဆို သူ့အလုပ်အတွက် ကိုယ့်ဘက်က တတ်နိုင်သလောက် ကူညီပေးတာမျိုးပေါ့။

ကိုယ်ဆိုရှယ်မီဒီယာသုံးတဲ့အခါ ကိုယ်ပေး လိုက်တဲ့ comment၊ ကိုယ်တင်တဲ့ပို့စ်၊ ကိုယ်တင်လိုက်တဲ့ပုံတွေက တခြားသူကို ထိခိုက်နာကျင်မသွားရအောင် သတိထားလိုက်ပါ။ သူ့အနာကို သွားသွားဆွတာမျိုး မလုပ်မိအောင် ရှောင်လိုက်ပါ။ ဒါဆိုရင် သူလည်း ကိုယ့်အပေါ် အမြင်မကြည်တာတွေ၊ အပြစ်မြင်တာတွေ လျော့ပါးလာပြီး ကိုယ်ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ မြင်လာပါလိမ့်မယ်။

မဒီတို့ သိထားရမှာက လူ့ပတ်ဝန်းကျင်မှာ ကိုယ်ဘယ်လောက်ကောင်းအောင်မှန်အောင်နေနေ ကိုယ့်ကိုအမြင်မကြည်တဲ့သူ၊ ကိုယ်နဲ့သဘောထားမတိုက်ဆိုင်တဲ့သူ၊ ကိုယ့်ကိုဝေဖန်တိုက်ခိုက်တဲ့သူ၊ မနာလိုဂျေဝင်တဲ့သူမျိုးတွေ အမြဲရှိနေတတ်တာမျိုးပါ။ ဒီလိုလူမျိုးတွေနဲ့ ဆက်ဆံပြောဆိုရတဲ့အခါ ကိုယ့်ရဲ့ ကြည်လင်တဲ့စိတ်လေး မပျောက်သွားအောင်၊ သူတို့ကို လျစ်လျူရှုပြီး နေ့ရက်တွေကို အဆင်ပြေပြေ ဖြတ်သန်းနိုင်အောင်၊ သူတို့ကြောင့် စိတ်ပင်ပန်း၊ စိတ်ဓာတ်ကျမိတဲ့အခါ ကိုယ့်ကိုကိုယ် အားပေးရင်း ရှေ့ဆက်သွားနိုင်အောင် ဘယ်လိုကြိုးစားမယ်ဆိုတာက အရေးကြီးပါတယ်။ နေ့ရက်တိုင်းဟာ ဘယ်လောက်ခက်ခဲနေပါစေ၊ ကိုယ့်ကိုကိုယ် ချစ်တတ်ပြီး ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါစေ။ သူတစ်ပါးရဲ့ မကောင်းတဲ့အမြင်၊ အတွေး၊ အပြောအဆိုတွေကြောင့် ကိုယ့်ရဲ့အကြည်ဓာတ်လေး လျော့မသွားအောင် စိတ်ထားတတ်တဲ့သူ ဖြစ်ပါစေ။

Share

Loading Next Article...
က္က