နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျေးလက်နေအမျိုးသမီးလေးတွေရဲ့ အခန်းကဏ္ဍဟာ အလွန်ကို အရေးကြီးပါတယ်။ အပြည်ပြည်ဆိုင်ရာ ကျေးလက်အမျိုးသမီးများနေ့ကို နှစ်စဉ် အောက်တိုဘာလ ၁၅ရက်နေ့မှာ ကျင်းပကြပါတယ်။
Thin Nu Swe

အပြည်ပြည်ဆိုင်ရာ ကျေးလက်အမျိုးသမီးနေ့ရဲ့ ရည်ရွယ်ချက်ကတော့ ကျေးလက်နေအမျိုးသမီးလေးတွေရဲ့ အရေးပါမှုအခန်းကဏ္ဍ နဲ့ နိုင်ငံအတွက် ပံ့ပိုးပေးမှုတွေကို သတိတရရှိကြဖို့အတွက် နှစ်စဉ် ကျင်းပပေးတာဖြစ်ပါတယ်။

ကမ္ဘာအနှံ့ကျင်းပကြတဲ့နေ့

၁၉၉၅ ခုနှစ်မှာ တရုတ်နိုင်ငံ ၊ ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ အမျိုးသမီးညီလာခံတစ်ခုမှာ အပြည်ပြည်ဆိုင်ရာ ကျေးလက်အမျိုးသမီးများနေ့ကို ပြုလုပ်ကြဖို့ စိတ်ကူးရရှိခဲ့ကြပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့မှာတော့ တရားဝင်စတင်ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘာအနှံ့မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး အောက်တိုဘာ ၁၅ရက်နေ့တိုင်း ကျေးလက်မှာရှိတဲ့ အမျိုးသမီးလေးတွေနဲ့ မိန်းကလေးတွေရဲ့ ခွန်အား၊ နိုင်ငံအတွက် အရေးပါပုံ နဲ့ ရပိုင်ခွင့်အခွင့်အလမ်းတွေအကြောင်းကို ဆွေးနွေးပြောဆိုတာ ၊ စစ်တမ်းကောက်ယူတာ၊ ကျေးလက်အမျိုးသမီးတို့ရဲ့ ဘဝကို အားပေးထောက်ပံ့တာမျိုးတွေကို တယ်လီဗေးရှင်း၊ ရေဒီယို ၊ ဆိုရှယ်မီဒီယာ စတဲ့နေရာပေါင်းစုံကနေ ဂုဏ်ပြုကျင်းပနေကြတာဖြစ်ပါတယ်။

ကျေးလက်အမျိုးသမီးတွေရဲ့ အရေးပါပုံ



ကျေးလက်နေ အမျိုးသမီးလေးတွေဟာ နိုင်ငံရဲ့ စီးပွားရေး ၊ လူမှုရေး နဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ဖို့အတွက် အမြဲ အားတက်သရော ပါဝင်ကြသူတွေဖြစ်ပါတယ်။ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အထည်အချုပ်လုပ်ငန်း စတဲ့ တိုင်းပြည်ရဲ့ ကုန်ကြမ်း ကုန်ချောတွေကို ရရှိအောင် စွမ်းဆောင်နိုင်တဲ့ ကျေးလက် အမျိုးသမီးလေးတွေရဲ့ အရေးပါမှုကိုလည်း မေ့လျော့ထားလို့မရပါဘူး။ ဘယ်အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ကျေးလက်အမျိုးသမီးဖြစ်ပါစေ ၊ ဘယ်လိုပဲ နည်းပညာတွေနဲ့ အလှမ်းဝေးကွာနေပါစေ…သူတို့ရဲ့ပိုင်ဆိုင်ခွင့်တွေ ၊ အခွင့်အလမ်းတွေ ၊ ရွေးချယ်မှုတွေ နဲ့ ဥပဒေတွေ ၊ ရပိုင်ခွင့်တွေအတွက် ပါဝင်လာစေဖို့ ရည်ရွယ်ပါတယ်။

မန္တလေးတိုင်းဒေသာကြီးမှာရှိတဲ့ နယ်မြို့လေးတွေမှာ နေထိုင်ကြတဲ့သူတွေ စာအုပ်စာပေဖတ်ရှူခွင့်ရအောင် မိုဘိုင်းစာကြည့်တိုက်လေးပြုလုပ်ပြီး နယ်လှည့်စာအုပ်စာပေတွေ မျှဝေပေးနေတဲ့ မသဲနုစံကလည်း မြန်မာနိုင်ငံက ကျေးလက်အမျိုးသမီးလေးတွေရဲ့ ဘဝကို Duwun ကို ခုလို ပြောသွားပါတယ်။

"အခုလက်ရှိမှာရော နောင်ရော အောက်ခြေ လူတန်းစားဘဝ နဲ့ အောက်ခြေ အလုပ်သမား (နေ့စား) ဘဝတွေကနေ ရုန်းထွက်ဖို့ဆို ကျေးလက်က အမျိုးသမီးတွေအနေနဲ့ မိမိတို့ဘဝတွေ တိုးတက်မြင့်မားဖို့ အချိန်နှင့် တစ်ပြေးညီ အကောင်းဆုံး အခွင့်အရေးတွေကို အခွင့်သာခိုက် အမိအရ ဖမ်းဆုတ်နိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ အရမ်း အရေးကြီးပါတယ်။ "ပညာမြင့်မှ လူမျိုးမြင့်မည်" ဆိုတဲ့ ဆိုရိုးစကားဟာ ကျေးလက်က အမျိုးသမီး အများစုနဲ့တော့ မသက်ဆိုင်သလိုပါပဲ။ များသောအားဖြင့် မိဘတွေ အယူအဆက "မိန်းကလေးပဲ ရေးတတ် ဖတ်တတ်ရင် ပြီးတာပဲ (တစ်ချို့ကလည်း ပြောကြတယ် အချိန်တန် အိမ်ထောင်ကျတော့ ယောကျ်ားက လုပ်ကျွေးလိမ့်မယ်) ဆိုပြီး ၈ တန်းထိပဲ ကျောင်းထားပေးတယ်။ တချို့ မူလတန်းနဲ့တင် ကျောင်းထွတ်ပြီး ငယ်စဉ်ကပင် သူများအငှား နေ့စား အလုပ် လုပ်ကြရပါတယ်။ ဒီလိုနဲ့ စောစောကပြောသလို အချိန်တန် အိမ်ထောင်ကျ သားတွေ သမီးတွေရကြပြီး နေ့စဉ် မိသားစု စားဝတ်နေရေးအတွက် သူများအငှား နေ့စားအလုပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြု ကြရပါတယ်။ တစ်နေလုပ် တစ်နေ့စား ဘဝတွေဆိုတော့ မနက်ဖြန်ဆိုတာ မသေချာ မရေရာပဲ တစ်နေဝင် တစ်နေထွက် ကိုယ့်အိမ်ကိုယ်ခြံလေးနဲ့ နေရဖို့ဆိုတာဝေးပြီး ဝမ်းရေးလှဖို့နေနေသာ ဖွယ်ဖွယ်ရာရာမပါတဲ့ ထမင်းတလုတ်အတွက် အနိုင်နိုင် ရုန်းကန်နေရတဲ့ ဘဝတွေဆိုတော့ သေတာ သေသွားကြတယ်။ လူဖြစ်ရတဲ့အတွက် လူ့အခွင့်အရေးကြီးကို ခံစားစံစားရဖို့ မပြောနဲ့ လူမွှေးတောင် မပြောင်နိုင်ပဲ ရှိကြရပါတယ်။"

နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါဆုံးအစိတ်အပိုင်း

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကျေးလက်နေဒေသခံတွေရဲ့ ဆောင်ရွက်မှုတွေ ၊ တွေးခေါ်တတ်မှုတွေက အခရာပါပဲ။ ဖွံ့ဖြိုးတိုးတက်ဆဲတိုင်းပြည်တစ်ခုအနေနဲ့ စိုက်ပျိုးရေး နဲ့ ကုန်ကြမ်းထုတ်လုပ်မှုအပိုင်းတွေက အဓိကစီးပွားရေးပါပဲ။ ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကျေးလက်နေပြည်သူတွေရဲ့ လုပ်ဆောင်ချက်တွေ ၊ ဆောင်ရွက်ချက်တွေကို လျစ်လျူရှူထားလို့ မရပါဘူး။

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မစုစုလှိုင်ကလည်း အပြည်ပြည်ဆိုင်ရာကျေးလက်အမျိုးသမီးများနေ့အတွက် ခုလို အမှတ်တရစကားကို Duwun ကတစ်ဆင့် ပြောသွားပါတယ်။

"ဟိုးလွန်ခဲ့တဲ့နှစ်တွေက ကမ္ဘာကြီးကရွာကြီးဖြစ်လာပြီလို့ပြောကြပါတယ်။ ဒါပေမယ့် ကိုယ်နေတဲ့ရွာကိုပဲ ကမ္ဘာကြီးလို့ထင်နေရင် ကျွန်မတို့နောက်ကျကျန်ခဲ့ပါတော့မယ်။ ကျွန်မတို့ရွာကအမျိုးသမီးလေးတွေမှာ သူမတူကြံ့ခိုင်သာလွန်တဲ့ကိုယ်စွမ်း၊ဉာဏ်စွမ်းတွေရှိပါတယ်။ဒါတွေကိုကောင်းကောင်းအသုံးချပြီး ကိုယ့်ရွာကို ကမ္ဘာကြီးနဲ့အမီ ကောင်းသောပြောင်းလဲခြင်းဆီ ဦးတည်ကြရအောင်ပါ။ သင်ယူလိုစိတ်၊တိုးတက်လိုစိတ်ပြင်းထန်ရင် နည်းပညာတွေ၊အတတ်ပညာတွေဆိုတာ လက်တကမ်းတောင်မဝေးပါဘူး။လက်ထဲက ဖုန်းကလေးတွေထဲမှာတင်ရှိပါတယ်။ ကောင်းသောပြောင်းလဲခြင်းတွေအတွက် ပိုမိုအသုံးချနိုင်ပါစေ။ကမ္ဘာ့ရွာကြီးမှာ ကျေးလက်ကအမျိုးသမီးလေးတွေရဲ့အနာဂတ် ပိုမိုတောက်ပပါစေ။"

စာရေးဆရာမသင်းသင်းသာကလည်း အပြည်ပြည်ဆိုင်ရာ ကျေးလက်အမျိုးသမီးများနေ့အတွက် အမှတ်တရစကား လက်ရေးမူကို Duwun ကို ခုလိုပေးပို့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ့် ကျေးလက်မိန်းကလေးတွေ

ကျေးလက်မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်မြို့ပြမိန်းကလေးတွေလောက် မထက်မြက်ဘူး၊ မပြည့်စုံဘူး၊ အရေးမပါဘူးလို့ တွေးကြတာဟာ မှားယွင်းတဲ့အတွေးပါ။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်တစ်ချပ် ၊ သဲတစ်ပွင့်လို အရေးပါလွန်းလို့ အမျိုးသမီးလေးတွေ ဖြစ်တဲ့ ကျေးလက်အမျိုးသမီးလေးတွေရဲ့ အင်အား ၊ ကျေးလက်အမျိုးသမီးလေးတွေရဲ့ ခံယူချက် ၊ လုပ်ဆောင်မှုတွေကို အမြဲတမ်း ဂုဏ်ယူနေရမှာပါ။

အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကို အမြဲတမ်း အလေးပေးဆောင်ရွက်နေတဲ့ Tint Tint Myanmar Group of Companies မန်နေဂျင်း ဒါရိုက်တာ ဒေါ် တင့်တင့်လွင်ကလည်း ကျေးလက်နေအမျိုးသမီးလေးတွေအတွက် စကားလက်ဆောင်ကို Duwun ကတစ်ဆင့် ခုလို ပါးလိုက်ပါတယ်။

"ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ကျေးလက်က အမျိုးသမီးလေးတွေကို အထူးပြောကြားလိုတာကတော့ မြို့ပြဆိုတာ ကျေးလက်မရှိဘဲနဲ့ ဘယ်လိုမှ မရပ်တည်နိုင်ပါဘူး။ ကျေးလက်ဟာဆိုရင် မြို့ပြရဲ့ ကျောထောက်နောက်ခံ ခွန်အားတစ်ခုပါပဲ။ ဒီအတွက် ကျွန်မတို့ ကျေးလက်က အမျိုူသမီးလေးတွေဟာဆိုရင် ရိုးသားဖြူစင်ပြီး ခွန်အားနဲ့ ပြည့်စုံတဲ့ ကိုယ်ပိုင်အလင်းရောင်တွေ အပြည့်ရှိတယ်။ ဒါ့ကြောင့် ကျေးလက်က အမျိုးသမီးလေးတွေဟာ မိမိရဲ့ ဘဝကို မိမိတည်ဆောက်နိုင်တဲ့ စွမ်းအား ၊ ဉာဏ်ပညာ ၊ ဇွဲ လုံ့လ ပြည့်စုံတယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒီထက်ပိုပြီးတော့လည်း အမျိုးသမီးလေးတွေကို ဘယ်အရာမှ တည်မြဲမှုမရှိတဲ့ ဒီလောကကြီးမှာ မိမိကို ချစ်ခင်ပါတယ်ဆိုတဲ့ မိမိရဲ့ လင်ယောကျာ်း ၊ မိဘ အားလုံးဟာဆိုရင် အကုန်လုံး ကိုယ့်ရဲ့ အနားကနေ ရှင်ခြင်း ၊ သေခြင်း နဲ့ ထွက်ခွာသွားမှာ အနှေးနဲ့ အမြန်ပါပဲ။ အဲဒီအတွက်ကို မိမိခြေထောက်ပေါ်မှာ မိမိရပ်တည်ပြီးတော့ ကိုယ့်ကို မှီခိုနေတဲ့ သားသမီး နဲ့ မိဘတွေကို မိမိရဲ့ ခွန်အား ၊ ဉာဏ်အား ၊ စွမ်းအား နဲ့ ဆက်လက်ရပ်တည်နိုင်အေင် ကြိုးစားဖို့ ဒီနေ့ကစပြီး ခွန်အားတွေ တည်ဆောက်ပါ။ ဘယ်တော့မှ ဇွဲမလျော့ပါနဲ့ ။ မိမိရဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ မိမိလင်းနိုင်တယ်ဆိုတဲ့ ခံယူချက်တစ်ခုထားပါလို့ ပြောချင်ပါတယ်။ အားလုံး ပျော်ရွှင်ပါစေ။"

ဒီလို ကမ္ဘာပေါ်က နိုင်ငံတိုင်းအတွက် ၊ နိုင်ငံတိုင်းရဲ့ စီးပွားရေးကဏ္ဍ ၊ စိုက်ပျုးရေးကဏ္ဍ ၊ ထွက်ကုန်ကဏ္ဍ ၊ သွင်းကုန်ထုတ်ကုန် ကဏ္ဍ စတဲ့ ကဏ္ဍပေါင်းစုံမှာ ပါဝင်နေတဲ့ ကျေးလက်က အမျိုးသမီးတို့ရဲ့ စိတ်ဓာတ်ခွန်အား နဲ့ တွေးခေါ်မှုဆိုင်ရာစွမ်းအား တွေကို မြှင့်တင်ပေးကြဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဘက်ပိုင်းစုံကနေ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ ကျေးလက်က မိန်းကလေးတို့ရဲ့ ဘဝတိုင်းဟာ ရိုးရှင်းပြီး တန်ဖိုးရှိနေကြောင်း ဒီဆောင်းပါးလေးနဲ့ အပြည်ပြည်ဆိုင်ရာကျေးလက်အမျိုးသမီးများနေ့အတွက် ဂုဏ်ပြုလိုက်ပါတယ်။


က္က