နယ်မှာ ရှိတဲ့ ၁၆နှစ်ကနေ ၂၀ နှစ်ကြား မိန်းကလေးတွေရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ပြုလုပ်နေတဲ့ Project တစ်ခုရှိပါတယ်။
Thin Nu Swe

Project နာမည်ကတော့ TAG (Tech Age Girls) ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာဆိုရင် မိန်းကလေးငယ်တွေကို Computer နဲ့ အင်တာနက် အသုံးပြုပုံ ၊ Presentation တင်ဆက်ပုံ ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာနဲ့ Blog တည်ဆောက်ပုံ စတာတွေအပြင် ပေါင်းသင်းဆက်ဆံရေးပိုင်းတွေနဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။

PROJECT MANAGER ဒေါ်စန္ဒြာချစ်ပို က သင်တန်းရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

"နယ်မှာရှိတဲ့ အသက် ၁၆ နှစ်ကနေ ၂၀ ရှိတဲ့ မိန်းကလေးတွေကို IT အခြေခံရှိတဲ့ နည်းပညာတွေကို သင်ကြားတတ်မြောက်စေပြီးတော့ အဲဒီကတဆင့် ခေါင်းဆောင်မှုသင်တန်းတွေ နဲ့ အလုပ်အကိုင်အခွင့်အလမ်းရဖို့တွေကို ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။”

ဒီအစီအစဉ်က မြန်မာနိုင်ငံတစ်ခုတည်းမှာ လုပ်နေတာတော့ မဟုတ်ပါဘူး။ Azerbaijan၊ Kyrgyzstan ၊ Moldova ၊ Philippines ၊ Turkmenistan ၊ Ukraine ၊ Uzbekistan နဲ့ Vietnam စတဲ့ နိုင်ငံတွေမှာလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၃နှစ်တာကာလအတွင်းကို ရောက်ရှိနေပါပြီ။

အနယ်နယ်အရပ်ရပ်က စာကြည့်တိုက် ၂၀ကို ရွေးချယ်ပြီး စာကြည့်တိုက်တစ်ခုကို အမျိုးသမီးငယ် ၅ဦးရွေးချယ်ပြီး သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။ ၅ဦးကနေ ၃ဦး ၊ နောက်ဆုံးအဆင့် တစ်ဦးစီသာ ရွေးချယ်ပြီး ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေသင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး Founder ဒေါက်တာသန့်သော်ကောင်းကတော့

"ဒီသင်တန်းမှာတော့ တိုင်းနဲ့ပြည်နယ်အားလုံးက စာကြည့်တိုက်မှူးတွေ ပါဝင်ပါတယ်။ technology trainers တွေလည်း အများကြီးပါပါတယ်။ ခုကတော့ လူ သုံး လေးရာလောက် မွေးထုတ်ပေးပြီးသွားပြီဖြစ်တဲ့အတွက် သင်တန်းသား သင်တန်းသူတွေက trainer တွေဖြစ်လာကြတာကိုတွေ့ရပါတယ်။” လို့ ပြောသွားပါတယ်။





သင်တန်းသူ အမျိုးသမီးငယ်လေးတွေဟာ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ လိုအပ်ချက်တွေကို ရှာဖွေရမှာဖြစ်ပြီး ဒီလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးလို့ရနိုင်မလဲဆိုတာတွေကို စဉ်းစားလုပ်ဆောင်အဖြေရှာရမှာဖြစ်ပါတယ်။

ဒီလို ရပ်ရွာအကျိုးပြု ခေါင်းဆောင်နိုင်မှုစွမ်းရည်တွေ ပြည့်ဝလာဖို့အတွက်ရည်ရွယ်ပြီး အကောင်အထည်ဖော်နေတဲ့ ဒီအစီအစဉ်ကို မြန်မာပြည်တဝှမ်းက ရပ်ရွာတွေမှာ အကောင်အထည်ဖော်လုပ်ဆောင်နေတာဖြစ်ပါတယ်။



ဒီလို သင်ကြားပေးတဲ့အရာတွေနဲ့ ရပ်ရွာလူထု လိုအပ်ချက်တွေကို ဆောင်ရွက်နိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေဖြစ်အောင် မွေးထုတ်ပေးချင်တာကတော့ TAG Myanmar ရဲ့ ရည်ရွယ်ချက်ပါ။ ရပ်ရွာမှာ ဦးဆောင်နိုင်ပြီး ရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ အမျိုးသမီးလေးတွေ ဖြစ်ဖို့ သင်ကြားပို့ချပေးတဲ့ ဒီအစီအစဉ်ကတော့ ခုဆိုရင် မြန်မာ အမျိုးသမီး (၃၀၀) ကျော်ကို သင်ကြားပို့ချခဲ့ပြီးလည်း ဖြစ်ပါတယ်။ 



Paris မြို့ UNESCO ရုံးချုပ်မှာ ၂၀၁၈ နိုဝင်ဘာလ ၁၂ရက်နေ့ကနေ ၁၈ရက်နေ့ထိ ကျင်းပခဲ့တဲ့ Internet Governance Forum (IGF) 2018 မှာလည်း "Gender Empowerment and Innovation Award ဆုကို ရရှိခဲ့ဖူးတဲ့ အစီအစဉ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က