ထက်မြက်ပြီး အရာရာကို ဦးဆောင်နိုင်တဲ့ စံနမူနာယူသင့်တဲ့ အမျိုးသမီးဖြစ်ပါတယ်။

ရှေးခေတ်က အမတ်တွေ ခန့်အပ်တဲ့အခါ အမျိုးသမီးတွေကို ခန့်အပ်တယ်ဆိုတာ မရှိခဲ့ရာက ၁၉၂၉ မှာ ပထမဦးဆုံး အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးပေါ်ပေါက်လာခဲ့ပါတယ်။ အမျိုးသမီးတွေကို နေရာပေးခြင်းမရှိခဲ့သေးတဲ့ လွန်ခဲ့တဲ့ နှစ် ၉၀ ကျော်အချိန်မှာ ပထမဆုံး အမတ်ဖြစ်လာခဲ့သူကတော့ ဒေါ်နှင်းမြဖြစ်ပြီး သူမဟာ တခြားအမျိုးသမီးတွေလည်း နေရာရဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။



အစ်ကိုမောင်တွေနဲ့ တန်းတူအခွင့်အရေးမရခဲ့တဲ့ မနှင်းမြ

မွန်ပြည်နယ် ကျိုက်မရောမြို့က ထပ်ကေးဆိုတဲ့ ရွာလေးမှာ မွေးဖွားခဲ့တဲ့ မနှင်းမြဟာ မွန်-ဗမာ သစ်ကုန်သည် သူဌေးကြီးရဲ့ သားသမီး ၆ ယောက်မှာ ဒုတိယအငယ်ဆုံးဖြစ်ပါတယ်။ သားတွေကို နိုင်ငံခြားမှာဘွဲ့ရတဲ့အထိ ထားပေးတဲ့ ချမ်းသာတဲ့ မိသားစုဖြစ်ပေမဲ့ မိန်းကလေးဖြစ်တဲ့ မနှင်းမြကတော့ တခြားသမီးတွေနဲ့အတူတူ အိမ်မှာပဲ အရေးအဖတ်အတွက် ၊ မြန်မာစာပေကျမ်းဂန် ၊ သဒ္ဒါ ၊ သင်္ဂြုဟ် ၊ ဗေဒင်တွေကိုပဲ သင်ကြားခဲ့ရပါတယ်။ မနှင်းမြဟာ သူဌေးသမီးဖြစ်ပေမယ့် ငယ်ရွက်စဉ်ကတည်းက ရွှေငွေဝတ်တာ ၊ ပွဲလမ်းပျော်ပါးတာမရှိသလို မောက်မာရိုင်းစိုင်းမှုလည်းမရှိဘူးလို့ ဆိုကြပါတယ်။


Photo- wikipedia.org

ကိုယ်တိုင်လေ့လာဆည်းပူးမှုအားကောင်းသူ

အရွယ်ရောက်တဲ့အခါ ပျဉ်းမနားစက်သူဌေး ကိုဖေအောင်နဲ့ အကြောင်းပါပြီးတဲ့နောက်မှာတော့ လေ့လာဆည်းပူးမှုအားကောင်းလှတဲ့ မနှင်းမြက ကိုယ်ပိုင်စွမ်းရည်ကို စီးပွားရေးမှာ စတင်ပြသခဲ့ပါတယ်။ မော်လမြိုင် ကျားတံတားဆန်စက်ပိုင်ရှင် မနှင်းမြက နိုင်ငံခြားလုပ်ငန်းရှင်တွေနဲ့ပါ တွဲဖက်ပြီး ဂျာမနီအထိ တိုက်ရိုက်ဆန်တင်ပို့ခဲ့တဲ့အပြင် သတ္တုမိုင်းတွင်းများကိုလည်း ဦးစီးလုပ်ကိုင်ခဲ့ပြီး နိုင်ငံခြားစိုးမိုးနေတဲ့အချိန်မှာ မြန်မာအမျိုးသမီးအနေနဲ့ ထူးထူးချွန်ချွန် ရင်ဘောင်တန်း အလုပ်လုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အစ်ကိုနဲ့ ခင်ပွန်းတို့နဲ့အတူ နိုင်ငံရေးကို ရင်ဘောင်တန်းလုပ်ပြခဲ့သူ

ဒေါ်နှင်းမြရဲ့ အစ်ကိုအကြီးဆုံး ဦးဦးဘော်က အိန္ဒိယနိုင်ငံမှာ ဝတ်လုံဘွဲ့ယူခဲ့ပြီး အစ်ကိုလတ်နဲ့ အစ်ကိုငယ်က အင်္ဂလန်ကနေ ဝတ်လုံဘွဲ့ယူခဲ့တဲ့အထိ ထူးချွန်သူတွေ ဖြစ်ပါတယ်။ဒေါ်နှင်းမြရဲ့ အစ်ကိုလတ်ဖြစ်သူ ဦးချစ်လှိုင်က နိုင်ငံခြားမှာ ပညာတွေသင်ခဲ့ပေမယ့် ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးချစ်စိတ်ရှိတဲ့ ဝံသာနုခေါင်းဆောင်ဖြစ်ပြီး နိုင်ငံရေးကိုပဲ စောက်ချလုပ်ကိုင်တဲ့ နာမည်ကျော် နိုင်ငံရေးသမားဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်နှင်းမြရဲ့ ခင်ပွန်းဖြစ်သူ ဦးဖေအောင်ကလည်း မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံရေးသမားဖြစ်ပြီး မော်လမြိုင် အမတ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်နှင်းမြကလည်း အစ်ကိုဖြစ်သူနဲ့အတူ ကူညီလုပ်ကိုင်ရင်း ခင်ပွန်းဖြစ်သူရဲ့ အတွေ့အကြုံတွေကို နားထောင်ရင်း နိုင်ငံရေးမှာ စိတ်အားထက်သန်ခဲ့သလို ပင်ကိုယ်ထက်မြက်မှုနဲ့ပေါင်းပြီး ကိုလိုနီအစိုးရ လက်အောက်ခေတ် အမျိုးသမီးတွေ နိုင်ငံရေး ၊ စီးပွားရေး ဦးဆောင်မှုမှာ သတ္တိနည်းနေကြသေးတဲ့အချိန် ဒေါ်နှင်းမြက ၁၉၂၉ခုနှစ် မြန်မာနိုင်ငံမှာ အမျိုးသမီးအမတ်ရွေးနိုင်တဲ့အချိန်ရောက်တာနဲ့ မော်လမြိုင်ကနေ အရွေးခံပြီး အသက်၄၀အရွယ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးအမတ်ဖြစ်လာပါတော့တယ်။

ဘုရင်ခံကို တွေ့ဆုံတောင်းဆိုရဲတဲ့ လွှတ်တော်အမတ် ဒေါ်နှင်းမြ

လွှတ်တော်အမတ်ဖြစ်လာချိန်မှာ ဒေါ်နှင်းမြက သဿမေဓအခွန် (ပိုင်ဆိုင်မှုအပေါ်မူတည်ပြီး ကောက်ခံတဲ့အခွန်) မပေးဖို့ ၊ (၁၈) နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတိုင်း မဲပေးနိုင်ဖို့ ၊ လူမျိုးခြားနဲ့မြန်မာအမျိုးသမီး လက်ထပ်ရင် အမွေဆက်ခံရရှိဖို့ အဆိုတွေကို တင်သွင်းခဲ့ပါတယ်။ 

အင်္ဂလိပ်အစိုးရက ဆရာတော်ဦးဥတ္တမကို ထောင်ချဖို့ ဖမ်းဆီးချိန်မှာ ဒေါ်နှင်းမြက ဘုရင်ခံဆီဝင်ပြီး ဦးဥတ္တမလွတ်မြောက်ရေးအတွက် အတိုက်အခံတွေပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆရာတော်ကို ထောက်ဒဏ်ချလိုက်တဲ့အတွက် ဒေါ်နှင်းမြက ဝံသာနုအမျိုးသမီးတွေစုပြီး နိုင်ငံခြားကုန်တွေ သပိတ်မှောက်ဖို့ ၊ ပြည်တွင်းဖြစ် ပင်နီနဲ့ ထဘီတွေကိုပဲ ဝတ်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ဒါ့အပြင် အစ်ကိုဖြစ်သူက ဝိတိုရိယဘုရင်မကြီးနဲ့ ခင်မင်ရင်းနှီးတာကြောင့် ဗြိတိသျှအစိုးရနဲ့အတိုက်အခံဖြစ်နေချိန်မှာ အင်္ဂလန်အိမ်ရှေ့မင်းသားနဲ့ တွေ့မှာစိုးပြီး မြန်မာဘုရင်ခံက အကျယ်ချုပ်ဖမ်းဆီးလိုက်တဲ့အခါ အစ်ကိုဖြစ်သူကို ပြန်လွှတ်ပေးဖို့အတွက် ဒေါ်နှင်းမြက ဘုရင်ခံကို ရဲရဲဝံ့ဝံ့တောင်းဆိုခဲ့ပါတယ်။ ဒေါ်နှင်းမြရဲ့ အပြင်းအထန် တွေ့ဆုံတောင်းဆိုမှုကြောင့် အင်္ဂလန်အိမ်ရှေ့မင်းသား မြန်မာနိုင်ငံကနေ ပြန်တာနဲ့ ဘုရင်ခံလည်း ဒေါ်နှင်းမြ အစ်ကိုဦးချစ်လှိုင်ကို ချက်ချင်းပြန်လွှတ်ခဲ့ပါတယ်။

အလဲထိုးတိုက်ခိုက်ခံရတဲ့ ဒေါ်နှင်းမြ

ဒေါ်နှင်းမြက သူပိုင်တဲ့လယ်ဧကတွေက လယ်ငှားတွေကိုလည်း သီးစားခလျှော့ယူတဲ့အပြင် လယ်သမားတွေကို စပါးဈေးမြှင့်ပေးပြီး ဝယ်ယူလေ့ရှိပါတယ်။ ဒါပေမယ့် စတီးဘရားသား ၊ ဘလုပ်ဘရားသား ၊ အာရကန်စတဲ့ နိုင်ငံခြားပိုင် ဆန်ဝယ်ကုမ္ပဏီတွေက ဆန်ဈေးတွေကို နှိမ့်ချပေးဝယ်ပါတယ်။ဒါပေမယ့် ဒေါ်နှင်းမြက ဈေးချမရောင်းဘဲ တောင့်ထားခဲ့ပါတယ်။ဒါပေမယ့် ပစ္စည်းတွေအပေါင်ထားတဲ့ ချစ်တီးနဒ်ဘဏ်က ငွေထပ်ထုတ်မပေးဘဲ ပေးထားတဲ့ငွေကိုပါ ပြန်တောင်းတဲ့အတွက် ဒေါ်နှင်းမြ ဆန်တွေကို ကျဈေးနဲ့ရောင်းလိုက်ရပြီး စီးပွားရေကျဆင်းခဲ့ပါတယ်။ဒါ့အပြင် ဂျပန်ခေတ်ရောက်တော့ အင်္ဂလိပ်တွေဆုတ်ခွာအပြေးမှာ ဒေါ်နှင်းမြတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ တန်ဖိုးများစွာ ဖျက်စီးခံခဲ့ရပါတယ်။ ဒါတွေကို မြန်မာအစိုးရက ဂျပန်တွေဆီ စစ်လျော်ကြေးတောင်ချိန် စာရင်းအင်းနဲ့တန်ဖိုးတွေ ပြန်တွက်တောင်းတဲ့အချိန်မှာ ဒေါ်နှင်းမြတို့ ဒီလျော်ကြေးတွေ ပြန်မရပေမယ့် ဂျပန်က လောပိတရေအားလျှပ်စစ်ဆောက်ပေးတဲ့အတွက် ဒေါ်နှင်းမြက ကျေနပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်နှင်းမြဟာ အမျိုးသမီးအတွက် နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ စွမ်းဆောင်းရင်း ဘဝကိုလည်း ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်နဲ့ ဖြတ်သန်းခဲ့ပေမဲ့ ဘဝရဲ့နောက်ဆုံးအချိန်မှာတော့ တရားဘာဝနာနဲ့ မွေ့လျော်ခဲ့ကာ အသက်(၈၇) နှစ်အရွယ်မှာ တရားသံကြား ဘဝကို အေးငြိမ်းစွာနဲ့ပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ကိုးကား- မြန်မာအမျိုးသမီး ( စောမုံညင်း)၊ ဝီကီပီးဒီးယား



ဆက်စပ်အကြောင်းအရာများ



က္က