ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ်ဖန်တီးချင်တဲ့အရာတွေနဲ့ ကိုယ့်ကိုစိတ်ပျော်စေတဲ့အရာတွေကို ဘယ်အသက်အရွယ်ရောက်ရောက် ဖန်တီးလုပ်ဆောင်နိုင်တယ်ဆိုတာကို သက်သေပြနေသူကတော့ အသက် ၆၃နှစ်အရွယ် အိတ်ဖန်တီးရှင် ဒေါ်နီလာပဲဖြစ်ပါတယ်။
May Thaw

သူမရဲ့ ချည်အိတ်ဒီဇိုင်းတွေကို မြင်တဲ့သူတိုင်းဟာ အိတ်ဖန်တီးတဲ့သူကို အသက်ငယ်လိမ့်မယ်လို့ ထင်ရလောက်အောင်ကို အိတ်ဒီဇိုင်းတွေ၊ ဖန်တီးမှု၊ လက်ရာတွေက သေသပ်လှလွန်းနေတာပါ။

သူမအနေနဲ့ အိတ်လေးတွေကို ဘယ်အချိန်ကတည်းက စဖန်တီးဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်းကို မေးကြည့်တဲ့အခါမှာတော့ “အန်တီ့ရဲ့လက်ဦးဆရာကတော့ အမေပါပဲ။ ကိုယ်တိုင်စက်နင်းတတ်တဲ့ အချိန်ကတည်းက အိတ်လေးတွေချုပ်တတ်ပြီး၊ ဒါကို ငယ်ငယ်ကတည်းက ၀ါသနာပါပေမယ့် သေချာဇောက်ချချုပ်ဖြစ်တာကတော့ အခြားစီးပွားရေးလုပ်ငန်းတွေ နားလိုက်ရတဲ့အချိန် ၂၀၁ဝလောက်မှပါ။ နောက်ပိုင်း လူမှုကွန်ယက်တွေလည်း သုံးဖြစ်လာတဲ့အချိန် ၂၀၁၄မှာတော့ ကိုယ့်လက်ရာကို လူပိုသိလာကြတယ်” လို့ ဒေါ်နီလာက ပြောပြပါတယ်။

အစပိုင်းကာလတွေမှာ smocking ထိုးတာလေးတွေ အုပ်စုဖွဲ့ပြီး လုပ်ဖြစ်၊ သင်ပေးဖြစ်ပေမယ့် စရိတ်ကြီးတဲ့ smocking ကို ရေရှည်အတွက် မလုပ်ဖြစ်တော့ဘဲ ချည်ထည်လိုင်းကိုပြောင်းပြီး ချည်အိတ်လေးတွေ စချုပ်ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။ ပထမဆုံးချုပ်ဖြစ်ခဲ့တဲ့ အိတ်ဒီဇိုင်းအကြောင်းကိုတော့ သူမက “စချုပ်ဖြစ်ခဲ့တဲ့ အိတ်လေးတွေကတော့ ပွဲတက်အိတ်လို ကိုင်နေကြတဲ့ ရှုံ့ကြိုးအိတ်လေးတွေပေ့ါ။ အန်တီ့မေမေက အန်တီငယ်ငယ်က ကျောင်းကိုမုန့်ထည့်ပေးတဲ့အခါ ဒီလိုအိတ်လေးတွေချုပ်ပြီး ထည့်ပေးလေ့ရှိခဲ့တာ။ အဲ့ဒီအမှတ်တရလေးတွေနဲ့ အန်တီပထမဆုံးစချုပ်တဲ့အိတ်လေးကို ရှုံ့ကြိုးအိတ်လေးနဲ့ စဖြစ်ခဲ့တာပါ။ အဲ့ဒီ ရှုံ့ကြိုးအိတ်လေးတွေက ခုနောက်ပိုင်းလည်း “မီ” ရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်ပိုင်ဖြိုးသုကိုင်တဲ့အိတ် ဆိုပြီး ပြန်အော်ဒါတွေတက်လာပါတယ်”တဲ့။

အိတ်လေးတွေစချုပ်တဲ့ ၂၀၁၀ ဝန်းကျင်မှာတုန်းက ဒီလိုချည်အိတ်လေးတွေ ချုပ်တဲ့သူနည်းတဲ့အပြင်၊ handmade အိတ်လေးတစ်လုံးကို ဒီလောက်ပေးပြီး မဝယ်နိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေ၊ ပြောဆိုမှုတွေ ကြုံခဲ့ရပေမယ့် ဒေါ်နီလာကတော့ သူမရဲ့ဖန်တီးမှုတွေ ပိုကောင်းသထက် ကောင်းလာအောင်သာ အမြဲအာရုံစိုက် ကြိုးစားနေခဲ့ပါတယ်။

“ကိုယ်ကတော့ ကိုယ့်နာမည်တစ်ခုရလာအောင် သေချာကြိုးစားရပ်တည်ခဲ့ရတာပေါ့။ ခုတော့ Handmade တန်ဖိုးကို နားလည်လာကြပါပြီ။ အရင်ကတော့ ဒီအလုပ်ကိုလုပ်ရကောင်းမှန်းလည်း မသိခဲ့ကြဘူး၊ handmade ‌ေစျးကွက်ကလည်း မကျယ်သေးတော့ ဝေဖန်တာတွေဘာတွေတော့ ကြုံခဲ့ရပါတယ်။ ခုနောက်ပိုင်းကျတော့ အိတ်တစ်လုံးကို ကိုယ့်အိုင်ဒီယာနဲ့ ချုပ်တင်လိုက်ပြီဆိုတာနဲ့ အပ်ချင်တဲ့သူတွေ၊ အော်ဒါလုပ်ချင်တဲ့သူတွေ အလိုလိုကို တက်လာတာ။ ဒီအလုပ်က နွေ၊မိုး၊ဆောင်းမရွေးဘူး။ အလုပ်ပြတ်သွားတယ်ဆိုတာလည်း မရှိဘူး” လို့ သူမက ပြောပြပါတယ်။

ဒေါ်နီလာရဲ့အိတ်တွေဟာ စျေးကွက်ကပိတ်စပို့ပေးပြီး ချုပ်တာမျိုးတွေ၊ နောက် အပြီးပုတ်ပြတ်ရောင်းတာကလွဲရင် ကိုယ်ပိုင်ဒီဇိုင်းထုတ်တာမျိုးဆိုရင်တော့ ဒီဇိုင်းတစ်မျိုးကို ၁ဝလုံးသာ ကန့်သတ်ထုတ်ပါတယ်။

အိတ်ဖန်တီးမှု၊ အိုင်ဒီယာပိုင်းနဲ့ ပတ်သက်ပြီး ဒေါ်နီလာက “Handmade လောကမှာ စကားပုံရှိတယ်။ စု၊တု၊ ပြုတဲ့။ အန်တီက YouTube ကနေ ပြည်တွင်းပြည်ပက ပညာရှင်တွေရဲ့လက်ရာတွေကို စုဆောင်းတယ်၊ သူတို့ဘယ်လိုချုပ်တယ်ဆိုတဲ့ အိုင်ဒီယာတွေကို အတုယူတယ်။ ပြီးရင် ကိုယ့်အိုင်ဒီယာနဲ့ ပြန်ပြုပြင် ဖန်တီးတာပေါ့။ အပ်ချမတ်ချကူးချတာမျိုးတော့ လုံးဝမလုပ်ဘူး။” လို့ ပြောပြသွားပါတယ်။

ဒေါ်နီလာရဲ့အိတ်ဆိုပြီး လူသိများသွားစေခဲ့တဲ့ အိတ်ကတော့ ၂၀၁၆က ထုတ်ခဲ့တဲ့ အိတ်ပေါ်မှာ ပန်းချီရော၊ ဖဲပါ ပေါင်းစပ်ဖန်တီးထားတဲ့ အိတ်လို့ သိရပါတယ်။ ဒီအိတ်နဲ့ပတ်သက်ရင်တော့ သူမရဲ့လက်ရာကို ကွက်တိကူးယူနေတဲ့သူတွေတောင် မလုပ်ရဲကြတော့ဘူးလို့ သူမက ခုလိုဆိုပါတယ်။

“ဒီလောကမှာလည်း တစ်ယောက်က ဖန်တီးလိုက်ပြီဆိုရင် နောက်တစ်ယောက်က အလွယ်လေးကူးယူတာမျိုးတွေ ရှိတယ်။ ဦးနှောက်ဖောက်စားတာပေါ့နော်။ ၂၀၁၆တုန်းက အိတ်လေးကျတော့ အိတ်ပေါ်မှာ ပန်းချီပါ ဆွဲထားတာဆိုတော့ သူတို့လိုက်မလုပ်ရဲကြဘူး။ သိပ်ရုပ်ပျက်သွားမှာ စိုးကြတယ်။ အန်တီကတော့ ကိုယ့်လက်ရာတွေတင်လိုက်တာနဲ့ အကုန်ပုံစံတူကူးချတဲ့သူတွေ ရှိတယ်ဆိုပြီး လာပြောကြရင်တောင် မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ ကိုယ့်လက်ရာကို ခိုးချတဲ့သူကရှက်ရမှာ။ ကိုယ်ကရှက်စရာမဟုတ်တဲ့အတွက်ပေါ့။ လိုင်းပေါ်တက်ပြီးတော့လည်း ပြောဆိုမနေတော့ပါဘူး”တဲ့။

သူမချုပ်လုပ်တဲ့အိတ်တွေထဲမှာ ပွဲတက်အိတ်တွေအပြင်၊ ထသွားထလာလွယ်လို့ရတဲ့ အိတ်လေးတွေ၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ ကျောပိုးအိတ်လေးတွေ၊ ချည်လွယ်အိတ်လေးတွေလည်း ပါဝင်ပါတယ်။ အိတ်အတွက် ချည်တွေကိုတော့ မြင်းခြံ၊ ပခုက္ကူ နဲ့ အင်းလေးဘက်ကယူတဲ့အပြင် ချင်းရိုးရာစင်တွေ၊ မွန်ရိုးရာစင်တွေနဲ့လည်း ချုပ်လုပ်ထားပါသေးတယ်။

အသက် ၆၃နှစ်အရွယ် ဒေါ်နီလာဟာ သူ့လက်ရာတွေ ပိုကောင်းလာဖို့ အမြဲလေ့လာနေသလို လိုအပ်ရင် ကိုယ်တိုင်ပန်းချီအခြေခံသင်တန်းတက်တာမျိုးတွေ ရှိသလို ကိုယ်တိုင်လည်း အခြား အိတ်အချုပ်အလုပ်ပိုင်းကို စိတ်ဝင်စားကြတဲ့ သူတွေကို သင်တန်းပြန်ပေးနေသူပါ။

အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင်အပြင်ထွက်ပြီး ဝင်ငွေရှာဖို့ မဖြစ်နိုင်ရင်တောင် လက်မှုပညာတစ်ခုခု တတ်မြောက်ထားတဲ့အခါ အိမ်မှာနေရင်း အချိန်ရသလောက် ကိုယ်အိပ်မက်တွေကို အကောင်အထည်ဖော် လို့ရပါတယ်။ ဒီလိုအကောင်အထည်ဖော်ရာမှာလည်း အသက်ကြီးတယ်၊ ငယ်တယ်မရှိပဲ စတင်လုပ်ဆောင်ဖို့သာ အရေးကြီးကြောင်းကို သူမက “ဒီပညာကလေ အသက်ကြီးလို့၊ ငယ်လို့ သင်မရတာမျိုး မရှိပါဘူး။ အန်တီ့ဆီမှာ သင်တန်းတက်ဖို့ စုံစမ်းကြရင် သူတို့တွေက အသက် ၅ဝမို့၊ အသက် ၆ဝမို့ သင်လို့ရပါ့မလားဆိုပြီး စိတ်ပူကြတယ်။ အဲ့ဒီကျရင် အန်တီကအမြဲပြန်ပြောတယ်၊ စိတ်မပူနဲ့လို့ သင်ပးမယ့်သူက အသက် ၆၃နှစ်လို့။ အန်တီ့ဆီမှာ ပွဲတက်အိတ်လေးတွေနဲ့ ချည်အိတ်လေးတွေ ချုပ်နည်းသင်တန်းပေးတဲ့အခါ လာတက်ကြတဲ့သူတွေထဲ အသက်ကြီးပိုင်းတွေလည်း ပါတယ်။ အန်တီကတော့ ကိုယ်ဝါသနာပါတယ်ဆိုရင် လေ့လာစေချင်တယ်။ လုပ်ရင်းလုပ်ရင်းနဲ့ အလုပ်ကသင်သွားလိမ့်မယ်။ လုပ်ရင်းနဲ့လမ်းစပေါ်လာပါလိမ့်မယ်။ ပထမဆုံးခြေလှမ်းကို စလှမ်းဖို့နဲ့ ဇွဲရှိဖို့သာ လိုပါတယ်” လို့ သေချာရှင်းပြပေးသွားပါတယ်။

အိတ်လေးတွေချုပ်နေရရင် စိတ်အေးချမ်းပြီး အိတ်တစ်လုံးပြီးသွားတဲ့အခါ ကိုယ့်ချုပ်ထားတဲ့ အိတ်လေးကို သေချာတစ်စိမ့်စိမ့်ကြည့်ရတာ ကျေနပ်တဲ့ ဒေါ်နီလာရဲ့ တစ်နေ့တာလှုပ်ရှုားမှုအကြောင်းကိုလည်း မေးကြည့်ဖြစ်ခဲ့ပါသေးတယ်။

“အန်တီက အိပ်ယာနိုးရင် ဘုရားရှိခိုး၊ တရားထိုင်တယ်။ ပြီးတာနဲ့ မနက်စာစားပြီး အိတ်တွေစချုပ်တာပါပဲ။ မနက် ရနာရီလောက်ဆို အန်တီအိတ်တွေစချုပ်ပြီပေါ့။ နေ့လည်ထမင်းစား ခဏနားပြီး ဆက်တိုက်ပြန်ချုပ်တယ်။ ညနေနေစောင်းရင်တော့ နားလိုက်တယ်။ ညဘက်ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ တရားထိုင်နဲ့ ဒီဘဝလေးကို တော်တော်စိတ်ချမ်းသာရပါတယ်” လို့ ဒေါ်နီလာက ပြောပြပါတယ်။

လူငယ်သာမက လူကြီးတွေအတွက် အိတ်ဒီဇိုင်းမျိုးစုံ အမြဲကြိုးဒီဇိုင်းထုတ်ချုပ်လုပ်နေတဲ့ ဒေါ်နီလာက သူမရဲ့အိတ်လေးတွေကို သဘောကျနှစ်ခြိုက်တယ်ဆိုပြီး အိတ်ပိုင်ရှင်တွေဆီက ပြန်ကြားရတဲ့အခါ၊ လူမှုကွန်ယက်မှာ ကွန်မန့်လေးတွေမြင်ရတဲ့အချိန်၊ ဓာတ်ပုံလေးတွေတင်ကြတဲ့အချိန်တွေမှာ ပျော်ရွှင်မှု၊ ပီတိကို အမြဲခံစားရတယ်လို့လည်း ဆိုသွားပါသေးတယ်။

မဒီတို့အနေနဲ့လည်း အသက်ငယ်တယ်၊ ကြီးတယ်၊ ကိုယ်လုပ်ချင်တာတွေလုပ်ဖို့၊ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နောက်ကျတယ်ဆိုတာ မရှိတဲ့အကြောင်း ဒေါ်နီလာကိုကြည့်ပြီး သိနားလည်သွားစေပါလိမ့်မယ်။ ဒါ့အပြင် လေ့လာမှုဆိုတာ ဘယ်အရွယ်ရောက်ရောက် အမြဲရှိနေသင့်ပြီး၊ ကြိုးစားအားထုတ်မှုနဲ့ မလျှော့တဲ့ဇွဲသာရှိမယ်ဆိုရင် ကိုယ်ပိုင်ချင်တဲ့အရာ၊ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ရရှိပုံဖော်နိုင်မယ်ဆိုတာ အသေအချာပါပဲ။


Author


က္က