In partnership with  logo
လူတစ်ယောက်ဟာ ကိုယ်ဝါသနာပါတဲ့အရာက ဘာလဲ၊ ဘာတွေလုပ်နေရရင် စိတ်ထဲငြိမ်းချမ်းမှုကို ခံစားရသလဲဆိုတာ သူ့ရဲ့ငယ်စဉ်ဘဝမှာကတည်းက သူကိုယ်တိုင် သိရှိနေခဲ့ပြီး ဖြစ်ပါတယ်။

ပန်းချီဆရာမလေး ခိုင်သဇင်ထက်က တခြားအရာအားလုံးကို ဘေးချိတ်ပြီး ကိုယ့်ဝါသနာကိုပဲ တစိုက်စိုက်လုပ်ဆောင်ရင်း စိတ်အေးချမ်းမှုကို ဖန်တီးနေတဲ့ ထူးခြားတဲ့ သူမျိုးတွေထဲမှာ ပါဝင်ပါတယ်။

လူတစ်ယောက်ဟာ ကိုယ်ဝါသနာပါတဲ့အရာက ဘာလဲ၊ ဘာတွေလုပ်နေရရင် စိတ်ထဲငြိမ်းချမ်းမှုကို ခံစားရသလဲဆိုတာ သူ့ရဲ့ငယ်စဉ်ဘဝမှာကတည်းက သူကိုယ်တိုင် သိရှိနေခဲ့ပြီး ဖြစ်ပါတယ်။ တချို့တွေကျတော့ ဒါကို ပြန်ခံစားနားလည်ပြီး ဝါသနာအတွက် အချိန်ပေးရင်း နေ့စဉ်ဘဝတွေကို ဖြတ်သန်းဖြစ်လာကြပေမယ့် တချို့ကျတော့လည်း အကြောင်းမတိုက်ဆိုင်တော့လို့ပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကြောင်းအလုပ်ကြောင့် အချိန်သီးသန့်မပေးနိုင်တော့တဲ့အတွက်ဖြစ်ဖြစ် ကိုယ့်ဝါသနာက ဘာဆိုတာကို သိနေသည့်တိုင် ခေါင်းထဲကဖယ်ထုတ်ထားရတဲ့ အခြေအနေမျိုးတွေလည်း ရှိတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေထဲမှာ ထူးခြားတဲ့သူမျိုးကျတော့ ကိုယ့်ဝါသနာအတွက် အခြားသောအရာအားလုံးကို နောက်ပို့ပြီး ကိုယ့်စိတ်ပျော်ရာ၊ အေးချမ်းရာတွေကို တစိုက်မတ်မတ် ဖန်းတီးတတ်သူတွေပဲပေါ့။

ခိုင်သဇင်ထက်ဟာ ပန်းချီလောကမှာ သစ်ပင်ပုံတွေရေးတဲ့ ပန်းချီးဆရာမရယ်လို့ ထူးထူးခြားခြား အားလုံးသတိပြုမိသူပါ။ သူ့အကြောင်းပြောရတာက သူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ Travel & Tour ကုမ္ပဏီတစ်ခုကနေ ထွက်ပြီး သူမချစ်တဲ့ပန်းချီပညာကို အဆက်မပြတ်လေ့လာရင်း၊ ပန်းချီတွေ ဆွဲရင်း သွားချင်တဲ့လမ်းကို အေးအေးဆေးဆေး လျှောက်လှမ်းနေသူ ဖြစ်တာကြောင့်ပါ။ ပန်းချီရေးတဲ့ ဘက်ကိုပဲ အားအင်အပြည့်ထည့်လိုက်တဲ့အခါ သူမအနေနဲ့ ရရှိခံစားလိုက်ရတဲ့ အရာတွေတော့ အများကြီးရှိခဲ့တာပေါ့။

“အလုပ်ကထွက်ပြီး သင်တန်းမဖွင့်ခင် တစ်နှစ်လောက်ကတော့ စိတ်ဓာတ်အကြီးအကျယ် ကျခဲ့ဖူးပါတယ်။ ဘာဆက်လုပ်ရမလဲမသိဘဲ လမ်းစပျောက်နေတာမျိုးပေါ့။ ဒါပေမယ့် အပြင်အလုပ်လုပ်ရတာလည်း စိတ်ထဲ အတော့်ကို ငြီးငွေ့လို့ ထပ်မလုပ်ချင်တော့ဘူး။ ကိုယ်ဝါသနာပါတာ လုပ်ရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းချင်တဲ့ စိတ်က အမြဲကိုယ့်ကိုလွှမ်းမိုးနေခဲ့တယ်။ အဲဒါကြောင့် ပန်းချီသင်တယ်၊ ပန်းချီရေးတယ်၊ ပန်းချီပြပွဲတွေလုပ်တယ်၊ အရာအားလုံးကို ပန်းချီထဲပဲ နှစ်ထားလိုက်တယ်။ ဒီလမ်းကိုရွေးတဲ့အတွက် ပန်းချီဆွဲတာဟာ အလုပ်မဟုတ်ဘူး၊ တခြားအလုပ်လုပ်ပါလား ဆိုတာတွေ၊ ပန်းချီဆွဲတာကို အထင်မကြီးတာတွေလည်း ကြုံခဲ့ရပါတယ်။ အဲ့ဒါတွေကိုတော့ စိတ်ထဲဘာမှမဖြစ်ဘူး၊ ဘယ်သူတွေဘာပြောပြော ၊ ကိုယ်သွားမယ့်လမ်းကိုပဲ တစိုက်မတ်မတ် လျှောက်လှမ်းခဲ့တယ်။ ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာ၊ စိတ်သက်သောင့်သက်သာဖြစ်မယ့်အရာကိုပဲ ရှာဖွေခဲ့တယ်”လို့ သူမက ပြောပြသွားပါတယ်။

မူကြိုလောက်ကတည်းက ပုံဆွဲတာဝါသနာကြီးတဲ့ သူမဟာ အဲဒီအရွယ်ကတည်းကကို အရောင်တွေကို စိတ်ဝင်တစားရှိနေခဲ့သူပါ။ မူကြိုကလုပ်တဲ့ အရောင်ကတ်တွေရွေးရတဲ့ ပြိုင်ပွဲမှာ ပထမရခဲ့တာကိုက ပန်းချီးပညာမှာ ပါရမီအခံရှိနေတယ်ဆိုတာ ပြသနေသလိုပါပဲ။

ပန်းချီနဲ့ပတ်သက်ပြီး သူမရဲ့ငယ်ဘဝအမှတ်တရတွေကိုတော့ သူမက “သူငယ်တန်းတုန်း က ဆွဲတဲ့ပုံအများစုကတော့ ကောင်မလေးပုံစံမျိုးစုံပေါ့။ နောက် ကာတွန်းစာအုပ်တွေ ထဲကလည်း ကြည့်ရေးတယ်။ TV မှာ မြင်ရတဲ့ တရုတ်၊ ဂျပန် မင်းသမီးတွေရဲ့ အကျႌပုံတွေလည်း ဆွဲတယ်။ စက္ကူအရုပ်မတွေလည်း လုပ်တယ်။ သူငယ်ချင်းတွေဆိုလည်း ကောင်မလေးပုံတွေ အများကြီးဆွဲပေးခဲ့ဖူးတယ်။ ၅ တန်းကနေ ၉ တန်းထိ ပန်းချီနဲ့ ပိုစတာပြိုင်ပွဲတွေ အမြဲဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရေဆေးနဲ့ ပိုစတာပန်းချီတွေ ရေးဖြစ်ခဲ့တယ်။ ပိုစတာပန်းချီနဲ့ ရေဆေးကို ဆရာမဒေါ်သဇင်စိုးမြင့်ဆီမှာ သင်ယူခဲ့ပါတယ်။ ၇တန်းကျောင်းသူဘဝမှာတော့ ပန်းချီပညာကို ဆရာမကြီးဒေါ်နွဲ့နွဲ့ရီထံမှာ စတင်သင်ယူခဲ့ပါတယ်” တဲ့။

ပန်းချီပညာကို ဝါသနာကြီးပေမယ့် သူမကိုယ်တိုင် ပန်းချီဆရာမတစ်ယောက်ဖြစ်လာလိမ့်မယ်လို့တော့ တစ်ခါမှမတွေးဖူးခဲ့သလို ဘာဖြစ်ရမယ်လို့လည်း ပြင်းပြင်းပြပြမတွေးဖူးခဲ့တဲ့ သူမဟာ ပန်းချီတွေကိုတော့ အမြဲတမ်းဆွဲဖြစ်နေခဲ့တာပါ။ တက္ကသိုလ်ဝင်တန်းရောက်တော့ ပန်းချီသင်တန်းကို ခဏနားလိုက်ပြီး စာမေးပွဲ ဖြေပြီးတဲ့အခါမှသာ သင်တန်းပြန်တက်ဖြစ်သလို နိုင်ငံခြားဘာသာတက္ကသိုလ်တက်နေချိန်တွေမှာလည်း

ဆရာဦးကျော်လင်း (YAG Art school) မှာ ပန်းချီထပ်တက်ဖြစ်ခဲ့သေးတာပါ။ အဲဒီမှာတော့ သူမဟာ ခဲပန်းချီ၊ ရေဆေးနဲ့ Acrylic နဲ့ ရေးတာတွေ သင်ယူဖြစ်လာခဲ့ပါပြီ။ ဆက်တိုက်ဆိုသလိုပဲ အလုပ်စလုပ်တဲ့ အချိန်တွေ မှာလည်း အလုပ်ဆင်းတဲ့အချိန် ဆရာဦးအေးကို (New zero Art Class) မှာ Modern နဲ့ Contemporary Art အကြောင်း လေ့လာသင်ယူဖြစ်ခဲ့သေးတာပါ။ ဒါ့အပြင် သူမဟာ ပန်းချီဘွဲ့လွန်ဒီပလိုမာ (2016-17) NUAC နဲ့ ပန်းချီ မာစတာတန်း (2018- recent ) , NUAC ကိုလည်း ရရှိထားသူဖြစ်ပါတယ်။

သူမရေးဆွဲတဲ့ပန်းချီကားတွေဟာ တမူထူးခြားနေသလို ကားတိုင်းက သစ်ပင်တွေကို ဆွဲထားတာမျိုး ဖြစ်တာကြောင့် ခိုင်သဇင်ထက်ရယ်လို့ ဆိုလိုက်ရင် ဒီပန်းချီဆရာမလေးကို သစ်ပင်နဲ့တွဲပြီး မှတ်မိနေကြတဲ့ အထိပါပဲ။ အဲ့ဒီအကြောင်းကိုတော့ သူမက “၂၀၁၀ ကစပြီး သစ်ပင်ပုံလေးတွေ စရေးဖြစ်ခဲ့တာပါ။ သစ်ပင်ပဲရေးမယ်လို့ တွေးထားတာ မဟုတ်ဘဲ ကိုယ်ရေးဆွဲတဲ့အကြောင်းအရာကိုက သစ်ပင်တွေ ဖြစ်သွားတာလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ကိုယ်တိုင်က သစ်ပင်တွေကို ချစ်တယ်။ သူတို့ကိုမြင်ရရင်ကို စိတ်ထဲ အေးမြမှုကို ခံစားရတယ်။ တခြားအကြောင်းအရာထက် သစ်ပင်ပုံတွေ ရေးနေရရင်ပဲ လွတ်လပ်မှုကို ခံစားရပြီး စိတ်ပျော်ရွှင်မိလာတာမျိုးပေါ့” လို့ သစ်ပင်ရေးဆွဲတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ပြောပြသွားပါတယ်။

အနုပညာရှင်ဆိုရင် ပန်းချီဆရာမှမဟုတ်ဘဲ ဘယ်အနုပညာရှင်မဆို စိတ်ခံစားချက်ပေါ် မူတည်ပြီး ဖန်တီးမှုတွေ လုပ်တတ်ကြတာပါ။ စိတ်မပါဘူးဆိုရင် ဘယ်သူတွေဘာတွေပြောပြော၊ ဘယ်လောက်တွန်းအားပေးပေး မလုပ်တတ်ကြသလို စိတ်ပါပြီဆိုရင်တော့ ဘယ်အချိန်တွေဖြစ်နေဖြစ်နေ၊ ဘယ်လောက်ကြာနေပါစေ ဈာန်ဝင်စားပြီး ဖန်တီးတတ်ကြပါတယ်။

ဒီအကြောင်းလေးကိုလည်း ခိုင်သဇင်ထက်က “ပန်းချီကို စိတ်ပါမှ၊ အာရုံရမှပဲ ရေးဖြစ်ပါတယ်။ ပုံတစ်ပုံကို ဘယ်လောက်အချိန်ယူမယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက်တွေလည်း ကိုယ့်အတွက် မရှိပါဘူး။ ရေးဆွဲတဲ့ Subject၊ Size၊ medium နဲ့ feeling ပေါ်မူတည်ပါတယ်။ ပန်းချီရေးရင်တော့ ညနေပိုင်းနဲ့ ညပိုင်းတွေ ရေးရတာ ပိုကြိုက်တယ်။ ပန်းချီဆွဲနေတဲ့အချိန်ဆို သီချင်းလည်း အမြဲလိုလို ဖွင့်ထားတယ်။ ပါးစပ်ကလည်း လိုက်ဆိုတယ်။ ခံစားမှု တစ်ခုခုရှိနေရင် စုတ်ချက်တို့ အရောင်တို့က အစ လိုက်ရွေ့လျားတယ်လို့ ခံယူမိတယ်” တဲ့။



သစ်ပင်ပုံတွေမှာမှ အရင်က သဘာဝသစ်ပင်ပုံတွေကိုပဲ အရေးများခဲ့တဲ့ သူမဟာ ၂၀၁၃နှစ်ကုန်ပိုင်းကစပြီး သစ်ပင်တွေကိုမှ ရွှေရောင်သစ်ပင်တွေ ဖန်တီးဖြစ်လာခဲ့ပါတယ်။ ဒါဘာကြောင့်များလဲ စိတ်ဝင်စားစရာပါ။

“ခုလိုပြောင်းလဲဖန်တီးဖြစ်တာက သစ်ပင်တွေဟာ သတ္တဝါတွေအတွက်၊ ရာသီဥတု ညီညွတ်မျှတမှုအတွက်၊ သဘာဝပတ်ဝန်းကျင်အတွက် အဓိကအခန်းကဏ္ဍကနေ ရပ်တည်နေလို့ ရွှေကဲ့သို့ တန်ဖိုးရှိတဲ့အတွက် imagination နဲ့ပေါင်းစပ်ပြီး ရွှေရောင်သစ်ပင်တွေ ရေးဆွဲဖြစ်ခဲ့တာပါ” လို့ သူမက ဖွင့်ဟသွားပါတယ်။

ကိုယ်ရေးတဲ့ပန်းချီကားဆိုတာ ပန်းချီဆရာတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ မွေးဖွားတဲ့နေရာဖြစ်တာမို့ လူ့ပတ်ဝန်းကျင်ကိုအကျိုးပြု၊ မပြုတော့ သူမအနေနဲ့ မပြောလိုသလို အခုလက်ရှိ သစ်ပင်တွေရေးရတာ သဘောကျလို့ ရေးဆွဲဖြစ်နေပေမယ့် ငြီးငွေ့မှုဖြစ်လာရင်တော့ အခြားအကြောင်းအရာအသစ်တွေ ထပ်ရှာဖွေဖြစ်ဦးမှာပါတဲ့။

ခိုင်သဇင်ထက်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို ၂၀၁၆ခုနှစ်က Gallery 64 မှာ ပထမအကြိမ် ပြသခဲ့ပြီးပါပြီ။ သူမအတွက် အမှတ်အရဆုံးကားကတော့ ၂၀၁၀ တုန်းက ရေးဆွဲထားတဲ့ “Life” ဆိုတဲ့ ပန်းချီကားလေးလို့ သိရပါတယ်။

“အဲ့ဒီကားလေးက ဗိုလ်ချုပ်ဈေးကုန်းတံတားကနေ ရထားသံလမ်းကို မြင်ရတဲ့မြင်ကွင်းလေးကို ရေးဆွဲထားတာပါ။ ပထမဆုံးရောင်းခဲ့ရတဲ့ကားလေးမို့ အမှတ်တရဖြစ်မိပါတယ်” လို့ သူမက ဆိုပါတယ်။

အလုပ်ကထွက်ပြီး ကိုယ်စိတ်ပျော်ရာလမ်းပေါ်မှာ နောင်တကင်းမဲ့စွာ လျှောက်လှမ်းနေတဲ့ သူမဟာ သူမချစ်တဲ့ ပန်းချီပညာအတွက် အချိန်တွေကို အကျိုးရှိရှိအသုံးချနေတဲ့အပြင် ပန်းချီပညာကို ပြန်လည်ပြီးတော့လည်း သင်ကြားပေးဖြစ်ပါသေးတယ်။

“တက္ကသိုလ်တက်နေတုန်းကလည်း အသိညီမတွေကို သင်ပေးဖူးခဲ့တယ်။ နယ်ဘက်သွားရင်လည်း ရွာဘုန်းကြီးကျောင်းတွေမှာ ပန်းချီအခြေခံသင်ပေးဖူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲရတာရော၊ သင်ရတာပါ ဝါသနာပါတာကိုး။ ပြီးတော့ ကိုယ်တိုင်က ကလေးတွေကိုလည်း ချစ်တဲ့အပြင် သူတို့ကို သင်ရတာလည်း စိတ်ထဲပျော်ရွှင်ရတယ်။ အဲ့ဒါ့ကြောင့် ၂၀၁၅ခုနှစ်ကစပြီး ပန်းချီသင်တန်းလေး သေချာစဖွင့်ပြီး သင်ပေးဖြစ်ခဲ့ပါတယ်” တဲ့။

ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေအားလုံးကို ပုံမဖော်နိုင်သေးပေမယ့် တချို့တစ်ဝက်ကတော့ တဖြည်းဖြည်းပုံပေါ်လာခဲ့ပြီလို့ ဖွင့်ဟလာတဲ့ ခိုင်သဇင်ထက်က သူမလိုပဲ ပန်းချီပညာကိုချစ်ပြီး လေ့လာချင်တဲ့ လူငယ်တွေကို ပန်းချီပညာဟာ လေ့လာလို့မကုန်နိုင်အောင် ကျယ်ပြောတာမို့ တစ်စိုက်မတ်မတ်လေ့လာပြီး ဘယ်အရာကိုမဆို အရိုးသားဆုံး ဖန်တီးကြိုးစားကြဖို့ တိုက်တွန်းသွားပါတယ်။ သူမကိုယ်တိုင်လည်း နိုင်ငံရပ်ခြားမှာ ပန်းချီကျောင်းတွေ သွားထပ်ပြီးတက်နိုင်ဖို့၊ ပန်းချီပညာကို ဒေါက်တာဘွဲ့ရတဲ့အထိ လေ့လာသင်ယူဖို့နဲ့ ပန်းချီသင်တန်းကျောင်းတွေ အများကြီးဖွင့်နိုင်ဖို့ ကြိုးစားသွားဦးမယ့်အကြောင်း ဖြည့်စွက် ပြောသွားပါသေးတယ်။

စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိသွားတဲ့သူတွေဆိုတာ သူတို့ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို သေချာသိနားလည်ပြီး အဲ့ဒီအရာတွေဖြစ်လာအောင် နေ့တိုင်းပုံဖော်ထုဆစ်နေသူတွေပါ။ ဒီလူတွေထဲမှာ ပန်းချီဆရာမလေး ခိုင်သဇင်ထက် ပါဝင်နေတယ်ဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။

ခုလက်ရှိမှာ ခိုင်သဇင်ထက်ဟာ အခုတ်ခံရတဲ့ သစ်ပင်တွေပါတဲ့ ပန်းချီကားတစ်ကားရေးဖြစ်နေတဲ့အကြောင်း ဖွင့်ဟရင်း ဒီပန်းချီကားကနေ ကျွန်မတို့ကို ဘယ်လိုတွေးခေါ်စရာတွေ၊ ခံစားချက်တွေ ထည့်သွင်းပေးဦး မယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က