မိသားစုစီးပွားရေးနဲ့ကွဲပြားခြားနားလွန်းပေမယ့် ကိုယ်ဝါသနာပါရာ ပန်းထိုးတဲ့လက်မှုပညာရပ်ကို တစ်စိုက်မတ်မတ်လေ့လာဖန်တီးရင်း စိတ်ရဲ့အေးချမ်းမှုကို ရှာဖွေနေတဲ့ မိုးကုတ်သူလေး ဇွန်။
May Thaw

Ùကလေးအရွယ်ကတည်းက ဟန်းမိတ်လေးတွေကို စိတ်ဝင်စားလာတဲ့ ဇွန်ဟာ အလယ်တန်းကျောင်းသူဘဝကတည်းက ဖိနပ်မှာ ဆီးကွင့်လေးတွေ ကိုယ်တိုင်ထိုးတာ၊ ဆွယ်တာအကျႌပေါ်မှာ အရုပ်လေးတွေ ထိုးတာ လုပ်ခဲ့သူပါ။ အခုအရွယ်ရောက်လာချိန်မှာတော့ သူ့ရဲ့ငယ်စဉ်က အိပ်မက်လေးကို စိတ်ကူးပုံဖော်ရင်း ပန်းပွင့်လေးတွေကြားမှာ စိတ်အေးချမ်းမှုကို ရနေပါပြီ။

လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ တချို့ကကျတော့ စီးပွားရေးမှာ အောင်မြင်ချင်တာမျိုး၊ တချို့က လူတွေအပေါ် ကိုယ့်သြဇာအာဏာနဲ့ လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ချင်တာမျိုး၊ ပညာရေးမှာ ထူးချွန်ပြီး အဲ့ဒီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုကာ ထွန်းပေါက်ချင်တာမျိုး၊ သိပ်မရုန်းကန်ရဘဲ ကိုယ့်မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း အေးအေးချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းချင်တာမျိုး၊ ဒါမှမဟုတ် ကျော်ကြားမှုကို လိုချင်တာမျိုးစသဖြင့် တစ်ယောက်အိပ်မက်နဲ့တစ်ယောက်တော့ မတူညီကြပါဘူး။ မတူညီမှုတွေထဲကမှ နှစ်မျိုးနှစ်စား ထပ်ခွဲရရင် တချို့က ငွေကြေးဆိုတဲ့အရာပေါ် အခြေတည်ပြီး အိပ်မက်ကို တည်ဆောက်ကြ တယ်၊ တချို့ကျတော့ ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှု၊ စိတ်ခံစားချက်ပေါ် မူတည်ပြီး အိပ်မက်တွေကို ဖန်တီးကြပါတယ်။ ငွေကြေးဆိုတာ ဒုတိယဘုရားသခင်လို့ ဆိုရအောင် အရေးပါတာမှန်ပေမယ့် ကိုယ့်စိတ်ပျော်ရွှင်မှုကိုသာ အဓိကထားပြီး အိပ်မက်တွေကိုပုံဖော်မယ်ဆိုရင် ဒုတိယဘုရားသခင်ကလည်း အိပ်မက်တွေအကောင်အထည်ပေါ်လာတာနဲ့အမျှ သူ့ဘာသာသူ နောက်ကပါဝင်လာလိမ့်မယ်လို့ ယုံကြည်နေသူ တစ်ဦးရှိပါတယ်။ သူကတော့ မိသားစုစီးပွားရေးနဲ့ကွဲပြားခြားနားလွန်းပေမယ့် ကိုယ်ဝါသနာပါရာ ပန်းထိုးတဲ့လက်မှုပညာရပ်ကို တစ်စိုက်မတ်မတ်လေ့လာဖန်တီးရင်း စိတ်ရဲ့အေးချမ်းမှုကို ရှာဖွေနေတဲ့ မိုးကုတ်သူလေး ဇွန်ပါပဲ။

Photo - ဇွန်

ဇွန်ဟာ ဟန်းမိတ်အိတ်လေးတွေပေါ်မှာ ပန်းပွင့်ပန်းခက်လေးတွေနဲ့ အလှဆင်ဖန်တီးရင်း ဟန်းမိတ်လောကမှာ တဖြည်းဖြည်းနဲ့ နာမည်ရလာခဲ့သူပါ။ ပန်းထိုးတဲ့ပညာရပ်ကို သူမဘယ်လို စတင်လေ့လာပြီး ဒီလောကထဲ ရောက်ရှိခဲ့သလဲ ၊ ဟန်းမိတ်လေးတွေကို ဘယ်အချိန်ကတည်းက ချစ်မြတ်နိုးခဲ့သလဲ ဆိုတဲ့အကြောင်းလေးကို သူမကို မေးကြည့်တဲ့အခါမှာတော့

“ဟန်းမိတ်လေးတွေကို စပြီးစိတ်ဝင်စားတာက ငယ်ငယ်ကတည်းကပါ။ အလယ်တန်းကျောင်းတတ်တုန်းကဆို ဖိနပ်လေးတွေကို စီးကွင့်လေးတွေ ကိုယ်တိုင်ထိုးနေပြီ။ ဆွယ်တာအကျႌပြောင်လေးပေါ် ချည်လေးတွေနဲ့ အရုပ်ပုံလေးတွေ ဖော်ပြီးထိုးနေပြီ။ အဲ့ဒီအချိန် ချည်အကြောင်းတွေတော့ နားမလည်သေးဘူးပေါ့နော်။ အဲဒီတုန်းကတော့ စိတ်ကူးလေးနဲ့ ရှိတဲ့ချည်နဲ့ပေါ့။ အိမ်တွင်းမှုချိန်မှာ ဆရာမသင်ပေးတဲ့ အသီလေးတွေ အသီကြီးတွေကို ကောင်းကောင်းအသုံးချခဲ့တာပါ။ ခုချိန် ပြန်စဉ်းစားကြည့်မှ ကိုယ်ငယ်ထဲက ဝါသနာပါခဲ့ပါလားပေါ့။ ပန်းထိုးပညာ စလေ့လာခဲ့တာကကျတော့ ရှေ့မှီနောက်မှီ မထင်ရှားတဲ့ လက်ဦးဆရာမဆီက ပန်းကြယ်သီးပညာလေးကို စလေ့လာသင်ယူခဲ့တယ်။ အဲဒီအချိန်က ကိုယ့်အကျႌကိုယ်အလှဆင်ချင်တဲ့ စိတ်သပ်သပ်နဲ့ပဲ လေ့လာသင်ယူခဲ့တော့ တတ်တာလည်းမြန်ခဲ့တယ်။ ပြီးတော့ အဲ့ဒီအချိန်တွေတုန်းကဆိုရင် ပန်းကြယ်သီးတွေ ပြန်ခေတ်မစားသေးတော့ သူများနဲ့မတူ ထူးချင်တဲ့ ငယ်စိတ်လေးလဲပါတာကိုး”လို့ ရယ်မောပြီး ပြောပြသွားပါတယ်။

လက်မှုပညာရပ်တွေ များစွာရှိတဲ့အထဲ ပန်းထိုးပညာကိုမှ စိတ်ဝင်စားသွားတာကတော့ ပန်းလေးတွေကို ချစ်တဲ့စိတ်၊ နှစ်သက်တဲ့စိတ်တွေအပြင် ပန်းလေးတစ်ပွင့်ထိုးပြီးတိုင်း ထိုးပြီးတိုင်း ကိုယ့်လက်ကပွင့်လာသလို ခံစားရလို့ပါတဲ့။ အဲဒီကြည်နူးမှု၊ စွဲလန်းစိတ်နဲ့ပဲ တခြားလက်မှုပညာတွေထက် ပန်းထိုးတာလေးကိုပဲ အဓိကသွားဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

“မိသားစုစီးပွားရေးလုပ်ငန်းက ကျောက်မျက်ရတနာနဲ့ပတ်သက်တာမျိုးဖြစ်ပေမယ့် ဇွန်ကတော့ ကိုယ့်ကိုစိတ်ပျော်ရွှင်အေးချမ်းတဲ့ ဒီခံစားချက်လေးကြောင့် ပန်းလေးတွေဆက်ထိုးသွားဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီစိတ်ကပဲ ကိုယ့်ကို ဒီလောကထဲရောက်အောင်ပို့ပေးတဲ့ တွန်းအားလို့ဆိုရင်လည်း မမှားပါဘူး” လို့ သူမက ဆိုပါတယ်။

ဇွန် ပထမဆုံးဖဲပန်းလေးတွေစထိုးတာက အကျႌ ပေါ်မှာပါ။ နောက်ပိုင်းမှာတော့ ဇွန်ဟာ အကျႌပေါ်မှာထက် ဟန်းမိတ်အိတ်လေးတွေပေါ်မှာသာ ပန်းလေးတွေထိုးရင်ရော ဘယ်လိုနေမလဲဆိုပြီး ဖန်တီးမှုအသစ်ကို စတင်ရာကနေ June.8 ဆိုတဲ့ နာမည်လေးတစ်ခု ဖြစ်တည်လာခဲ့ပါတယ်။

Photo - ဇွန်

အစပိုင်းမှာ ကြုံခဲ့ရတဲ့ အခက်အခဲအနေနဲ့ကတော့ သူမက “ဖဲပန်းချည်ပန်းပညာကို တတ်မြောက်လေ့လာချင်ပေမယ့် တချို့ အခေါ်အဝေါ်တွေ မရင်းနှီးလို့ လေ့လာဖို့ you tube မှာ ရှာရအရမ်းခက်ခဲခဲ့တာပါ။ ဒါ့ကြောင့် ဇွန့်ရဲ့သင်ဆရာမြင်ဆရာဆိုရင် နိုင်ငံစုံကလို့တောင် ပြောရပါလိမ့်မယ်။ နောက် ကုန်ကြမ်းပိုင်းနဲ့ပတ်သတ်ပြီး အခက်အခဲကကျတော့ ဇွန်က နယ်မှာ အခြေချနေထိုင်သူဖြစ်တဲ့အတွက် လိုချင်တဲ့ပစ္စည်း အဝယ် ခက်တာမျိုးပေါ့။ အခုနောက်ပိုင်းတော့ ဘာမဆို အွန်လိုင်းကဝယ်လို့ရတော့ ဆိုင်တော်တော်များများ ချိတ်ထားပြီး အဆင်ပြေသွားတယ်ဆိုပေမယ့် အသင့်ရအောင်ကြိုဝယ် ထားရတာတွေ ဘာတွေတော့ ရှိပါသေးတယ်”တဲ့။

Photo - ဇွန်

တဖြည်းဖြည်းနဲ့ ဇွန့်ရဲ့လက်ရာတွေဟာ သူမရဲ့ June 8 Handmade purse & Accessories ဆိုတဲ့ page လေးမှာ အတွေ့ရစိတ်လာသလို မိုးကုတ်မှာတင်မကဘဲ ရန်ကုန်က ဟန်းမိတ်ချစ်သူတွေကြားမှာလည်း တော်တော်လေး ပေါက်လာခဲ့ပါတယ်။ သူမရဲ့ဖန်တီးမှုပါလို့ လူသိများသွားစေတဲ့ ဟန်းမိတ်လေးတွေကတော့ ပန်းလေးတွေနဲ့အိတ်လေးတွေကို တွဲစပ်ပြီး ဖန်တီးရာကစတာပါပဲ။ နောက်ထပ်တစ်ချက် ထူးခြားချက်က ဒီပန်းထိုးဟန်းမိတ်အိတ်လေးတွေရဲ့ အိတ်ဒီဇိုင်းပါ။ အိတ်လေးတွေဟာ ဟိုအရင်က vintage ပုံစံဘက် ရောက်အောင် အိတ်ရဲ့ကိုင်းတွေ၊ အိတ်ပုံစံ ချုပ်လုပ်ဖန်တီးမှုတွေကို ဂရုစိုက်ထားတာ သတိထားမိပါတယ်။ ဒါ့အပြင် အားလုံးသိထားတဲ့ ပန်းထိုးအိတ်လေးတွေဆို ပွဲအခမ်းအနားတွေ တက်တဲ့အခါမှာသာ ကိုင်တတ်ကြပေမယ့် သူမရဲ့ဖန်တီးမှုကတော့ ဝယ်သူရဲ့တောင်းဆိုမှုအတိုင်း ဖန်တီးပေးတတ်သလို ပွဲတက်ဆို ပွဲတက် ဒါမှမဟုတ် သူ့ရဲ့lifestyle နဲ့ထပ်တူကျအောင် ဝယ်သူရဲ့ personal style ပေါ်မူတည်ပြီးလည်း အချိန်အခါနေရာမရွေး ကိုင်နိုင်ဖို့အတွက် အထူးဖန်တီးပေးတတ်တာပါ။

“ဝယ်သူအနေနဲ့ သဘောအကျဆုံးလက်ရာကတော့ သီးသန့်မရှိပေမယ့် အများစုက ဝယ်သူစိတ်တိုင်းကျ အရောင်လေးကအစ ညှိပြီးဖန်တီးပေးခဲ့တာမို့ သဘောကျကြတာများပါတယ်။ ဝယ်သူနဲ့ ပတ်သတ်ပြီး တချို့ကလည်း အွန်လိုင်းကဝယ်ရတာဆိုတော့ စိတ်တိုင်းမကျမှာ စိုးလို့ ကိုယ့်ဘက်က အစပိုင်း စိတ်ရှည်ရှည်နဲ့ အသေးစိတ်ရှင်းပြ ပြောပြရပါတယ်။ တစ်ခါလောက် ဆက်ဆံပြီးသွားရင်တော့ နောက်ပိုင်းတော့ အဆင်ပြေပြေနဲ့ မိတ်ဆွေဖြစ်သွားကြတာများပါတယ် customer feedback အနေနဲ့ တချို့ အကြံပေးချက်လေးကို သေချာလက်ခံပြုပြင်ပေးတဲ့အတွက် အမြင်ကောင်းလေးတွေပြန်ရပါတယ်”လို့ သူမက ပြောပြပေးသွားပါတယ်။

Photo - ဇွန်

ဒီဇိုင်းပိုင်းစဉ်းစားဖြစ်တာနဲ့ ပန်းထိုးပြီဆိုရင် အချိန်ဘယ်လောက်ယူတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက “မျက်စိရှေ့မြင်လာသမျှ ပန်းတွေကို စိတ်ကူးထဲပေါင်းစပ်ပြီး နောက်တခါ ဒီအရောင်မှာရင် ဒီပန်းလေးထိုးမယ်ဆိုပြီး ကြိုစဉ်းစားထားတတ်ပါတယ်။ ဝယ်သူတော်တော်များများကလည်း အရောင်ပဲပြောပြီး ပန်းဒီဇိုင်းအဆင်ပြေသလို ထိုးပေးဖို့ပြောကြတာဆိုတော့ ကိုယ့်စိတ်ကူးထဲက ပန်းနဲ့အမြဲထပ်တူကျရပါတယ်။ ထိုးဖြစ်တာကတော့ အကျႌ နဲ့ အိတ်တွေပေါ် အများဆုံးထိုးဖြစ်ပါတယ်။ အကျႌပေါ်က ချုပ်ပြီးသားကိုမှ ပန်းထိုးသပ်သပ် လာအပ်ကြတာများလို့ အချိန်ကတစ်ရက်ပဲယူပါတယ်။ အိတ်တွေပေါ်မှာကျတော့ ပန်းထိုးတာရယ်၊ အိတ်ချုပ်တာရယ်ဆိုတော့ ၂ရက်တော့ အနည်းဆုံးအချိန်ယူလေ့ရှိပါတယ်”တဲ့။

Photo - ဇွန်

အခုချိန်ထိ သူမကိုယ်တိုင်ဖန်တီးခဲ့တဲ့ ပန်းပုံစံလေးတွေက အကြမ်းတွက်ကြည့်ရင် ပုံ(၂၀၀)ကျော်လောက်ရှိပြီ ဖြစ်သလို ဟန်းမိတ်ဖန်တီးမှုဖြစ်တာကြောင့် ပုံမှန်ဖန်တီးမှုကိုပြောပါဆိုရင်တော့ တစ်လကို ၁၅မျိုးလောက်သာရှိတယ်လို့ သိရပါတယ်။ ဖန်တီးမှုအားကောင်းလာလေလေ၊ ကိုယ့်ရဲ့လက်ရာတွေ ပိုလူသိလာလေလေ ဖြစ်ပေမယ့် အဲ့ဒီအကျိုးဆက်အဖြစ် ဟန်းမိတ်ဖန်တီးရှင်တွေ အများဆုံးကြုံရတဲ့ပြဿနာကတော့ ကိုယ့်လက်ရာကို ကော်ပီလုပ်တာခံရတဲ့ ပြဿနာပါ။

“ဟန်းမိတ်လေးတွေအပေါ် လူတွေရဲ့ တန်ဖိုးထားနှုန်းက မြင့်တတ်လာတာနဲ့ အမျှ ကော်ပီလေးတွေလည်း ပိုများလာတယ်လို့ထင်ပါတယ်။ ကော်ပီအပိုင်းက အပြစ်ပြောစရာမဟုတ်ပေမယ့် မူလဖန်တီးရတဲ့ ပိုင်ရှင်လို ဉာဏအား၊ စိတ္တအား တပင်တပန်းစိုက်ထုတ်မထားရတဲ့အခါ ရရာဈေးနဲ့ တန်ဖိုးလျော့ရောင်းချလာကြရော။ ဒီတော့ ခက်ခဲပင်ပန်းစွာ အားစိုက်ထုတ်ထားရတဲ့သူတွေအတွက်ကျတော့ တခါတလေ အထိနာပါတယ်။ အဲဒီအချိန်တွေဆို စိတ်ဓာတ်အရမ်းကျရပါတယ်။ အဲဒီအချိန်တွေဆိုရင် ကိုယ့်အတွက် တွန်းအားက ကိုယ့်ကိုယ်ကိုယ် အားပေးရတာပါ။ ပစ္စည်းတခုကို ကော်ပီလို့ရပေမယ့် လူတယောက်ရဲ့ ဦးနှောက်နဲ့နှလုံးသားကို ကော်ပီလို့မရပါဘူး။ ကိုယ်အသက်ရှင်သ၍ ဖန်တီးမှုတွေ ထပ်လုပ်လို့ရသေးတာပဲ ဆိုပြီးတော့ အားတင်းရပါတယ်”လို့ သူမရဲ့ခံစားချက်ကို ဖွင့်ဟသွားပါတယ်။

ဒါ့ကြောင့်လည်း ဟန်းမိတ်တွေဖန်တီးသူတွေအနေနဲ့ ကျင့်ဝတ်လေးတွေ စောင့်ထိန်းကြဖို့ အထူးအရေးကြီးတယ် ဆိုတာ နားလည်လိုက်ရသလို ဒီလိုဖန်တီးသူတွေဟာ ကိုယ့်အလုုပ်မှာ စေတနာ ဝါသနာ နဲ့ စိတ်ရှည်သည်းခံခွင့်လွှတ်နိုင်စွမ်းတွေပါ ရှိနေဖို့ လိုတယ်ဆိုတာကိုလည်း သိမြင်လိုက်ရပါတယ်။

Photo - ဇွန်

ဇွန့်ရဲ့ဖန်တီးမှုတွေဟာ သူတို့မိုးကုတ်မြို့လေးမှာသာမက ရန်ကုန်မှာပါ အော်ဒါတွေတင်တာ ပိုများလာခဲ့ပေမယ့် သူမကိုယ်သူမတော့ ဖန်တီးမှုပိုင်း အားမရသေးဘူးလို့ ဆိုပါတယ်။ “စလုပ်တဲ့ အချိန်ကတည်းက အခုထိ ကိုယ့်ကိုယ်ကိုယ် အားမရသေးပါဘူး။ တစ်ခုထက်တစ်ခု ပိုကောင်းအောင် လိုအပ်တယ်ထင်တာတွေ ပြုပြင်နေဆဲပါပဲ။ ကိုယ့်လက်ရာ ဖန်တီးမှုတွေအတွက်တော့ နေ့စဉ်နဲ့အမျှတော့ ပိုပြီးတိုးတက်လာဖို့ ၊ အသစ်အသစ်တွေ ဖန်တီးနိုင်ဖို့ ကြိုးစားလေ့လာနေဆဲပါ။ ဟန်းမိတ်နဲ့ပတ်သက်ရင် ဘယ်ပညာမဆို တတ်မြောက်သင်ယူချင်ပါတယ်”တဲ့။

လက်ရှိမှာ သူမဟာ အကျီနဲ့အိတ်တွေပေါ် ပန်းလေးတွေထိုးတာအပြင် တခြားဟန်းမိတ်ဖန်တီးမှုတွေ အနေနဲ့ အမျိုးသမီးတွေ အသည်းစွဲသဘောကျနှစ်ခြိုက်တဲ့ နားဆွဲနဲ့ကလစ်အဆင်တန်ဆာလေးတွေလည်း ဖန်တီးပေးဖြစ်နေပါတယ်။

Photo - ဇွန်

အခုဆိုရင် အမျိုးသမီးတွေဟာ အိမ်မှာနေရင်းနဲ့ ဝင်ငွေလည်းရ၊ ပညာလည်းတိုးတဲ့ လက်မှုပညာရပ် လေးတွေကို သင်ကြားပြီး တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းလေးတွေ ဖန်တီးလုပ်ကိုင်လာကြပါပြီ။ သို့ပေမယ့်လည်း လက်မှုပညာဟာ တခြားအလုပ်တွေထက်စာရင် ဝင်ငွေနည်းပါးပြီး အားထုတ်မှုအပိုင်းမှာတော့ အပြည့်ပေးရတာမို့ လမ်းတစ်ဝက်မှာတင် ရှေ့မဆက်ချင်တော့ဘဲ ရပ်တန့်သွားကြတာ၊ စိတ်ပျက်သွားကြတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။ အဲဒီအကြောင်းကိုလည်း ဇွန်က “ဇွန်တို့မြို့လေးမှာ ဒီလို ဟန်းမိတ်ပညာ ရှင်ဆိုတာ လက်ချိုးရေလို့ ရလောက်အောင် နည်းနေပါသေးတယ်။ ဝင်ငွေနည်းတဲ့ လုပ်ငန်းမို့ ဝါသနာပါပေမယ့် မလုပ်နိုင်တဲ့သူ များနေပါသေးတယ်။ ဟန်းမိတ်စိတ်ဝင်စားတဲ့ အမျိုးသမီးတွေအတွက်တော့ ဇွန်အနေနဲ့ အကြံပေးပြောချင်တာလေးက များများလေ့လာဖို့ပါရှင်။ လေ့လာရုံနဲ့တင် ရပ်မသွားဘဲ များများလေ့ကျင့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေအတွက် ဒါဟာ အိမ်တွင်းမှုလုပ်ငန်းလေးတခုအနေနဲ့ အိမ်မှုကိစ္စတဖက်နဲ့ လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းလေးဖြစ်သလို ဟန်းမိတ်ပညာက စိတ်ဖိစီးမှုလေးတွေလည်း ပြေစေပါတယ်” လို့ ပြောပြပေးသွားပါတယ်။

Photo - ဇွန်

သူမရဲ့လက်ရာတွေကို သူမရဲ့ June 8 Handmade purse & Accessories page မှာ သွားကြည့်နိုင်တဲ့အပြင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူချင်တယ်ဆိုရင်လည်း Burma Culture Myanmar Book Plaza မှာ ဝယ်ယူနိုင်ပါပြီ။

ဒါ့ကြောင့် မဒီတို့အနေနဲ့ ကိုယ့်အိပ်မက်တွေကို ထုဆစ်ရာမှာ ကိုယ်က ဘယ်နယ်ပယ်က ဖြစ်နေပါစေ၊ အခက်အခဲတွေ၊ ပင်ပန်းနာကျင်မှုတွေ၊ အချိန်တွေ ပေးဆပ်နေရပါစေ၊ မဆုတ်မနစ်တဲ့ဇွဲနဲ့ ရှေ့ဆက်သွားမယ်၊ ကြိုးစားချင်တဲ့စိတ်လေး အပြည့်ထည့်ထားမယ် ဆိုရင် တစ်ချိန်မှာတော့ အိပ်မက်လေးတွေ ရောင်စုံပွင့်လန်း လာမှာ သေချာပါတယ်။ အိမ်မှုကိစ္စတွေနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့ အိမ်ရှင်မတွေအနေနဲ့လည်း ခုလို အိမ်တွင်းမှုလုပ်ငန်းလေးတွေနဲ့ ဝင်ငွေတိုးအောင် ကြိုးစားရပ်တည်နိုင်တယ်ဆိုတဲ့အကြောင်း တိုက်တွန်းအားပေးလိုက်ရပါတယ်။


က္က