In partnership with  logo
လူတစ်ယောက်ရဲ့ဘဝပုံစံကို ကြည့်ပြီး အထီးကျန်နေသူလို့ လူတွေက ဆုံးဖြတ်ပြောဆိုလေ့ရှိကြတယ်။

တစ်ကိုယ်တည်းနေသူကို အထီးကျန်သူ၊ ချစ်သူရည်းစား ဒါမှမဟုတ် မိသားစုရှိသူဆိုရင် ပြည့်စုံတဲ့ဘဝကို ရရှိသူလို့ လူတွေက ထင်မြင် သတ်မှတ်ကြတယ်။ တကယ်ခံစားရတဲ့ အထီးကျန်မှုက အဲဒီလိုမျိုး မဟုတ်ပါဘူး။

ပတ်ဝန်းကျင်က ပြောတဲ့ အထီးကျန်မှု

ခုခေတ်မှာ လူတော်တော်များများဟာ အသိမိတ်ဆွေတွေနဲ့ လမ်းမှာတွေ့တဲ့အခါ တစ်ဖက်လူရဲ့ သွင်ပြင်အနေအထား ခန္ဓာကိုယ်အချိုးအစား အပြောင်းအလဲကစလို့ အဲ့ဒီလူရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ ကိစ္စတွေအထိ စသလိုနောက်သလို မေးမြန်းပြောဆိုရင်းနဲ့ နှုတ်ဆက်စကား ဆိုလာကြပါတယ်။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို ဒီလိုမေးမြန်းပြောဆိုတာဟာ ရိုင်းစိုင်းတဲ့အပြုအမူမှန်း မသိကြတဲ့ လူတချို့၊ လူ့ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိတဲ့ လူတွေအတွက် ကျွန်မတို့တတွေဟာ နိစ္စဓူ၀ စိတ်အနှောင့် အယှက် ဖြစ်နေကြရတာပါ။

အထူးသဖြင့် အမျိုးသမီးတွေကိုဆို သူတို့ရဲ့ပုံပန်းသဏ္ဍာန်၊ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေအထိပါ ပတ်ဝန်းကျင်က စသလိုနောက်သလိုနဲ့ ပြောဆိုတတ်တာ ပုံမှန်လိုတောင် ဖြစ်နေပါပြီ။ ဒီနိုင်ငံမှာ အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့် အသက်၃၀နီးပါးဖြစ်လာပြီဆိုတာနဲ့ ချစ်သူရည်းစားမရှိသေးရင်လည်း မရှိသေးလို့၊ ရှိပြီး လက်မထပ်သေးရင်လည်း လက်မထပ်သေးလို့၊ လက်ထပ်ပြီးလို့ ကလေးမရသေးရင်လည်း ဘာလို့မရသေးတာလဲ စတဲ့ မေးခွန်းပေါင်းမျိုးစုံကို အတည်ပုံစံနဲ့ရော ဟာသအနေနဲ့ပါ မေးမြန်း စနောက်ခံနေရပါတယ်။

အိမ်ထောင်ပြုတာ မပြုတာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်က လူတွေရဲ့ အပြောအဆို အတိုက်အခိုက်ကို ခံခဲ့ရဖူးတယ်လို့ ဖွင်ဟလာတဲ့ အသက် (၃၄)နှစ် ရှိပြီဖြစ်တဲ့ Worth Services Co.ltd ရဲ့ အထွေထွေမန်နေဂျာ မအိငယ်ငယ်မျိုးကတော့ “ရည်းစားထားတာ၊ မထားတာ အိမ်ထောင်ပြုတာ၊ မပြုတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုစနောက်ဝေဖန်ကြတိုင်း စိတ်ထဲတစ်မျိုးခံစားခဲ့ရတာမျိုးတော့ ရှိတယ်၊ တစ်ခုခုများ မှားနေပြီလားဆိုတဲ့ ကိုယ့်ကိုကိုယ် သံသယစိတ်လည်း ဝင်ခဲ့ဖူးတယ်။ ဒါပေမယ့် ခုလိုပြောဆိုဝေဖန်တာတွေကြောင့် စိတ်ဓာတ်မကျအောင်တော့ ကြိုးစားရပ်တည်ခဲ့တယ်။ တစ်ခါတစ်လေ သူတို့ပြောတာတွေ ကို လျှောက်တွေးပြီး ကိုယ့်ဘာသာကိုယ် လဲကျသွားမလားလို့တောင် ထင်ရဖူးတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်” လို့ ဖွင့်ဟလာပါတယ်။

ပိုဆိုးတဲ့အပိုင်းက အသက်ကြီးလာတဲ့အခါ ဆေးပေးမီးယူတော့ လိုတာမို့ တစ်ယောက်တည်း အထီးကျန်ပြီး စိတ်ဂယောက်ဂယက် မဖြစ်ချင်ရင် အိမ်ထောင်မြန်မြန်ပြုဖို့ အတင်းတိုက်တွန်းကြတာပါပဲ၊ လူ့ပတ်ဝန်းကျင် ဆိုတာလည်း ရယ်စရာတော့ အတော်ကောင်းတာပါ၊ အသက် ၄၀ကျော်မှ အိမ်ထောင်ပြု လက်ထပ်သွားကြတဲ့ စုံတွဲကျပြန်တော့လည်း အသက်ကြီးမှ တွေ့လား မနေနိုင်ပါဘူးရယ်လို့ လှောင်ကြပြန်ရော။

တကယ်တော့ တစ်ယောက်တည်းနေတာ ဘာမကောင်းစရာ ရှိပါသလဲ။ ကိုယ့်ဘဝကိုကိုယ် တစ်ယောက် တည်း ရပ်တည်နေထိုင်တာ ဘာမတင့်တယ် စရာရှိပါသလဲ။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် ခြယ်လှယ် ကိုယ့်ဘာသာကိုယ် အရာရာ တိုင်းကို ဆုံးဖြတ်ချက်ချ ကိုယ်လုပ်ချင်တာ တွေကို ဘယ်သူ့မျက်နှာမှ ငဲ့ကွက်စရာမလို နေထိုင်ရတဲ့ဘဝဟာ တကယ်တော့ အတော် စိတ်ကျေနပ်စရာ ကောင်းလွန်းတာပါ။

အထီးကျန်မှာစိုးလို့ ရည်းစားထားတာမျိုးလည်း မဖြစ်သင့်

နောက်တစ်ချက်က ကိုယ့်ချစ်သူနဲ့ လမ်းခွဲ လိုက်တဲ့နောက်ပိုင်း ဘယ်သူနဲ့မှ ထပ်မတွဲ ဖြစ်တော့တာဟာ ဒါမှမဟုတ် နောက်တစ် ယောက်ချက်ချင်း ကောက်မတွဲဘဲ အချိန်ယူ တာဟာ တကယ့်ကို လုပ်သင့်တဲ့လုပ်ရပ်ပါ။ လူတိုင်းဟာ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ သိမှ၊ အခြားလူထံက နေ တအားကြီးမျှော်လင့်လို့မရတာ လိုချင်လို့ မရတာတွေ နားလည်မှ၊ အထူးသဖြင့် ကိုယ့် ကိုယ်ကို ချစ်တတ်မှ နောက်ထပ်အချစ်ဆိုတာ ကို ရှာသင့်ပါတယ်။ ရှာသင့်တယ်ဆိုရာမှာ လည်း ရည်းစားထားမယ်ဆိုပြီး အတင်း လိုက်ရှာတာမျိုး မဟုတ်ဘဲ ကိုယ့်ကိုကိုယ် သုံးသပ်ပြီး ငါနောက်ထပ် ချစ်သူထားဖို့ အဆင်သင့်ဖြစ် ပြီဆိုတာကို ပြောချင်တာပါ။ ဖြစ်တတ်တာက ရည်းစားနဲ့ပြတ်သွားတဲ့ အခါ အရင်ရည်းစားနဲ့ သွားခဲ့ လာခဲ့ အတူရှိခဲ့တဲ့ အချိန် အမှတ်တရတွေက လူကိုနေလို့မရ အောင်ကို ပူလောင်စေပါတယ်။ အထူးသဖြင့် အထီးကျန်သလို ခံစားရစေတာပါပဲ။ အဲ့လို ခံစားရတဲ့အခါ တစ်ဖက်လူက ပျော်နေတာ အေးဆေးဖြစ်နေတာကို သိရတွေ့ရတဲ့အခါ ငါ လည်း နောက်တစ်ယောက်အစားထိုးမယ် ဆိုတဲ့အတွေးမျိုး ဝင်တတ်ပါတယ်။ ဒါဟာ တကယ်တော့ မှားယွင်းတဲ့အတွေးပါ။ အချိန်ယူပါ။ အချိန်ယူပြီး ကိုယ့်ကိုကိုယ် ပြန် သုံးသပ်တာ ဘယ်တော့မှ မမှားပါဘူး။

ဒါနဲ့ပတ်သက်ပြီး မအိငယ်ငယ်မျိုးက “အိမ်ထောင်ပြုတာ၊ ချစ်သူရည်းစားထားတာနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုက တိုက်ရိုက်တော့ အချိုးမကျပါဘူး။ တစ်ကိုယ်တည်းဘဝနဲ့လည်း ကိုယ့်ဘဝကို သာယာအောင် နေထိုင်ရပ်တည်လို့ရတယ်။ မိသားစု၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတူအချိန်တွေ ကုန်ဆုံးမယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေ၊ ကိုယ်ဝါသနာ ပါတဲ့အရာတွေကို လုပ်ကိုင်ပြီး ကိုယ့်အိပ်မက်တွေကို ပုံဖော်သွားလို့ရတယ်။ ချစ်သူမရှိလို့၊ အိမ်ထောင်ဖက်မရှိလို့ အထီးကျန်မှုခံစားရတယ်ဆိုတာကို လက်သင့်မခံပါဘူး။ ကိုယ့်အလုပ်မှာ အကောင်းဆုံးလုပ်ကိုင်ရင်း ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်ပြီး ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို အားလုံးလုပ်ဆောင်သွားနိုင်ဖို့သာ အရေးကြီးတယ်လို့ တွေးပါတယ်”လို့ ဖွင့်ဟသွားပါတယ်။

တကယ်ခံစားရတဲ့ အထီးကျန်မှု

အထီးကျန် ဝေဒနာဆိုတာ တစ်ယောက်တည်း ဖြစ်နေသူ တွေမှ ခံစားရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်မှာ ချစ်သူရည်းစား အိမ်ထောင်ဖက် ရှိပါလျက် အထီးကျန်ဝေဒနာကို ခံစားရတတ်ပါတယ်။ ကိုယ့်မှာ သူငယ်ချင်း မိတ်ဆွေတွေ ရှိပါလျက် နဲ့လည်း အထီးကျန်တတ်ကြတာပါပဲ။

တစ်ယောက်တည်းဖြစ်နေလို့ ချစ်သူရည်းစား မရှိလို့၊ ကိုယ့်ချစ်သူအိမ်ထောင်ဖက်က ကိုယ့် ဘေးနားမရှိလို့ ဒီလိုအထီးကျန် ဝေဒနာကို ခံစားရမှာစိုးရိမ်တယ်ဆိုရင် ကိုယ့်ဘာသာ ကိုယ် ပျော်အောင်နေနိုင်တဲ့ နည်းတွေရှိနေ ပါတယ်။ တကယ်တမ်း ပြောရရင် ခုခေတ်အခြေအနေအရ တစ်ကိုယ်တည်းသမားတွေက အတွဲတွေထက် ပိုလို့တောင် ပျော်ပျော်နေ နိုင်ပါသေးတယ်။ အားနည်းချက် အားသာချက် တွေတော့ ရှိနိုင်ပါတယ်။ ခြုံငုံသုံးသပ်ရင် တော့ Single တစ်ကိုယ်တည်းသမား တွေက ချစ်သူရည်းစားရှိတဲ့သူ အိမ်ထောင်သည်တွေထက် ပိုအေးဆေးနေနိုင်သလို ကိုယ့်ဘဝကို အများကြီးဖန်တီးပုံသွင်းနိုင်ပါတယ်။

ရည်းစားရှိတဲ့သူတွေနဲ့ အိမ်ထောင်သည်တွေမှာဆိုလည်း ရည်းစားဘဝက အများကြီး သာတာပေါ့။ အိမ်ထောင်သည်ဘဝမှာမှ ကလေးပါရှိလာ ရင်တော့ နာတာရှည်ရောဂါသည်ဘဝကို ရောက်သွားသလို ဖြစ်ပါလိမ့်မယ်။ မေသော် ကိုယ်တိုင်မိခင်တစ်ယောက်မို့ ပိုလို့တောင် ဒီအခြေအနေ ခက်ခဲတယ်ဆိုတာ ပြောချင်တာ ပါ။ နာတာရှည်ရောဂါမှ ဒီရောဂါကို ဘယ်တော့မှ ပျောက်အောင်မကုနိုင်မယ့် နာတာရှည် ရောဂါပေါ့။ ဒါပေမယ့် ကိုယ်ရထားတဲ့ဘဝကို အကောင်းဆုံး ဘယ်လို ပုံဖော်နိုင်မလဲဆိုတာတော့ ရှိပါတယ်။ သူများ ဘဝနဲ့မယှဉ်ပါပဲ ကိုယ်ဘဝအတွက် ကိုယ် ကြိုးစားပုံဖော်ဖို့တော့ အရေးကြီးတာပေါ့။

ဒီတော့ အကြံပေးချင်တာက တကယ်လို့များ ကိုယ်က ကိုယ့်ဘေးမှာ ဘယ်သူမှ မရှိဘဲ တစ်ယောက်တည်း ရပ်တည်ရှင်သန် နေရသူတွေဆိုရင် ပထမဆုံး ဒါဟာကံ ကောင်းခြင်းတစ်ခုလို့ တွေးပါ။ ကိုယ့်အမြင်နဲ့ ခံယူချက်ကို ပြောင်းလိုက်တာ နဲ့ အဆင်ပြေပါပြီ။ ပတ်ဝန်းကျင်က ပြောနေတဲ့ အထီးကျန်မှာကိုတော့ တွေးမပူပါနဲ့။ ကိုယ့်ဘာသာကိုယ် ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတဲ့ နည်းလမ်းတွေမှ အများကြီး ရှိနေတာပါ။

တစ်ယောက်တည်းနဲ့ ပျော်အောင် ဘယ်လိုနေမလဲ

တရားထိုင်ကြည့်ပါ။ စိတ်တည်ငြိမ်စေဖို့ အဓိက ရည်ရွယ်ပါတယ်။ တစ်လလောက် တရားထိုင်ကြည့်တာနဲ့ ထူးခြားမှုကို စတင် ခံစားရပါလိမ့်မယ်။ စိတ်တည်ငြိမ်တဲ့အခါ တခြားဘာတွေလုပ်လုပ် အကျိုးထူးတာပဲလေ။

စာအုပ်လေးတွေ ဖတ်ပါ။ ပုံမှန်လေး စာအုပ် ဖတ်တဲ့ အကျင့်လေး လုပ်ကြည့်ပါ။ စိတ်ရဲ့ အာဟာရဟာ စာအုပ်တွေဖတ်ခြင်းကနေ ရနိုင်တာပါပဲ။

ပြီးတော့ တစ်ယောက်တည်း မလုပ်ဖူးတာ တွေ လုပ်ကြည့်စေချင်ပါတယ်။ ရုပ်ရှင်သွား ကြည့်တာ၊ ကော်ဖီဆိုင် တစ်ယောက်တည်း သွားထိုင်တာမျိုးပေါ့။ နောက်ပိုင်း သူများတွေ နဲ့တောင် သွားချင်မှာ မဟုတ်တော့ဘူး။

စိတ်တွေတို ဒေါသဖြစ်လာရင် စာရွက်ပေါ် ချရေးပါ။ ပြီးရင်လုံးချေပြီး လွှင့်ပစ်လိုက်ပါ။

ခရီးထွက်ပါ။ တစ်ယောက်တည်းသွားလို့ သင့်တော်တဲ့နေရာမျိုး ရွေးပြီး သွားကြည့်ပါ။ ခရီးသွားဖြစ်ရင် အဲ့နေရာမှာ နေဝင်တာ နေထွက်တာကို ကြည့်ပါ။ ခံစားပါ။

စိတ်ဝင်စားတဲ့အရာတွေကို စပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်မရှိရင် မရရအောင် ရှာလုပ်ပါ။ မဟုတ်ရင် ဘဝကြီးက ပျင်းစရာလို့ တွေးမိနိုင်လို့ပါ။

အိပ်မက်တွေကို တစ်ဆင့်ချင်းပုံဖော်ပါ။ ကိုယ်ဖြစ်ချင်တာ ချက်ချင်းမဖြစ်နိုင်တာမို့ လှေခါးထစ်လို တစ်ထစ်ချင်း တက်သွားလိုက်ပါ။

ကိုယ့်အပေါ်ကောင်းတဲ့သူတွေနဲ့ အမြဲအဆက်အသွယ်လုပ်ပါ။

ပတ်ဝန်းကျင်က ပြောဆိုနေတာ၊ စနောက်လှောင်ပြောင်တာတွေကို လျစ်လျူရှုထားလိုက်ပါ။

အပေါ်က ပြောပြပေးသွားတဲ့ အချက်တွေကိုသာ အချိန်ပေးလုပ်ဆောင်မယ်ဆိုရင် ဘယ်မှလဲ အထီးကျန်ခြင်းဆိုတာ။ ကိုယ်က အထီးကျန်ရမှာကြောက်နေတယ်ဆိုရင် ဒါကို တဖြည်းဖြည်းချင်း တွန်းထုတ်ပစ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ပြီးတော့ ပတ်ဝန်းကျင်ကပြောနေတဲ့ အထီးကျန်ဝေဒနာနဲ့ တကယ့် အထီးကျန်တဲ့စိတ်ခံစားချက်ဟာ အများကြီးကွဲပြားခြားနားတယ်ဆိုတာကိုလည်း သိရှိနားလည်နိုင်ပါစေ။

မေသော်

Share

Loading Next Article...
က္က