သူ့ကြောင့် သူတပါး ဝန်ပိမှာ၊ အားနာရမယ့်ကိစ္စမျိုးတွေ အမြဲရှောင်ရှားရင်း ရှင်သန်နေကြရတာမို့ သူများထက် အဆပေါင်းများစွာ ပင်ပန်းတယ်လို့ ဆိုချင်ပါတယ်။
May Thaw

ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဒါမှမဟုတ် အလုပ်ခွင်ထဲက အမျိုးသမီးတွေထဲမှာ အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့သူမျိုးတွေ တွေ့ဖူးမှာပါ။

အမိုးသမီးသမီးတစ်ဦးဟာ အားလုံး အထင်ကြီးရတဲ့သူ၊ အခက်အခဲ၊ နာကျင်စရာတွေဆိုလည်း သူများနဲ့မတူ ကျော်ဖြတ်နိုင်တဲ့စိတ်ခွန်အား ရှိသူမို့ လေးစားရတဲ့သူ၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ပြီး အများအကျိုးကိုလည်း တတ်နိုင်သမျှ လုပ်ဆောင်ပေးတတ်သူမို့ သူမဆီက သင်ယူစရာတွေမကုန်နိုင်ဘူးလို့ ခံစားရတဲ့သူ၊ နွေးထွေးတဲ့မိသားစု၊ ချိုမြိန်တဲ့ အချစ်ရေး ပိုင်ဆိုင်ထားသူမို့ ကိုယ် အမြဲတမ်းအားကျရတဲ့သူတစ်ယောက် ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလူဟာ မဒီကိုယ်တိုင်တောင် ဖြစ်ချင်ဖြစ်နေနိုင်ပါသေးတယ်။ ဒါပေမယ့် အဲဒီအကောင်းဆုံးဆိုတဲ့ အရာတွေရဲ့နောက်ကွယ် စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေ အမြဲရုန်းကန်နေရတဲ့အပိုင်းတွေ နိစ္စဓူဝရှိနေတယ်ဆိုတာ ဘယ်သူမှသတိမထားမိတတ်ကြပါဘူး။ သူတို့တွေ နာကျင်ခံစားရတဲ့ အခါ တခြားလူတွေထက် ပိုနက်တဲ့ဒဏ်ရာတွေ ရသလိုကို ခံစားကြရတာပါ။ ဒါဘာ့ကြောင့်များလဲ။ သူဟာ စိတ်ဓာတ်မာကျောပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူပဲလို့ အလွယ်လေး တွေးမိရင် မှားပါလိမ့်မယ်။

တကယ်တော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူထမ်းထားတဲ့ဝန်ကိုလည်း လျှော့မပစ် နိုင်သလို၊ သူ့ကြောင့် ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မပေးချင်တာတွေ၊ သူ့ကြောင့် သူတစ်ပါး ဝန်ပိမှာ၊ အားနာရမယ့်ကိစ္စမျိုးတွေ အမြဲရှောင်ရှားရင်း ရှင်သန်နေကြရတာမို့ သူများထက် အဆပေါင်းများစွာ ပင်ပန်းတယ်လို့ ဆိုချင်ပါတယ်။ ပျော်ရွှင်ဖို့အတွက်လည်း ရုန်းကန်ကြိုးစားနေရသေးတယ်လို့ ဆိုရင် မဒီတို့ကိုယ်တိုင် စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ ဖြစ်ချင်ပါတော့မလားပဲ။ ပြောချင်တာကတော့ ဘယ်လောက်စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ ဖြစ်ပါစေ၊ သူဟာ လူတစ်ယောက်ပါ။ အဲဒီလူဟာ သူများနဲ့မတူဘဲ ဒီလိုအရာတွေကို ခံစားနေကြရပါတယ်။

(၁) သူ့အားသူ ကိုးရတယ်။

အရာရာတိုင်းအတွက် သူများကို အားကိုးဖို့ဘယ်တော့မှမစဉ်းစားတတ်ဘဲ ကိုယ့်အား ကိုယ်ကိုးချင် တတ်ကြသူတွေမို့ သူတို့တွေပင်ပန်းကြရတာ မထူးဆန်းတော့ပါဘူး။ ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်နဲ့မို့ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကြောင့်လည်း ပါပါတယ်။ ဒီစိတ်လေးက ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်စေတာမို့ ကောင်းတယ်လို့ ပြောရမှာပါ။ တစ်ဖက်မှာကျတော့ သူများကိုနည်းနည်းမှ အားမကိုးချင်တော့ဘဲ ကိုယ်မတတ်နိုင်တဲ့ကိစ္စတစ်ခုခု ကြုံလာရင်တောင် တစ်ပါးသူကို အကူအညီ မတောင်းချင်တော့တာကြောင့် အခက်အခဲတွေ ပိုကြုံရပါတယ်။

(၂) အားလုံးရဲ့ပြသနာတွေက သူ့ပခုံးပေါ် ရောက်နေသလိုပဲ။

မိသားစုပြဿနာတွေ မှန်သမျှ သူပဲဒိုင်ခံဖြေရှင်းပေးတတ်သလို သူငယ်ချင်းတွေ ကြုံရတဲ့ အရေးပေါင်းများစွာ၊ အခက်အခဲ၊ နာကျင်မှုစတာတွေကိုလည်း သူနားထောင်ပြီး အကြံပေးရတယ်။ လူတိုင်းက သူ့ကိုဆို အကူအညီလိုပြီ၊ အကြံဉာဏ်လိုပြီဟေ့ဆို အနားရောက်လာကြရော။ လူတစ်ယောက်ဟာ တစ်ပါးသူရဲ့ ပြဿနာကို နားထောင်ပေးချိန် တစ်ဖက်နားကဝင် နောက်တစ်ဖက်က ပြန်ထွက်သွားဖု့ိဆိုတာ မလွယ်ပါဘူး။ အနည်းဆုံးစဉ်းစားအကြံပေးနေရချိန် ကိုယ်တိုင်ဝင်ခံစားတတ်တာ သဘာဝပါ။ ဒီတော့ အနည်းနဲ့အများ စိတ်ပင်ပန်းကြရတယ်။ ဒီထက်ကြီးမားတဲ့ အကူအညီမျိုးတွေ ပေးရပြီဆိုရင်တော့ ဘယ်လောက်စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ ဖြစ်ပါစေ၊ ပင်ပန်းတဲ့အချိန်ကတော့ ရှိကိုရှိလာမှာပါပဲ။

(၃) ကိုယ့်ပြဿနာကျတော့ နားထောင်ပေးမယ့်သူ၊ ရင်ဖွင့်ရမယ့်သူမရှိဘူး။

ကိုယ့်ကိုအားလုံးက ဒီအမျိုးသမီးက စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ တစ်ယောက်လို့ သတ်မှတ်လေလေ၊ သူ့ပြဿနာသူဖြေရှင်းနိုင်တယ်လို့ ထင်လေလေပါ။ ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ထင်ကြတာမို့ ပြဿနာတွေကို နားထောင်ပေးမယ့်သူ မရှိတတ်ပါဘူး။ ခက်တာက ကိုယ်တိုင်ကလည်း ကြိတ်ခံစားတတ်ပြီး သူတစ်ပါးကို ကိုယ့်အပူမပေးဘူးဆိုတဲ့ စိတ်ကသာကြီးစိုးနေတတ်ကြတယ်။ ရင်ဖွင့်လိုက်ရင် ပေါ့သွားမယ့်ကိစ္စမျိုးကို စိတ်ထဲထည့်ပြီး နေရတာမို့ ဘယ်လောက်ဆိုးရွားသလဲဆိုတာ အဲ့ဒီလူတွေသာ သိပါလိမ့်မယ်။

Photo:မေသွန်သွန်ချစ်

(၄) တခြားသူတွေကို ဂရုစိုက်တတ်ပေမယ့် ကိုယ့်ကိုကိုယ်ကျ ဂရုမစိုက်တတ်ဘူး။

စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ်ကလွဲပြီး ဘေးပတ်ဝန်းကျင်က မိတ်ဆွေ၊ အပေါင်းအသင်း၊ မိသားစုဝင်တွေကိုကျ အရမ်းကိုဂရုစိုက်ပေးတတ်ပါတယ်။ သူတို့ နာကျင်မှု၊ ပျော်ရွှင်မှုတွေအထိပါ ကိုယ်တိုင်ခံစားပေးတတ်တဲ့သူက ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ကျ မေ့တယ်တတ်တယ်ဆိုရင် ပိုတယ်ဆိုမလားပဲ။ ဒါဟာ ကောင်းတဲ့အချက်လည်း မဟုတ်ပါဘူး။ ပြောင်းပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ကိုကိုယ်ဂရုစိုက်မှသာ အခြားသူကိုရေရှည်မှာ ပိုကောင်းကောင်းဂရုစိုက်နိုင်မယ် မဟုတ်ပါလား။ ဒီအချက်လေး အရေးကြီးပါတယ်။ စာရေးသူရဲ့ သူငယ်ချင်းက ဒီလိုလူမျိုးမို့ သူ့ကို အမြဲသတိပေးရတဲ့အချက်ပါပဲ။ ကိုယ့်ကိုကိုယ် မေ့မထားဖို့နဲ့ ကိုယ်ကသာ နံပါတ် (၁) နေရာ ထားဖို့ပါ။ ဒါက တကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ အပေါ်မှာပြောသလို သူတစ်ပါးကောင်းကျိုးကို ရှေးရှုတဲ့သူတွေဟာ ကိုယ့်ကိုကိုယ်အရင်ရှေးရှုကြိုးစားမှသာ အားလုံးကို လက်တွဲခေါ်ဆောင်နိုင်မယ့်သဘောလေးပါ။

(၅) သူခုလိုစိတ်အင်အားတွေရနေတာ၊ စိတ်ဓာတ်ခိုင်မာနေတာ ဘာ့ကြောင့်လဲ ဘယ်သူမှမသိကြပါဘူး။

လူတစ်ယောက်ဟာ ငယ်စဉ်အရွယ်မှာ၊ ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်တွေမှာ ကိစ္စကြီးကြီးမားမားကို ရင်ဆိုင်တွေ့ကြုံရတာမျိုး၊ စိတ်ဒဏ်ရာရစရာ ကိစ္စမျိုးကို ရင်ဆိုင်ကျော်ဖြတ်ရတာမျိုး၊ ဆိုးရွားတဲ့ အတိတ်ရှိခဲ့တာမျိုး စတာတွေကြောင့် အရွယ်ရောက်လာတဲ့အခါမှာ သူများနဲ့မတူူဘဲ စိတ်ဓာတ်မာကြောနေတာ၊ ပြဿနာတွေကို အလွယ်တကူ ကိုင်တွယ်နိုင်တာမျိုးတွေ ဖြစ်နေတတ်တာများပါတယ်။ ဒီတော့ လူတွေကတော့ ဘာ့ကြောင့် ဒီအမျိုးသမီး အခုလိုအံ့သြစရာကောင်းအောင် ဝန်တွေကိုထမ်းနိုင်နေတာလဲ၊ ဘယ်လိုအားတွေနဲ့ ဖြတ်သန်းနေတာလဲဆိုပြီး တွေးမိကြပေမယ့် သူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ နာကျင်စရာအတိတ်က ဘာဆိုတာတော့ မသိကြတာများပါတယ်။ ဒီအတိတ်၊ ဒဏ်ရာတွေက သူမအတွက်တော့ အခုလိုအမျိုးသမီးတစ်ယောက်ဖြစ်အောင် ပြောင်းလဲပစ်လိုက်တာတွေပေါ့။ သူမဟာ အခြားတစ်ယောက်လို ပြောင်းလဲသွားပေမယ့် ဒီဒဏ်ရာကိုတော့ ဘယ်တော့မှမေ့မှာ မဟုတ်ဘူးလေ။

Photo:ရှင်ငြိမ်းမယ်

ဒီစာကိုဖတ်နေတဲ့ မဒီကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်က အမျိုးသမီးတစ်ယောက်ဖြစ်စေ ဒီလို စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့သူ ဖြစ်နေမယ်ဆိုရင် သူ့အနေနဲ့ တချို့ရက်တွေမှာ ဘာအလုပ်မှမလုပ်ချင် လောက်အောင် စိတ်ထဲနာကျင်ရတဲ့အပိုင်းတွေ ရှိတတ်တာမို့ ၊ “သူက ငါတို့ထင်ထားသလို မဟုတ်ပါလား” ဆိုတာမျိုး၊ “ငါဘာဖြစ်လို့ အခုလို စိတ်ဓာတ်ကျသလိုဖြစ်နေရတာလဲ” ဆိုပြီး ကိုယ့်ကိုကိုယ် စိတ်ပျက်တာမျိုးတွေ မလုပ်သင့်၊ မမျှော်လင့်သင့်ဘူးလို့ ဆိုချင်ပါတယ်။ ဘယ်လိုပဲ ဘယ်လောက်ပဲကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေပါစေ၊ လူဟာလူပါပဲ။ ဝန်တအားထမ်းလွန်းတဲ့အခါ စိတ်ကပင်ပန်းပြီး ရုပ်ကျလာတတ်ပါတယ်။ နောက်တစ်ချက် ကျန်းမာရေးပါ ထိခိုက်လာတာမျိုး ကြုံရနိုင်လို့ပါ။ လူတွေကိုယ့်ကို ဘယ်လောက်၊ ဘယ်လို မျှော်လင့်နေကြပါစေ၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပေးနိုင်ရင် ကိုယ့်ကိုကိုယ် ဂုဏ်ပြူချီးကျူးရင်း ဆုချပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားရင်း သူတစ်ပါးက တန်ဖိုးထားတဲ့သူမို့ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်တတ်ပါစေ။ ကိုယ့်ကိုကိုယ် လျစ်လျူရှုပြီး သူတစ်ပါးအရေးကို အတင်းဆောင်ရွက်နေတဲ့ သူဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဖြစ်နေရင်တောင် မတွေးတောမဆင်ခြင်တတ်တဲ့သူ ဖြစ်သွားမှာကို သတိပြုစေချင်ပါတယ်။ 


က္က