ကိုယ့်ကိုယ်ကိုယ်အရင်ဂရုမစိုက်ဘူးဆိုရင် ကိုယ်ချစ်ရသူတွေကို ဘယ်လိုများ ဂရုစိုက်ပေးနိုင်မှာတဲ့လဲ။ စိတ်ပူရတဲ့အကြောင်းရင်းတွေ ရာချီရှိတတ်ကြပြီး အဲဒီကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာရင်တော့ တခြားကိစ္စတွေထက် အရေးတကြီး ဖြေရှင်းသင့်တဲ့အရာဟာ ဒီဖိစီးမှုတွေကို ရှင်းထုတ်ပစ်ဖို့က အရေးအကြီးဆုံးပါ။
May Thaw

ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ မိသားစုရေးရာ၊ ကိုယ်လုပ်နေရတဲ့အလုပ်၊ ကိုယ့်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေး၊ တခြားလူမှုဆက်ဆံရေးစတဲ့ တစ်မျိုးမဟုတ်တစ်မျိုးကြောင့် တခြားလူကို ဖွင့်ဟပြီးမပြောဖြစ်၊ ရင်မဖွင့်ဖြစ်ပေမယ့် ကိုယ့်စိတ်ထဲ ဖိစီးမှုတွေခံစားရတာမျိုး ရှိနေတတ်ကြပါတယ်။ စိတ်ရှုပ်ထွေးတာ၊ စိတ်ဖိစီးတာတွေကို ရှင်းထုတ်ပစ်ဖို့ နည်းလမ်းမရှာမိဘဲ ဒါကြီးထဲရေရှည်နစ်သွားမယ်ဆိုရင် စိတ်ဓာတ်ကျတဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ လူတိုင်းဟာ ကိုယ်ချစ်ရတဲ့သူတွေကို ဂရုစိုက်ပေးချင်၊ သူတို့နဲ့အတူရှိချင်တတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ်အရင်ဂရုမစိုက်ဘူးဆိုရင် ကိုယ်ချစ်ရသူတွေကို ဘယ်လိုများ ဂရုစိုက်ပေးနိုင်မှာတဲ့လဲ။ စိတ်ပူရတဲ့အကြောင်းရင်းတွေ ရာချီရှိတတ်ကြပြီး အဲ့ဒီကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာရင်တော့ တခြားကိစ္စတွေထက် အရေးတကြီး ဖြေရှင်းသင့်တဲ့အရာဟာ ဒီဖိစီးမှုတွေကို ရှင်းထုတ်ပစ်ဖို့က အရေးအကြီးဆုံးပါ။

ဒီအကြောင်းကို Production Manager တစ်ယောက်ဖြစ်တဲ့ De Dee က “ပထမအလုပ် MRTV-4 မှာတုန်းကဆိုရင် စိတ်ဖိစီးမှုတအားများတယ်။ အဲ့ဒီဖိစီးမှုတွေကို ဖြေဖျောက်ဖို့အချိန်လည်း မရှိဘူး။ ကြာတော့ လူက ပိုပြီးဆိုးလာတယ်။ နောက်ပိုင်းကျတော့ ကိုယ်လုပ်နေတဲ့အလုပ်က Work Done ဖြစ်သွားတော့မှ Stress က လျော့ကျသွားတာပေါ့နော်။ အဲ့ဒီအချိန်တုန်းကကျတော့ ဖိစီးမှုတွေကြားထဲကပဲ ဖြစ်လာတာကို လုပ်ကိုလုပ်ရမယ်။ မရရင် ဘာလို့ မရတာလဲဆိုတာကို အဖြေရှာတယ်။ လုံးဝမရတော့ဘူး ဆိုရင်တော့ ဖြစ်နိုင်တဲ့တခြားနည်းလမ်းတစ်ခုနဲ့ ဆက်လုပ်လိုက်တယ်။ တစ်ဖက်မှာဘာဖြစ်လာလဲဆိုတော့ Stress ရယ်လို့ ကြီးကြီးမားမားခံစားရပြီဆိုရင် လူကအရမ်းအားငယ်တတ်လာတာပေါ့။ အားပေးတာကို လိုချင်တယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက သူငယ်ချင်းမရှိခဲ့တော့ စကားပြောစရာလူမရှိဘူး။ ပြီးတော့ တစ်ယောက်ယောက်ကိုလည်း ရင်ဖွင့်ပြီး ပြောဖြစ်တာမျိုးကလည်းရှားတယ်။” လို့ သူမက ပြောပြလာပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ De Dee ဟာ စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်း စတင်ရှာလာပါတော့တယ်။

“အမှန်ဆိုရင်တော့ ညီမကတော့ Stress ပိတာပဲဖြစ်ဖြစ် စိတ်ညစ်တာပဲဖြစ်ဖြစ် အရမ်းမြိုသိပ်ပြီး မြုံထားတတ်တဲ့လူမျိုးပေါ့။ အဲဒါကကြာလာတော့ စိတ်ကျသွားတဲ့အထိ တစ်ခါတလေဖြစ်လာတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တယ်။ Stress ရှိလာရင် ကိုယ်က ဘယ်လိုပုံစံမျိုးနဲ့ကိုက်ပြီး ကိုယ့်စိတ်ကိုဘယ်လိုဖြေဖျေက်ရမလဲဆိုတာက အရေးကြီးလာပြီ၊ သိလည်း သိသင့်တယ်ဆိုတာ သဘောပေါက်သွားတယ်။ ဖိစီးမှုတွေအရမ်းများလာတော့မှ ဒီပြဿနာကို ဖြေရှင်းတာထက် ကိုယ်စိတ်ဖိစီးတာကို ခံစားမိပြီဆိုတာနဲ့ ဖြေရှင်းသင့်ပါတယ်။ Depression တွေဝင်လာတဲ့အထိ စောင့်မနေသင့်ပါဘူး။ အချိန်မဆွဲသင့်ပါဘူး။ အခုတော့ ကိုယ်အလုပ်ကြောင့်၊ ကိစ္စတစ်ခုခုကြောင့် ဒီလိုခံစားလာရပြီဆိုတာနဲ့ အယုံကြည်ရဆုံးလူကိုရှာပြီး ရင်ဖွင့်လိုက်တယ်။ နောက်တစ်နည်းကကျတော့ လုပ်နေတဲ့အလုပ်ကို ခဏနားပြီး ကိုယ့်စိတ်ကို Relax ပြန်ဖြစ်စေမယ့် Video ဒါမှမဟုတ် Learning လုပ်လို့ရမယ့်ဟာတစ်ခုခုကို စိတ်ပြောင်းပြီးကြည့်လိုက်တယ်။ အဲ့ဒီအချိန်ကျ လူကသိသိသာသာကို ဖိစီးမှုတွေ သက်သာသွားတယ်” လို့ De Dee က သူဖြေရှင်းတဲ့ နည်းလမ်းတွေကို ပြောပြပါတယ်။

သူမပြောပြသွားတဲ့နည်းလမ်းတွေအပြင် မဒီတို့အနေနဲ့ ကိစ္စရပ်တစ်ခုခုကြောင့် စိတ်ဖိစီးမှုဖြစ်လာပြီဆိုတာနဲ့ လုပ်ဆောင်နိုင်တဲ့ အခြားသောနည်းလမ်းလေးတွေလည်း ရှိပါသေးတယ်။ အဲ့ဒီနည်းလမ်းတွေကတော့….

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မိပါစေနဲ့။

လူတွေဟာ ပြဿနာတစ်ခုခု၊ စိတ်ပျက်အားငယ်စရာ၊ စိတ်ဖိစီးမှုတွေ ခံစားရင်ဆိုင်လာရရင် ငါဒီလိုမလုပ်သင့်ဘဲ လုပ်လိုက်လို့၊ ငါ့ကြောင့်၊ ငါလုပ်ခဲ့လို့ ၊ ငါ့အမှားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတတ်ကြတာမို့ ကိုယ့်ကိုယ်ကိုယ့်အပြစ်မတင်ဘဲ ကြင်ကြင်နာနာလေး တွေးကြည့်ပါ။ စိတ်သက်သာရအောင် ကြိုးစားကြည့်ပါ။

အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုပါ၊ ကိုယ့်စိတ်အေးချမ်းမယ့်နေရာတစ်ခုခုကိုသွားပါ။

ပြဿနာကြီးကြီးမားမားကြုံတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါတွေမှာလုပ်လေ့ရှိတဲ့အတိုင်း အသက်ကို ခပ်ပြင်းပြင်းရှုထုတ်ပြီး အဆောက်အအုံထဲမှာ ထိုင်နေတာထက် လေကောင်းလေသန့်ရနိုင်မယ့် နေရာသွားပြီး ခဏလောက်ဖြစ်ဖြစ် ထိုင်လိုက်ပါ။ ဒါမှမဟုတ် သွားနေကျ ကိုယ်သဘောကျတဲ့နေရာမျိုး၊ ကော်ဖီဆိုင်မျိုး၊ စာအုပ်ဆိုင် စတဲ့နေရာမျိုးလေးတွေ သွားလိုက်ပါ။

အိပ်ယာစောစောဝင်လိုက်ပါ။

အတွေးတွေအရမ်းများပြီး မွန်းကျပ်နေပြီ၊ ဦးနှောက်တွေပူတဲ့အထိ ဟိုစဉ်းစားဒီစဉ်းစား လုပ်နေမယ့်အစား အိပ်ယာစောစောဝင်ပြီး အိပ်ရေးဝဝအိပ်လိုက်တာက စိတ်ဖိစီးမှုတွေကို လျော့ကျသွားစေပါတယ်။

အဆိပ်သင့်နေတဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ပစ်ပါ။

လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အချစ်ရေးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုစိတ်ဖိစီးမှုတောက်လျှောက်ပေးနေတဲ့သူတွေနဲ့ အဆက်အသွယ်လုံးဝမလုပ်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးပါ။ ပြဿနာက သူတို့ဆိုတာ သေချာရင် သူတို့နဲ့ လက်တွဲဖြုတ်ဖို့ မတွန့်ဆုတ်ပါနဲ့။

ဆိုရှယ်မီဒီယာတွေနဲ့ အချိန်မကုန်မိပါစေနဲ့။

စိတ်ထဲမွန်းကျပ်ပြီး စိတ်ဖိစီးမှုခံစားနေရသူတွေဟာ လူမှုကွန်ရက်နဲ့ဆိုရှယ်မီဒီယာတွေကို လုံးဝမသုံးသင့်ပါဘူး။ ချက်ခြင်းကြီး ရပ်တန့်ပစ်ဖို့မလွယ်ရင် သုံးတဲ့အချိန်ကို လျှော့ချလိုက်ပါ။

ခရီးထွက်ပါ၊ အားကစားလုပ်ပါ၊ တရားထိုင်ပါ။

စိတ်ဖိစီးမှုခံစားနေတဲ့အခါ စိတ်ကိုပြန်လည်လန်းဆန်းလာအောင် လုပ်နိုင်တဲ့အရာတွေထဲမှာ ခရီးသွားတာ၊ အားကစားလုပ်တာ၊ တရားထိုင်တာတွေက ထိပ်ဆုံးမှာရှိနေပါတယ်။ သူတို့ကိုပုံမှန်မလုပ်ပေးနိုင်ရင်တောင် စိတ်ဖိစီးမှုခံစားလာရပြီဆိုတာနဲ့ ကိုယ်နဲ့အဆင်ပြေမယ့်အရာကို စတင်လုပ်ဆောင်ကြည့်ပါ။

အသစ်တစ်ခုခုကို စမ်းလုပ်ကြည့်ပါ။

နေရာသစ်တစ်ခုခုကို သွားတာ၊ သင်တန်းတစ်ခုခုကို တက်တာ၊ လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့တာ၊ စားသောက်ဆိုင် အသစ်မှာ သွားစားတာ စတဲ့ကိုယ်လုပ်နေကျမဟုတ်တဲ့ အသစ်တစ်ခုခုကို စမ်းပြီးလုပ်ဆောင်ကြည့်မယ်ဆိုရင် မထင်မှတ်လောက်အောင် စိတ်ဖိစီးမှုတွေလျော့ကျသွားတာ တွေ့ရပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမယ့်အရာတွေကို မလုပ်ဘဲ နေကြည့်ပါ။

မနက်ကနေ ညအထိ ဘယ်အချိန်ဘာလုပ်ရမယ်ဆိုတဲ့ အချိန်စာရင်းကိုခဏပစ်ထားလိုက်ပြီး ကိုယ့်စိတ်ထဲ လုပ်ချင်တာတွေလုပ်ပါ၊ အိပ်ယာထဲခွေနေချင်လည်း ခွေနေပါ၊ ဇာတ်ကားကြည့်ချင်လည်း ကြည့်လိုက်ပါ။ လှလှပပလေး ဝတ်စားပြီး အပြင်ထွက်ချင်လည်း ထွက်လိုက်ပါ။ ကိုယ့်ကိုစိတ်ကြည်လင်စေမယ့်ဘယ်အရာမဆို လုပ်ဆောင်ကြည့်ပါ။

လူတိုင်း စိတ်ကျေနပ်စေဖို့ မလိုက်လျောပါနဲ့။



ဟိုလူ့စိတ်တိုင်းကျ လိုက်လုပ်ပေးရတာ၊ ဒီလူ့စိတ်တိုင်းကျပြုမူနေရတာ၊ သူ့အကြောင်းတွေချည်း နားထောင်ပေး၊ အကြံပေးပြီး ကိုယ့်အကြောင်းကျရေငုံနှုတ်ပိတ်နေရတာ စတာတွေက အဆင်မပြေပါဘူး။ စစ်မှန်တဲ့ မိတ်ဆွေတွေနဲ့သာ ဆက်ဆံပါ။ ကိုယ့်ကိုလူတိုင်းကချစ်အောင် လူတိုင်းကို လိုက်လျောဆက်ဆံနေစရာ မလိုပါဘူး။ ကိုယ့်ပုံစံအတိုင်းသာ နေထိုင်ပါ။

ကိုယ့်ကိုကိုယ်ချစ်ပါ။

ဒီအချက်က အရေးအကြီးဆုံးအချက်ပါ။ ကိုယ့်ကိုကိုယ်ချစ်ဖို့ထက် အရေးကြီးတဲ့အရာဘာမှမရှိပါဘူး။ ကိုယ့်ကိုကိုယ်ချစ်မှသာ၊ ကိုယ့်ကိုကိုယ်ပထမဦးစားပေး ဂရုစိုက်မှသာ အခြားကိုယ်သဘောကျတဲ့ ချစ်ရတဲ့လူတွေကို ဂရုစိုက်ချစ်ပေးနိုင်မှာ ဖြစ်ပြီးတော့ ကိုယ်လုပ်ချင်တဲ့အရာတွေကို အေးဆေးလုပ်နိုင်မှာ ဖြစ်တာကြောင့် ကိုယ့်ကိုကိုယ်ချစ်တတ်အောင် ကြိုးစားပါ။

ဒီအချက်ကလေးတွေဟာ မဒီတို့စိတ်ဖိစီးမှုတွေ အပြင်းအထန်ခံစားနေရချိန်မှာ ဖိစီးမှုတွေလျှော့ချပစ်နိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ လူတွေနဲ့ဆက်ဆံပြောဆိုလုပ်ကိုင်ရတဲ့ နယ်ပယ်တိုင်း၊ အခြေအနေ အရပ်ရပ်တိုင်းမှာ ဖြစ်ပေါ်ခံစားလာရတဲ့ စိတ်ဖိစီးမှုတွေကို အရေးမကြီးဘူးလို့ လျစ်လျူရှုမထားဘဲ အခုပဲဒီနည်းလမ်းလေးတွေသုံးပြီး ဖိစီးမှုတွေ ဖြေလျော့ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။


က္က