ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင် တည်ဆောက်ယူရမှာပါ။ သူတပါးအပေါ်တည်မှီတဲ့ ပျော်ရွှင်မှုဟာ စိတ်ဆင်းရဲစရာတွေချည်းပဲ ကြုံတွေ့ရပါလိမ့်မယ်။
Thin Nu Swe

လူတိုင်းမှာ စိတ်ညစ်စရာဆိုတာ ရှိစမြဲပါပဲ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဆိုတာ သူများပေါ် မူတည်ရမှာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ပျော်ရွှင်မှု…။ ဒီစကားလုံးလေးဟာ လူတိုင်းအတွက် မက်မောဖွယ်ရာ စကားလုံးလေးဖြစ်ပါတယ်။ လူတိုင်းလိုချင်ကြပေမယ့် ခက်ခဲလွန်းတဲ့အရာဖြစ်ကြောင်းကိုလည်း လူတိုင်း လက်ခံထားကြပါတယ်။ ဒီပျော်ရွှင်မှုဆိုတဲ့ အရာက ငွေရှိနေလို့လည်း ရချင်မှ ရတာမျိုးပါ။ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ရတယ်လို့ လူတိုင်းက ဘယ်လိုပဲ ပြောနေကြပါစေ။ ဒါဟာ မှန်သင့်သလောက် မှန်သော်ငြားလည်း တကယ်တမ်းကျ နေရာတိုင်းမှာ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ မရနိုင်ပါဘူး။ ဒီလို ငွေနဲ့ ဝယ်လို့မရနိုင်တဲ့ ပျော်ရွှင်မှုကို ရရှိဖို့ရာ ဘယ်လိုနည်းလမ်းတွေ အသုံးပြုဖို့ လိုအပ်ပါသလဲ။

အရာအားလုံးကို ဆုပ်ကိုင်ဖို့မကြိုးစားပါနဲ့

ပျော်ရွှင်မှုကို လိုချင်တယ်ဆိုရင်တော့ အစွဲအလမ်းကြီးတာတွေဖျောက်ရမှာပါ။ အစွဲအလမ်းတွေဟာ ကိုယ့်ပျော်ရွှင်မှုရဲ့ အကြီးမားဆုံးရန်သူပါပဲ။ ဒီစွဲလမ်းမှုကြောင့် ပူလောင်နေတဲ့ ကိုယ့်ရဲ့ စိတ်ဟာ ပျော်ရွှင်မှုဆိုတာနဲ့ ဝေးနေမှာပါ။ ကိုယ်သဘောကျ စွဲလမ်းရတဲ့ အရာဝတ္ထုပစ္စည်း ရလိုက်လို့ ကိုယ်ပျော်ရတယ်ဆိုရင်တောင် ဒီအရာဝတ္ထုပစ္စည်းလေး မပျက်ဆီးသွားချိန်ထိပဲ ပျော်ရမှာပါ။ ဒါ့ကြောင့်မို့ အစွဲအလမ်းတွေကို လျှော့တာက မဒီတို့ကို စိတ်ချမ်းသာစေမယ့် ပထမဆုံးအချက်ပါပဲ။

ဒေါသတွေနဲ့ တစ်နေ့တာကို မကုန်ဆုံးပါနဲ့

အမျိုးသမီးတွေက အမြဲ တစ်ခုမဟုတ် တစ်ခု ဘဝင်မကျဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ် စိတ်တိုင်းမကျဖြစ်ပြီး ဒေါသထွက်ရတဲ့ အရာက ဘာမဟုတ်တာလေးလည်း ဖြစ်နေတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စိတ်ထဲကို ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ ပူလောင်ဒေါသမထွက်ရပါစေနဲ့။ သူများပေးတဲ့ စိတ်အမှိုက်တွေကို မယူမိအောင် ဂရုစိုက်ပါ။ တစ်နေ့တာလုံး ကိုယ်က သူများကြောင့် ဒေါသထွက်နေမယ်ဆိုရင် ကိုယ့်အတွက် အရှုံးချည်းပါပဲ။ ကိုယ့်ရဲ့ အပြုံး အပျော်တွေသာလျှင် ဘဝရဲ့ အနိုင်ဖြစ်မှာပါ။ ဒါ့ကြောင့်မို့ တစ်ခုခုကို ဒေါသထွက်လာပြီဆိုရင် ငါ ဘယ်သူ့ကိုမှ အရှုံးမပေးဘူးလို့ တွေးပြီး စိတ်ဖြေလိုက်ပါ။

ကိုယ့်စိတ်ကို ပူလောင်မှုတွေနဲ့ ဝေးရာမှာထားပါ

လူဆိုတာကတော့ စိတ်ညစ်တာတွေ ပျော်ရွှင်တာတွေ ရှိနေမှာပါပဲ၊ ဒီလို ဒွန်တွဲနေတဲ့ ဘဝမှာ စိတ်ညစ်စရာချည်းကိုပဲ အာရုံရောက်နေလို့တော့ မရပါဘူး။ စိတ်ညစ်စရာကို ကိုယ်က အာရုံနောက်နေမယ်ဆိုရင် ဘဝက ဘယ်တော့မှ ပျော်စရာမကောင်းတော့ပါဘူး။ ဒီတော့ ကိုယ် စိတ်ညစ်ရတဲ့အကြောင်းတွေရဲ့ တခြားတစ်ဖက်က အဆင်ပြေစေမယ့် အချက်ကလေးတွေကို တွေးကြည့်ပါ။ ဒီလို စိတ်ညစ်ရတဲ့အကြောင်းရင်းရဲ့ တစ်ဖက်က ကိုယ့်အတွက် အဆင်ပြေစေမယ့် အရာက ဘာဖြစ်မလဲဆိုတာအမြဲ တွေးပါ။ ဒါကို သူများတွေကတော့ အကောင်းမြင်တတ်တယ်လို့ ခေါ်ချင်ခေါ်ပါလိမ့်မယ်။ ကိုယ်ကတော့ အဆိုးတွေကနေ အမြတ်ရအောင် ထုတ်တယ်လို့ပဲ သတ်မှတ်လိုက်ပါ။

အဆိုးတွေကို ကိုယ့်ရဲ့ စိန်ခေါ်မှုလို့ သတ်မှတ်ပါ



လူ့ဘဝကြီးမှာ အဆိုးတွေကတော့ မသေမချင်း လာနေဦးမှာပါပဲ။ လာသမျှ အဆိုးတွေကို ထိုင်စိတ်ညစ်နေလို့တော့ မရပါဘူး။ အမြဲတမ်းလာနေမယ့် ဧည့်သည် အဆိုးတွေကို ကိုယ်က စိန်ခေါ်မှုလို့ ခေါင်းစဉ်တပ်လိုက်ပါ။ ဒီအဆိုးတွေကို ကိုယ့်ဘက်က ဘယ်လို အောင်မြင်အောင် ဖြတ်ကျော်လွှားမလဲဆိုတာကို အမြဲခေါင်းထဲထည့်ထားပါ။ အဆိုးရလဒ်တွေအတွက် ဘယ်တော့မှ စိတ်ဓာတ်ကျသိမ်ငယ်မနေပါနဲ့။ ကိုယ့်ကို စိန်ခေါ်နေတယ်လို့ တွေးမှတ်ပြီး ဒီအဆိုးတွေကို အကောင်းဆုံး ကျော်လွှားနိုင်အောင်သာ ရင်ဆိုင်ပါ။ 

ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်ယူပါ

အပေါ်မှာ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်ယူလို့မရဘူးလို့ပြောခဲ့ပြီး ခုတစ်ခါ ငွေနဲ့ ဝယ်ယူပါပြောပြန်ပြီဆိုပြီး စောဒကတက်စရာပါပဲနော်။ ဒီပျော်ရွှင်မှုကို ဝယ်ယူဖို့ကတော့ ကိုယ့်အတွက်ဝယ်ယူရတာမျိုးမဟုတ်ပါဘူး။ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအတွက် လက်ဆောင်ပစ္စည်းဝယ်ပေးတာမျိုးကို ဆိုလိုတာပါ။ မိဘ၊ ဆွေမျိုးမောင်နှမ ၊ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်း ကိုယ်တန်ဖိုးထားသူတွေအတွက် သူတို့လိုအပ်နေတဲ့ အရာလေးတွေကို ဝယ်ပေးရတာကလည်း ကိုယ့်အတွက် ငွေနဲ့ ဝယ်ယူရတဲ့ ပျော်ရွှင်မှုမျိုးပါပဲ။ ကိုယ်တကယ်တန်ဖိုးထားသူတွေကို ဝယ်ပေးတာမျိုးတော့ ဖြစ်ပါစေ။

အကောင်းဆုံးတွေကို မျှော်လင့်မထားပါနဲ့

ရလဒ်ကို အကောင်းဆုံးမမျှော်လင့်ပါနဲ့။ လုပ်ရပ်တိုင်းတော့ အကောင်းဆုံး ဖြစ်ပါစေ။ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ပြီးပြည့်စုံတာ မရှိဘူးဆိုပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို လျှော့ချထားစရာမလိုပါဘူး။ ကိုယ်ကတော့ အရာရာအပေါ် အကောင်းဆုံးတွေ မျှော်လင့်ထားပြီး ရလဒ်တွေက မျှော်မှန်းသလို ဖြစ်မလာတဲ့အခါမှာ စိတ်ဆင်းရဲရတာက ဘာနဲ့ မှမတူပါဘူး။ ဒါ့ကြောင့် အကောင်းဆုံး လုပ်ရပ်တွေလုပ်ပြီး စေတနာထားရင်း ဘဝကို ရှင်သန်ပါလို့ ပြောချင်ပါတယ်။

လေ့ကျင့်ခန်းကလည်း စိတ်ညစ်စရာတွေလျှော့ချပေးတယ်

စိတ်တွေညစ်ပြီး မျက်နှာကြီး စူစူပုပ်ပုပ် နဲ့ ငူငူငိုင်ငိုင် ထိုင်နေတာထက်စာရင် လေ့ကျင့်ခန်းလုပ်လိုက်တာက စိတ်လက်ပေါ့ပါးသွားပြီး ကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်စေပါတယ်။ စိတ်ညစ်နေတာတွေအတွက် အကောင်းဆုံးဖြေဆေးဟာ လေ့ကျင့်ခန်းပါပဲ။ ညစ်ထေးနေတဲ့ စိတ်ခံစားချက်တွေနဲ့အတူ ချွေးပုပ်တွေပါ ထွက်သွားစေနိုင်တဲ့ အကောင်းဆုံး စိတ်ပျော်ဆေးမို့ နေ့စဉ်နေ့တိုင်း ပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အလှမယ်တစ်ဦးဖြစ်သလို အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ဂုဏ်ရည်အေးကျော်က စိတ်ညစ်မှုတွေကို ကျော်လွှားစေနိုင်မယ့် နည်းလမ်းတွေအကြောင်း Duwun က တစ်ဆင့် ခုလို ပြောပါတယ်။

"လူတွေက ဘာ့ကြောင့် စိတ်ညစ်ကြတာလဲ ။ လူတိုင်းမှာ အဆင်မပြေမှုတွေရှိတယ်၊ အခက်အခဲတွေရှိတယ်၊ စိတ်ညစ်စရာတွေ ရှိတယ်။ ပြဿနာတွေ အဆင်မပြေမှုတွေကြောင့် စိတ်တွေညစ်ကြတယ်။ ပြီးတော့ ပတ်ဝန်းကျင်တွေ ၊ ဆိုရှယ်မီဒီယာတွေမှာ ပျော်နေတဲ့သူတွေကို ကြည့်ပြီး သူတို့တွေကျတော့ ပျော်ရွှင်နေလိုက်ကြတာ ၊ ငါ့ကျတော့ အဆင်မပြေဘူး ၊ အလုပ်ထဲမှာ အဆင်မပြေဘူး၊ Relationship မှာ အဆင်မပြေဘူး။ မိသားစုအရေးမှာ အဆင်မပြေဘူး။ ကျောင်းမှာ အဆင်မပြေဘူး။ ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးရတယ်။ အဆင်မပြေမှုတွေ ၊ ပြဿနာတွေ မျိုးစုံဖြစ်နေတာလို့ ထင်ကြတာ။ တကယ်တော့ အဆင်မပြေတဲ့ သူတွေ ပြဿနာတွေ ကြုံဆုံနေရတဲ့သူတွေချည်းပဲ ။ တကယ်တော့ ဂုဏ်ရည်တို့ ဘဝမှာ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းချင်တဲ့ ပြဿနာတွေ ရှိသလို ကိုယ်ကိုယ်တိုင် မဖြေရှင်းချင်တဲ့ ပြဿနာတွေလည်း ရှိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ရည်တို့က ပြဿနာကို ရွေးချယ်လို့မရဘူး။ ကိုယ်ဖြေရှင်းမယ်လို့ ရွေးချယ်လိုက်တဲ့ ပြဿနာကို ဂုဏ်ရည်ကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းရမှာပဲ။ ဖြေရှင်းလိုက်လို့ အဆင်ပြေသွားရင် ခံစားလိုက်ရတဲ့ ခံစားချက်က အရမ်းကောင်းတယ်။ အခက်အခဲတွေဖြေရှင်းလိုက်နိုင်လေလေ ဂုဏ်ရည်တို့ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုက ပိုလေးနက်လေလေပဲ ။ ဒီတော့ ပြဿနာတွေကို မဖြေရှင်းပဲ ရှောင်ဖယ်ဖို့ မကြိုးစားပါနဲ့ ။ လူတိုင်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိပါတယ်။ ပြဿနာတွေကို ရွေးချယ်လို့မရပေမယ့် ဖြေရှင်းရမှာတွေက ကိုယ့်ရဲ့ လက်ထဲမှာပဲ မူတည်ပါတယ်။ ကိုယ်ကိုယ်တိုင်ရွေးချယ်ထားတဲ့ ဘဝတွေမှာ ကြုံလာရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းကြပါ။ အားလုံးပဲ ကြုံလာတဲ့ အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းကြပါ။ လွယ်ကူတဲ့ ဘဝတွေကို မရွေးချယ်ကြပါနဲ့ ။ ကြုံလာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရင်း အောင်မြင်တဲ့ အသီးအပွင့်ကို ခံစားကြပါလို့ တိုက်တွန်းချင်ပါတယ်။"

အဆိုးမြင်နေတာတွေကို လျှော့ချပစ်ပါ

ဘာ့ကြောင့်မို့ ငါတစ်ယောက်တည်း ဒီကိစ္စတွေ ကြုံတွေ့နေရတာလဲဆိုတဲ့ အမြင်တွေကို အဝေးကို လွှင့်ပစ်လိုက်ပါ။ တကယ်တော့ လူတိုင်းလိုလို ပုံစံမတူတဲ့ ပူပင်သောကမျိုးစုံနဲ့ ကြုံတွေ့နေကြရတာပါ။ ဒါ့ကြောင့်မို့ ကိုယ်တစ်ယောက်တည်း စိတ်ညစ်စရာတွေ ကြုံနေရတယ်လို့ သဘောမထားဘဲ လူတိုင်းကြုံရတဲ့ ကိစ္စမို့ ဘယ်လို အကောင်းဆုံး ကျော်ဖြတ်မလဲဆိုတာကိုပဲ တွေးပြီး လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။


က္က