ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ စွန့်စားရဲပြီး နိုင်ငံတကာရုပ်ရှင်ဆုပေါင်းများစွာ ရရှိထားသူကတော့ ဒါရိုက်တာ စုစုလှိုင်ပဲဖြစ်ပါတယ်။
Thin Nu Swe

 မြန်မာနိုင်ငံမှာ ထူးချွန်ထက်မြက်ပြီး တီထွင်နိုင်စွမ်းအားကောင်းတဲ့ အမျိုးသမီးတွေ အမြောက်အမြား ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အမျိုးသမီးတွေကလည်း ကျား မ တန်းတူအခွင့်အရေးတွေ ရရှိပိုင်ဆိုင်ဖို့ဆိုတာတွေထက် ကိုယ့်ရဲ့ အရည်အသွေး ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်ဝါသနာပါရာ ၊ ကိုယ်မက်မောခင်တွယ်ရာတွေဆီမှာ အစွမ်းကုန် အသုံးချရင်း ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။ ဒီနေ့မှာတော့ ဒီလို ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ထက်မြက်သူ အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မစုစုလှိုင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

မစုစုလှိုင်ရဲ့ ရည်မှန်းချက်ကတော့ စာရေးချင်တာလို့ သိရပါတယ်။ စာရေးရတာ ၊ စာဖတ်ရတာ ဝါသနာပါတဲ့ မစုစုလှိုင်ရဲ့ ပထမဆုံးအသက်မွေးဝမ်းကျောင်းမှုကတော့ သတင်းထောက်တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့တာပါ။ Press Media နဲ့ Broadcast Media မှာ ၆နှစ်ထိ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာရေးတာကိုပဲ ဇောက်ချလုပ်ကိုင်လိုတဲ့ မစုစုလှိုင်အတွက် ရေဆာနေတုန်း ရေတွင်းထဲ ကျသလို ဖြစ်တဲ့ အခွင့်အရေးကတော့ Yangon Film School ကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲကြော်ငြာကို တွေ့လိုက်ရတာဖြစ်ပါတယ်။

“ဇာတ်ညွှန်းရေးပြိုင်ပွဲမှာ ဝင်ပြိုင်လိုက်တယ်။ ဝင်ပြိုင်လိုက်တော့ အစ်မဇာတ်ကားက ရွေးခံရတယ်။ နောက်သူတို့ဆီမှာ ဘာလင်က ဆရာမတစ်ယောက် သင်တန်းပို့ချမယ့် ဇာတ်ညွှန်းရေးသင်တန်းကို အစ်မ တက်ခွင့်ရလိုက်တယ်။ အဲဒီကနေပြီးတော့ ဒီလောကထဲကို စရောက်လာတာပေါ့”

ဒီသင်တန်းမှာလည်း သူရေးလိုက်တဲ့ ဇာတ်လမ်းဟာ ရုပ်ရှင်ရိုက်ခွင့်ရသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး လက်ထောက်ဒါရိုက်တာအဖြစ် ဝင်ရောက်ဆောင်ရွက်အလုပ်သင်ရင်း သူ့ရဲ့ ပထမဆုံး ဇာတ်လမ်း၊ ဇာတ်ညွှန်း ၊ ဇာတ်လမ်းတိုရုပ်ရှင်ကို ၂၀၁၃ ခုနှစ်မှာ စတင်ရိုက်ကူးခွင့်ရသွားခဲ့ပါတယ်။

စာရေးတာကို တစိုက်မတ်မတ်လုပ်ချင်တဲ့ သူဟာ မှတ်တမ်းရုပ်ရှင်လောကထဲကို ၂၀၁၃ ခုနှစ်မှာ ရောက်ရှိသွားပါတော့တယ်။ ဒီလို ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ချင်တာကြောင့် ၊ ဇာတ်ညွှန်းပြိုင်ပွဲကို ဝင်ပြိုင်ချင်တာကြောင့် သူပေးဆပ်လိုက်ရတာကတော့ အလုပ်ထွက်လိုက်ရတာပါပဲ။ ၆နှစ်တာလုပ်သက်ရှိနေပြီဖြစ်တဲ့ သတင်းထောက်အလုပ်ကို စွန့်လွှတ်ဖို့ သတ္တိရှိရှိနဲ့ အလုပ်ထွက်လိုက်ပြီး ယုံကြည်ရာကို ဆက်လက်လျှောက်လှမ်းဖို့ သူ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ သူ မှတ်တမ်းရုပ်ရှင်လောကကို ရောက်ရှိလာခဲ့တာ ၆နှစ်တာ ရှိသွားခဲ့ပါပြီ။ ရိုက်ကူးခဲ့တဲ့ အကြောင်းအရာတွေကလည်း စုံလင်တယ်လို့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ စုစုလှိုင်က ပြောပါတယ်။

“အကြောင်းအရာတွေက စုံတယ်။ အစ်မအဓိက စိတ်ဝင်စားတာတော့ Social Issue တွေပေါ့။ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြီးတော့ နည်းနည်း Sensitive ဖြစ်တဲ့ ပုံမှန်အားဖြင့် ထိတွေ့ဖို့ သိဖို့ ကြည့်ဖို့ခက်တဲ့ ကိစ္စတွေကို ရိုက်ချင်တဲ့ အာသီသမျိုးရှိတယ်။ ကိုယ့်ဘာသာကိုယ်လည်း ရိုက်သလို တခြားသူတွေရိုက်တဲ့ဟာကိုလည်း ပရိုဂျူဆာလိုမျိုး ထုတ်ပေးတယ်။ ပြီးတော့ နိုင်ငံခြားကနေ လာရိုက်တဲ့အခါမှာလည်း Local ပရိုဂျူဆာအနေနဲ့ ပူးပေါင်းပြီး ရိုက်တာမျိုးတွေလည်း ရှိပါတယ်"

မှတ်တမ်းဒါရိုက်တာ မစုစုလှိုင်ဟာ ပြည်တွင်းကပေးအပ်တဲ့ ရုပ်ရှင်ဆုတွေသာမက နိုင်ငံတကာက ပေးအပ်ထားတဲ့ ရုပ်ရှင်ဆုတွေကိုပါ ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သူရရှိထားတဲ့ ဆုတွေကတော့ Goethe Institut Documentary Grant and Fellowship Winner ဆု ၊ ဂရိနိုင်ငံက ပေးအပ်တဲ့ Best Short Film Award ဆု ၊ ပြင်သစ်နဲ့ ကမ္ဘောဒီးယားက ပေးအပ်တဲ့ Asia Docomdae Documentary Grant Winner ဆု ၊ ကိုရီးယားနိုင်ငံက ဆုချီးမြှင့်တဲ့ DMZ Documentary Filmmaking Grant Winner ဆု ၊ Hanoi International Film Festival မှာတော့ Best Documentary Award ဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဝဿန်ရုပ်ရှင်ပွဲတော်မှာတော့ Best Documentary Award ဆုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ ရိုက်ကူးဖန်တီးမှုတွေထဲက အားလုံးကို ကြိုက်နှစ်သက်တယ်ဆိုပေမယ့် အားရအကျေနပ်ဆုံး ဖန်တီးမှုကိုပြောပါဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ အစိုးရကြားက ပဋိပက္ခတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို အားအရဆုံးလို့ ဆိုပါတယ်။

“ကိုယ်ရိုက်ခဲ့ သမျှကားတိုင်းကိုတော့ အကောင်းဆုံးလုပ်ခဲ့တယ်။ မေ့မရနိုင်ဘဲ အားအရဆုံးဇာတ်ကားကို ပြောပါဆိုရင် ပထမဆုံးဇာတ်လမ်းရှည် Feature Length Documentary ဖြစ်မယ်ထင်တယ်၊ အဲဒါ အစ်မရဲ့ ပထမဆုံးဇာတ်ကား။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် နဲ့ အစိုးရရဲ့ ပဋိပက္ခကြားမှာ ဘယ်လိုအဆင်ပြေအောင်နေထိုင်ကြတဲ့ အခြေအနေတွေကို ရိုက်ခဲ့တာ။ အခုပြန်တွေးတဲ့ အချိန်မှသာ အစ်မအတွက် စိတ်အကျေနပ်ဆုံးဖြစ်တယ်ခံစားရတာ။ ရိုက်တဲ့အချိန်မှာ တအားကို ခက်ခဲလွန်းလို့ ခက်ခဲလွန်းလို့ဆိုတာ အသက်ဘေးမှာ ကြုံရတဲ့ အခြေအနေမျိုးရှိတော့ အဲဒီအချိန်မှာ တွေးလိုက်မိတာ အဲဒီအချိန်က ညဘက်ကြီး..ဒီချိန်မှာ ငါသာ ငါ့အိမ်က အိပ်ယာထဲမှာသာ ရှိမယ်ဆိုရင် Documentary လည်း ဘယ်တော့မှမရိုက်တော့ဘူး။ ဒီအလုပ်လည်း ဘယ်တော့မှ မလုပ်တော့ဘူးလို့ တွေးမိတယ်။ အဲဒီအရာကို ကျော်လွန်သွားနိုင်ချိန်မှာတော့ အဲဒါက ပြန်တွေးလိုက်တိုင်း အရမ်းကို အရသာရှိတယ်။ အဲဒီကားကို တစ်ယောက်တည်း အစအဆုံးနီးပါးကိုယ်တိုင်လုပ်ခဲ့တာဆိုတော့ အရမ်းကို ကျေနပ်တယ်။”

အခက်အခဲတွေကြားက ရိုက်ခဲ့တဲ့ကားဖြစ်တဲ့အတွက် မေ့မရနိုင်ဖြစ်တာက တစ်ကြောင်း ၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုဟာ ဒီပဋိပက္ခကြီး ပျောက်ပျက်မသွားရင်တောင်မှ လျော့နည်းသွားပါစေဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။

နောက်ပိုင်းမှာတော့ ကိုယ်အာသီသရှိတဲ့ လူမှုဘဝတွေကို ရိုက်ကူးပုံဖော်ရင်းကနေ သူ့ရဲ့ အိပ်မက်တွေကလည်း ရှင်သ်နပြီးရင်း ရှင်သန်နေဆဲဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ။ အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ့်ရဲ့ အိပ်မက်ဆီကို ရောက်ရှိနိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်းအလုပ်တွေပါ ရပ်တန့်ပစ်လိုက်ပြီး ယုံကြည်ရာကို ရဲရဲဝံ့ဝံ့စွန့်စားလုပ်ကိုင်လိုက်တဲ့ သတ္တိကတော့ ချီးကျူးစရာကောင်းလွန်းပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းရှင်သန်ဖို့အတွက်ဆိုရင် ကိုယ်ယုံကြည်ရာကို မတွန့်ဆုတ်သင့်ကြောင်း မစုစုလှိုင်က ကောင်းကောင်းကြီး ဦးဆောင်ပြသသွားတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံတကာရုပ်ရှင်ဆုပေါင်းများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မှတ်တမ်းဒါရိုက်တာ မစုစုလှိုင်လိုပဲ ရဲဝံ့ပြီး သတ္တိအပြည့်ရှိတဲ့ မဒီတွေ ဆက်လက်ထွက်ပေါ်နိုင်စေဖို့ အရမ်းကို လိုအပ်နေပါပြီ။ 


 


က္က