အမျိုးသမီးခေါင်းဆောင်တွေကသာလျှင် အမျိုးသမီးတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ဒုက္ခတွေကို မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
Thin Nu Swe

မကြာတော့မယ့် ကာလတွေမှာ ၂၀၂၀ ရွေးကောက်ပွဲက ရောက်ရှိတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ပြည်သူတွေဟာ လူကိုမကြည့်ဘဲ ပါတီကိုသာ ကြည့်ပြီး မဲပေးခဲ့ကြတာပါ။ ကျား မ တန်းတူညီမျှမှုရရှိဖို့ ၊ အမျိုးသမီးတိုင်းအတွက် လုံခြုံစိတ်ချရတဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့ဆိုရင် အမျိုးသမီးတွေက နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးကို စိတ်မဝင်စားဘဲ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အော်ဟစ်တောင်းဆိုနေတာမျိုးထက် ကိုယ်တင်မြှောက်မယ့် အစိုးရက အမျိုးသမီးတွေအတွက် ဘယ်လောက်ထိ နိုင်ငံသားအခွင့်အရေးပေးနိုင်မလဲ ၊ လုံခြုံတဲ့ ဥပဒေရပ်တွေနဲ့ စောင့်ရှောက်နိုင်မလဲဆိုတာတွေကို တစ်ခါတည်း စဉ်းစားထားရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေနိုင်ငံရေးစိတ်ဝင်စားမယ်ဆိုရင် ၊ အမျိုးသမီးတွေသာ အုပ်ချုပ်ရေးပိုင်းမှာ ဦးဆောင်သူနေရာတွေမှာ ပါဝင်ဆောင်ရွက်တာမျိုး ဒီ့ထက်မက ရှိလာမယ်ဆိုရင် နိုင်ငံဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ နိုင်ငံရေးမှာ ဦးဆောင်နေသူ ၊ နိုင်ငံရေးစိတ်ဝင်စားသူ အမျိုးသမီးတချို့က ဆိုပါတယ်။

ရန်ကုန်စောင့်ကြည့် (Yangon Watch) တည်ထောင်သူ ဒေါက်တာညိုညိုသင်းကတော့ အမျိုးသမီးတွေသာ လွှတ်တော်ထဲ ရောက်ရှိလာခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်ကြောင်း Duwun ကို ခုလိုပြောပြပါတယ်။

“နိုင်ငံရေးမှာ အမျိုးသမီးတွေသာ ပိုပါလာမယ်ဆိုရင်…အမျိုးသမီးနဲ့ ဆိုင်တဲ့ ကိစ္စအဝဝတွေကို အုပ်ချုပ်ရေးယန္တရားမှာရော ၊ ဥပဒေပြုရေးယန္တရားမှာပါ ပြောမယ့်ဆိုမယ့်သူတွေ ပိုရှိလာမယ်။ အမျိုးသမီးတွေရဲ့ ကိစ္စတွေကို အမျိုးသမီးတွေမှ ပြောရမှာမဟုတ်ဘူး။ အမျိုးသားတွေလည်း ပြောနိုင်တယ်။ သို့သော်လည်းပဲ လက်တွေ့ကျကျပြောရမယ်ဆိုရင် လွှတ်တော်ထဲမှာရှိကြတဲ့ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ကိစ္စရပ်တွေကို မပြောချင်ကြဘူး။ အမျိုးသမီးတွေ နေ့စဉ် အမှန်တကယ်ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ၊ သောကတွေကို မပြောချင်ကြတာများကြတယ်လေ။ ဒါ့ကြောင့်မို့ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ၊ သောကတွေကို အမှန်တကယ် လွှတ်တော်ထဲမှာ ပြောဖို့ရယ် ၊ အဲဒီဒုက္ခတွေကို ဖြေရှင်းမယ့် အမှန်တကယ် အုပ်ချုပ်ပိုင်းဆိုင်ရာ စီမံချက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ရယ်တွေဟာဆိုရင် အမျိုးသမီးခေါင်းဆောင်တွေဟာ အမျိုးသားခေါင်းဆောင်တွေထက် ပိုပြီးတော့ သင့်တော်တာကြောင့်မို့လို့ အန်တီတို့အနေနဲ့က အမျိုးသမီးတွေကို ခေါင်းဆောင်ဖြစ်စေချင်တယ်။ အမျိုးသမီးတွေကို နောက်လိုက်နေရာမှာ မနေစေချင်ဘူး။ အမျိုးသမီးတွေ ခေါင်းဆောင်ဖြစ်ရမယ်။ အမျိုးသမီးတွေရဲ့ ကိစ္စတွေကို တကယ်ပဲ လွှတ်တော်တွေထဲမှာ ၊ အုပ်ချုပ်ရေးယန္တရားထဲမှာ ဖြေရှင်းဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်တွေ ဖြစ်စေချင်တယ်။” 

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်းသူ ဒေါ်ချယ်ရီဇာဟောင်ကလည်း ရွေးကောက်ပွဲမှာ မဲပေးကြမယ့် အမျိုးသမီးတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်အရွေးခံမယ့် အမျိုးသမီးတွေ လိုက်နာကျင့်သုံးရမယ့် အကြောင်းအရာတွေကို Duwun ကိုပြောပါတယ်။

“ဒီရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေကို ကျွန်မပြောချင်တာက ကျွန်မတို့ အမျိုးသမီးထုတွေအတွက် ဒီလူက ဘာလုပ်ပေးမလဲ၊ ဒီပါတီက ဘာလုပ်ပေးမလဲဆိုတာကို မေးခွန်းထုတ်ပေးဖို့ အရေးကြီးတယ်။ ကျွန်မတို့က လူပုဂ္ဂိုလ်စွဲတွေ ၊ လူမျိုးစွဲတွေ ၊ ပါတီစွဲတွေ ၊ နှစ်ပေါင်း ၂၀ ၊ ၃၀ ဆက်လာခဲ့ပြီးပြီဆိုတော့ ဒီမှာပဲ ဆက်နေမယ်ဆိုတဲ့ အစွဲတွေ ၊ မေးခွန်းမမေးနဲ့ ဆိုတာတွေ ရှိတတ်တယ်။ ဒီတော့ ဒီယဉ်ကျေးမှုကနေ ကျော်လွှားပြီးတော့ မေးခွန်းများများထုတ်တတ်တဲ့ သူတွေဖြစ်အောင် လုပ်ဖို့ အရေးကြီးတယ်။ ဒီလူက ဘာလုပ်မှာလဲ။ သူ့ Mission က ဘာလဲဆိုတာကို သိအောင် မေးဖို့က အရေးကြီးတယ်။ ထိုနည်းလည်းကောင်းပဲ အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ကလည်း ခေါင်းဆောင်ပြောတာကို လိုက်လုပ်တာမျိုးထက် တကယ် သူ ဒီ Community အတွက် ဘာလုပ်ပေးနိုင်မလဲ။ ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုစံတန်ဖိုးတွေနဲ့ ပါဝင်ဆောင်ရွက်သွားမလဲ၊ လူတွေလိုချင်တဲ့ တန်းတူညီမျှမှု ၊ လွတ်လပ်မှု နဲ့ တရားမျှတမှုတွေကို ရဖို့ သူဘာတွေ လုပ်မလဲဆိုတဲ့ စဉ်းစားချက်တွေနဲ့ ရွေးကောက်ပွဲတွေ ဝင်သင့်တယ်”

နိုင်ငံတွင်း အမျိုးသမီးဦးရေဟာ ထက်ဝက်ကျော်များနေပေမယ့်လည်း လွှတ်တော်တွင်းမှာ အမျိုးသမီးပါဝင်မှုဟာ ၁၀ရာခိုင်နှုန်းသာ ရှိသေးကြောင်း ၊ အမျိုးသမီးတွေ အုပ်ချုပ်ရေးမှာ ဒီထက်ပို ပါဝင်လာဖို့ လိုအပ်ကြောင်း Triangle အမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ခင်လေးက Duwun ကို ခုလိုပြောပါတယ်။

‘အခြေခံလူ့အခွင့်အရေးမှာကိုက အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ နိုင်ငံရေးမှာ လူမှုဘဝဖြစ်စဉ်မှာ ပါဝင်ခွင့်ရှိတယ်။ ကျွန်မတို့နိုင်ငံရဲ့ ထက်ဝက်တောင်ကျော်တာက အမျိုးသမီးလူဦးရေတွေဖြစ်တယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အုပ်ချုပ်မှုနေရာတွေမှာ အထူးသဖြင့် လွှတ်တော်ထဲမှာ အမျိုးသမီး ကိုယ်စားပြုမှုဟာ ၁၀ရာခိုင်နှုန်းပဲ ရှိတယ်။ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကို ကိုယ်စားပြုဖို့ဆိုရင် အမျိုးသမီး ၅၀ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိရမယ်ဆိုတဲ့ အခြေခံသဘောတရားရှိတယ်။ ၅၀ရာခိုင်နှုန်းမရှိရင်တောင်မှ ၁၀ရာခိုင်နှုန်းကျော်ထက် ပိုပါဝင်ဖို့ လိုတယ်။ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် လက်တွေ့အမျိုးသမီးတွေ ခံစားနေရတဲ့ အခက်အခဲတွေ ၊ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို အမျိုးသမီးအချင်းချင်း ပိုနားလည်တဲ့အတွက် အမျိုးသမီးတွေက ဒီမူဝါဒတွေ ၊ ပေါ်လစီတွေကို ပြောင်းဖို့အတွက် ပိုပြီး ကိုယ်စားပြုပြောဆိုနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်။”

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဒေါ်ခိုင်ခိုင်လဲ့က အမျိုးသမီးတွေကို ခေါင်းဆောင်ပိုင်းမှာ နေရာမပေးတာတွေနဲ့ ပတ်သက်ပြီး Duwun ကို ခုလို ပြောပါတယ်။

“ရပ်ကျေးမှာ အုပ်ချုပ်ရေးမှူးရွေးကြတယ်၊ အမျိုးသမီး အုပ်ချုပ်ရေးမှူး မဲနိုင်သွားတယ်။ ဒါပေမယ့် ဘာဖြစ်လဲဆိုရင် နင် ညရေးညတာ အပြင်ထွက်နိုင်လို့လားဆိုပြီး ရွေးချယ်တဲ့အဖွဲ့ နဲ့ ရွေးချယ်ခံရတဲ့ အမျိုးသမီးနဲ့ ပဋိပက္ခတွေဖြစ်တယ်။ ဆိုတော့ ကျွန်မဆီကို အကူအညီတောင်းတယ်၊ ကျွန်မလိုက်သွားတယ်။ သူ့ကို ပြည်သူက ကျေနပ်လို့ ပေးတာ၊ သူကလည်း တာဝန်ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်လို့ ဝင်ပြိုင်တာ။ တကယ်လို့များ သတ်မှတ်ထားတဲ့ တာဝန်ကို သူ မထမ်းဆောင်နိုင်ဘူးဆိုရင် ဒါက သူ့ကို ပြည်သူက ပြန်ဖြုတ်ချလို့က်ရုံပဲ။ ပြန်ပြီးတော့ အုပ်ချုပ်ရေးမှူးနောက်တစ်ယောက်ကို တင်မြှောက်လိုက်ရုံပဲ။ သူ့ကိုယ်သူ ယုံကြည်လို့ သူဝင်ပြိုင်တဲ့အတွက်ကြောင့် သူ့အခွင့်အရေးပဲ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမျိုးသမီး အမတ်တွေပဲ ဖြစ်ဖြစ်၊ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်တာဝန်ယူနိုင်တယ်၊ ကိုယ်တာဝန်ကျေနိုင်တယ်လို့ ထင်တဲ့ ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူမဆို ဝင်ပြိုင်ဖို့ ကျွန်မကတော့ အားပေးတယ်။ အမျိုးသမီးတွေကို ပိုပြီးတော့ အားပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးထုများမှ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးကို ဒီထက်ပိုပြီး အသံကျယ်ကျယ် အော်နိုင်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။” 

ဒါ့ကြောင့် နိုင်ငံတွင်း ထက်ဝက်ကျော်ဦးရေးရှိနေတဲ့ အမျိုးသမီးတွေအတွက် တရားမျှတတဲ့ ၊ တန်းတူအခွင့်အရေးရစေမယ့် ၊ လွတ်လပ်ပြီး လုံခြုံမယ့် တိုင်းပြည်ကို ရရှိပိုင်ဆိုင်နိုင်စေဖို့ အမျိုးသမီးတိုင်း နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုအပ်ကြောင်း ဒီဆောင်းပါးနဲ့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။



 


က္က