In partnership with  logo
မြန်မာနိုင်ငံမှာ တက်တူးဆရာမအဖြစ် ရပ်တည်ရတာ အခက်အခဲတွေက ပြောမပြတတ်အောင် များပြားလှပါတယ်။

ဘဝမှာ ကိုယ့်စိတ်ကူးအိပ်မက်၊ ဒါမှမဟုတ် ကိုယ်ပုံဖော်ချင်တဲ့အရာက ပတ်ဝန်းကျင်က အပြည့်အ၀ လက်မခံနိုင်သေးတဲ့အရာ၊ ဝေဖန်ပြစ်တင်ပြောဆိုခံရတဲ့အရာ၊ အတိုက်အခိုက်များတဲ့ ခရီးလမ်းတစ်ခုဆိုရင် အဲ့ဒီလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းနိုင်တဲ့ သတ္တိရှိနိုင်မယ်လို့ ထင်ပါသလား။ အထူးသဖြင့် အနုပညာကို အနုပညာလို့မမြင်နိုင်ဘဲ ရှေးရိုးစွဲအယူအဆတွေ၊ လွဲမှားတဲ့အသိတွေနဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေကြတဲ့ ကျွန်မတို့ လူ့ပတ်ဝန်းကျင်မှာ သူတစ်ပါးခန္ဒာကိုယ် အရေပြားပေါ် သေရာပါမယ့်အရာတွေ ပုံဖော်ရေး ထိုးပေးတဲ့ အမျိုးသမီးတက်တူးဆရာ တစ်ယောက်အနေနဲ့ ရပ်တည်တာမျိုးပေါ့။

အားလုံးသိတဲ့အတိုင်း ကျွန်မတို့လူ့ပတ်ဝန်းကျင်မှာ တက်တူးဆိုတဲ့အသံကြားလိုက်တာနဲ့ တက်တူးထိုးထားတဲ့ လူဟာ အကျင့်စာရိတ္တပိုင်းပဲ ချို့ယွင်းနေသလိုလို၊ ကူးစက်ရောဂါတစ်ခုခုပဲ ခံထားရသလိုလို ၊ ကိုယ့်ရဲ့ ခန္ဒာကိုယ်ပေါ်က တက်တူးတွေကြောင့်ပဲ လူတောမတိုးနိုင်သလိုလို ချိုးနှိမ်ပြီး ဆက်ဆံတတ်ကြပါတယ်။ ဒါကလည်း ဟိုးအရင်က ဘုရားပွဲဈေးတန်းမှာ ဖွင့်ထားတဲ့ ဆေးမင်ကြောင်ဆိုင်တွေလောက်သာ မြင်ဖူးပြီး တစ်ယောက်သုံးပြီးသား အပ်နဲ့ဆေးတွေပြန်သုံးကာ နောက်တစ်ယောက်ကို ထိုး၊ ကူးစက်ရောဂါတွေ ဖြစ်တာမျိုး ကြောင့် ကျန်းမာရေးအနေနဲ့ စိတ်မချရတာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ အကြောင်းအရာ မျိုးတွေကိုသာ သိထားခဲ့ပြီး ခုနောက်ပိုင်း တက်တူးနဲ့ပတ်သက်တဲ့ ဗဟုသုတအမြင်တွေ နည်းပါး တာကြောင့်လည်း ပါပါတယ်။

ကျွန်မတို့နိုင်ငံမှာ ဟိုးအရင်ကထက် တက်တူးဆိုတာ အနုပညာတစ်ရပ်လို့ တဖြည်းဖြည်းလက်ခံလာကြပြီလို့ ဆိုနိုင်ပေမယ့် ဒါကလည်း လူ ၁၀ ယောက်မှာ ၅ယောက်လောက်ပါပဲ။ တက်တူးပေါ် ထားတဲ့ ဒီလိုဟောင်းနွမ်းနေတဲ့ အမြင်တွေကို ပြောင်းလဲလာအောင်၊ တက်တူးဆိုတာ ကိုယ်ခန္ဓာပေါ်က ပန်းချီဆိုတာ၊ လူတစ်ယောက်ရဲ့ ခံယူချက်ဖြစ်တယ်ဆိုတာ၊ တက်တူးထိုးတဲ့သူတိုင်း အသိပညာမဲ့တဲ့သူ မဟုတ်ကြဘူးဆိုတာ လူတွေပိုလက်ခံလာအောင် ကြိုးစားရင်း ခက်ခဲတဲ့ ကိုယ့်အိပ်မက်ကို ထုဆစ်နေတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ သူကတော့ မြန်မာနိုင်ငံရဲ့ တက်တူးလောကမှာ အမျိုးသမီး တက်တူးဆရာအနေနဲ့ အစောပိုင်းကာလမှာကတည်းက ရဲရဲဝံ့ဝံ့ရပ်တည်လာခဲ့တဲ့ sweet ဆိုတဲ့ အမျိုးသမီးပါ။

သူမဟာ ၂၀၁၃ မှာ ကိုယ်တိုင်တက်တူးဆရာမတစ်ယောက်အနေနဲ့ မရပ်တည်ဖြစ်ခဲ့သေးပေမယ့် သူမခန္ဓာ ကိုယ်ပေါ်မှာတော့ သူမချစ်တဲ့ တက်တူးပုံတွေ စပြီးတင်ဖြစ်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူက မလေးရှားမှာ တက်တူးစတူဒီယိုလေးစဖွင့်တော့ အစ်ကို့ဆီက တက်တူးနဲ့ပတ်သက်တဲ့ ပညာတွေသင်ယူလေ့လာရင်း ၂၀၁၄အကုန်လောက်မှာ အမျိုးသမီးတက်တူးဆရာအဖြစ် စတင်ရပ်တည်ဖြစ်လာခဲ့ပါတယ်။

“ကို Jerry က ကိုယ့်ရဲ့သင်ဆရာမြင်ဆရာပါ။ သူ့ဆီက အများကြီးလေ့လာသင်ယူဖြစ်ခဲ့တယ်။ နောက် အင်တာနက်၊ Youtube ကနေလည်း ဆက်တိုက်ဆိုသလို လေ့လာဖြစ်တယ်။ စပြီးစက်ကိုင်ဖူးတဲ့အချိန် တက်တူးစရေးတဲ့အချိန်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိခဲ့ဘူး။ သူများအသားပေါ်မှာဆိုတော့ ဇောချွေးတွေပါတွေပြန်ပြီး ကိုယ်ရေးလိုက်တဲ့ပုံ အဆင်မပြေမှာကို အရမ်းကြောက်ခဲ့တာ။ စိတ်ဖိစီးမှုလည်း တော်တော်လေး ရှိခဲ့တယ်။” လို့ sweet က ဖွင့်ဟပါတယ်။

အစပိုင်း ကိုယ့်လက်ရာကို ကိုယ်အားမရပေမယ့် ကိုယ်သွားနေတဲ့လမ်းဟာ လူအယောက်တစ်ရာမှာ တစ်ယောက်မသွားနိုင်တဲ့လမ်းဖြစ်တာမို့ ဘယ်လောက်စိတ်ဖိစီးမှုတွေရှိရှိ အလုပ်ကိုသာ အာရုံအပြည့်ထားပြီး တစ်နေ့ထက်တစ်နေ့ လက်တက်လာအောင် ကိုယ့်ဘာသာကိုယ်ပြိုင်ခဲ့ရတယ်လို့လည်း သူမက ဆိုပါသေးတယ်။

“Sweet က ဘယ်တော့မှသူများနဲ့မပြိုင်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ပြိုင်တယ်။ ကိုယ်ကလည်း အရမ်းတော်ပြီး ဉာဏ်ကောင်းတဲ့သူထဲမှာ မပါတော့ သူများက သုံးခါလောက်နဲ့ရတဲ့အရာကို ကိုယ်က ခြောက်ခေါက်လောက်မှ ရတယ်။ သူများထက်နှစ်ဆကြိုးစားရတယ်”တဲ့။

မြန်မာနိုင်ငံမှာ သူမစပြီး တက်တူးဆရာမတစ်ယောက်အဖြစ် ရပ်တည်ဖြစ်တော့ အခက်အခဲမျိုးစုံကြုံခဲ့ရတယ်လို့ ဖွင့်ဟလာပါတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တာကတစ်ကြောင်း ၊ ခုလို တက်တူးဆိုတာကို လက်ခံတဲ့သူ နည်းပါးသေးတာတွေကြောင့် လူတွေရဲ့အမြင်က သူမကို စိတ်ဓာတ်ကျစေတဲ့အထိကို ဖြစ်စေခဲ့တာပါတဲ့။

အဲ့ဒီအကြောင်းကို သူမက “တက်တူးဆရာဆို အများစုက ယေက်ျားတွေပဲလေ၊ ကိုယ်က မိန်းကလေးလည်း ဖြစ်တယ်ဆိုတော့ လူတွေရဲ့အမြင်က ကိုယ့်ဆိုတစ်မျိုးဖြစ်တယ်။ တက်တူးဆရာမဆိုတာနဲ့ ကိုယ်က လူနောက်တစ်ယောက်ဖြစ်သွားသလို ပုံစံနဲ့ ဆက်ဆံကြတယ်။ ပြောချင်ဆိုချင်ကြတယ်။ အဲ့တုန်းကတော့ ငိုပါငိုခဲ့ရတယ်။ ဒီလောကထဲက အမျိုးသမီးတက်တူးဆရာမ တော်တာ်များများလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးကြမယ်လို့ထင်ပါတယ်။ အဲ့ဒီတုန်းကတော့ ဒီလောကထဲမှာ အမျိုးသမီးတက်တူးဆရာမဆိုလို့ မဖြူသဇင်စိုးရှိတယ်။ နောက် sweet ပဲရှိသေးတာကိုး။ တခြားရှိရင်လည်းရှိနိုင်ပေမယ့် အဲ့အချိန်က ကိုယ်သေချာသိတာကတော့ sweet တို့ပဲရှိသေးတယ်။ အဲ့ဒီအချိန် ကိုယ်ဖြစ်ချင်တာဘာလဲဆိုတာကို မေ့မသွားအောင် အမြဲကိုယ့်ကိုကိုယ် သတိပေးစိတ်နှစ်ပြီး ကိုယ့်ဝါသနာနဲ့ တစ်သားတည်းကျအောင် ရုန်းကန်ကြိုးစားရပ်တည်ခဲ့တယ်”လို့ သူမက ဖွင့်ဟသွားပါတယ်။

သူမရဲ့စိတ်ကူးအိပ်မက်တွေထဲက တစ်ခုက ကိုယ့်နိုင်ငံကလူတွေကို တက်တူးနဲ့ပတ်သက်ပြီး အရင်ကထက် ပိုလက်ခံလာအောင် ကြိုးစားဖို့ပါ။ ဒီလိုဖြစ်ဖို့ ကိုယ်ကိုယ်တိုင်ကလည်း အားလုံးလက်ခံမယ့် အနေအထားတစ်ခုရောက်အောင် ကြိုးစားရမှာဖြစ်ပြီး လူတွေရဲ့အမြင်ဟာ မှားယွင်းနေပါလားဆိုတာကို နေ့တိုင်းသက်သေပြနေရမှာ ဖြစ်ပါတယ်တဲ့။

Sweet ရဲ့လက်ရာ Tattoo များ

“မြန်မာနိုင်ငံမှာကျတော့ တက်တူးထိုးတဲ့အလုပ်ကို အနုပညာလို့လည်း မမြင်ကြဘူး။ ဒါကြီးကို ဒုစရိုက်အလုပ် လုပ်နေသလိုကို အကောင်းမမြင်တာ များတယ်လေ။ ဒီတော့ အခြားအသက်မွေး ဝမ်းကြောင်းတွေထဲကမှ တက်တူးထိုးတဲ့အလုပ်ကို ရွေးလိုက်ပြီဆိုကတည်းက လူတွေက ကိုယ့်ကို တခြား တစ်ယောက် လိုမြင်သွားကြတာ။ ဒီအခြေအနေကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ယုံကြည်ချက်ရှိရှိကျော်လွှားဖို့တော့ လိုမယ်။ ကိုယ့်ဘာသာကိုယ် ငါဘယ်အခြေအနေထိ ရောက်အောင်သွားမယ်၊ ငါ့အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာကိုပဲ အမြဲတွေးပြီး ကြိုးစားနေမှဖြစ်မယ်။ sweet ကတော့ ဒီအလုပ်ကို စလုပ်ကတည်းက အဆုံးထိရောက်အောင်ကို သွားမယ်လို့ သံဓိဋ္ဌာန်ချပြီး လုပ်ခဲ့တာ။ မသေမချင်း ဒီအလုပ်ကိုလုပ်မယ်။ ခုထိလည်း ကြိုးစားနေရတုန်းပါပဲ။ မြန်မာပြည်မှာ တက်တူးဆိုတာကို ရွံမုန်းနေတာတွေ မရှိတော့ပဲ၊ အနုပညာတစ်ရပ်ပါလားဆိုပြီး နားလည်တဲ့အထိ ကြုးစားရပ်တည်သွားမှာ” လို့ သူမက ပြောပြသွားပါတယ်။

တက်တူးရေးတဲ့အချိန်ကြာခဲ့ပေမယ့် သူမရဲ့လက်ရာနဲ့ပတ်သက်ပြီး ဒီနှစ်ပိုင်းတွေမှသာ ကိုယ့်လက်ရာကို ကိုယ်အားရလာပြီး တက်တူးပညာကိုလည်း ပိုနားလည်လာတယ်လို့ ထင်မိတဲ့အကြောင်း သူမက ဆိုသလို အဲ့ဒီလိုဖြစ်ဖို့၊ ကိုယ့်အရည်အချင်းတိုးတက်နေဖို့ အမြဲမပြတ်လေ့လာဖို့ လိုတဲ့အကြောင်း ပြောသွားပါသေးတယ်။

တက်တူးပုံပေါင်း ၄၀၀ ထက်မနည်းထိုးပေးပြီးဖြစ်တဲ့ သူမက အမျိုးသမီး တက်တူးဆရာမ တစ်ယောက်ဖြစ်တာကြောင့် သူမဆီမှာပုံထိုးဖို့လာတဲ့သူတွေဟာ အမျိုးသားထက် အမျိုးသမီးအရေ အတွက်ကတော့ ပိုများပါတယ်။ သူမဟာ စာတန်းလေးတွေ၊ ကာတွန်းလေးတွေလို ဖန်စီတက်တူးတွေအပြင် new school တက်တူးနဲ့ ရေဆေးတက်တူးဒီဇိုင်းလေးတွေလည်း တော်တော်လေး ထိုးပေးရသူပါ။

တက်တူးနယ်ပယ်မှာ အချိန်အတော်ကြာရပ်တည်လာခဲ့ပြီးဖြစ်တဲ့ သူမလိုပဲ ခုနောက်ပိုင်း တက်တူးလောကမှာ အမျိုးသမီးတက်တူးဆရာအဖြစ် ရပ်တည်ဖို့ကြိုးစားနေတဲ့သူတွေ တော်တော်လေးများလာတာ တွေ့ရပါတယ်။ တစ်ချို့ကလည်း အစပိုင်းမှာယုံကြည်ချက်အပြည့်နဲ့ ဒီလောကထဲ ဝင်လာကြပေမယ့် နောက်ပိုင်းဒီလမ်းကို ဆက်မလျှောက်နိုင်တော့ဘဲ လမ်းတစ်ဝက်မှာ ရပ်သွားခဲ့တာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတက်တူးဆရာတွေ များလာတာ ပျော်စရာပါလို့ သူမက ခုလိုဆိုပါတယ်။

“ခုနောက်ပိုင်းတက်တူးထိုးတဲ့ မိန်းကလေး artist တွေ တော်တော်များလာတာနဲ့ ပတ်သက်ပြီး sweet ကတော့ ကြိုဆိုတယ်၊ ပျော်တယ်။ ပြီးတော့ အရမ်းအားပေးတယ်။ ကြိုးစားရင် မဖြစ်နိုင်တာမရှိပါဘူး။ အဲ့ဒီလို artist တွေ များများပေါ်လာမှ ဒီအရာက ဘာလဲဆိုတာလည်း လူတွေပိုနားလည်လာမယ်။ အားလုံးတက်ညီလက်ညီ ကြိုးစားပြီး တက်တူးဆိုတာ အနုပညာတစ်ရပ်ဆိုတာ လူတွေမြန်မြန်နဲ့ ပိုပြီးသိလာအောင် လုပ်ကြရေအောင်လို့ ပြောချင်ပါတယ်။ ပြီးတော့ သတိထားမိတာက ခုနောက်ပိုင်း ဒီလောကထဲ ဝင်လာကြတဲ့ အမျိုးသမီး တက်တူးဆရာမလေးတွေက အချိန်တစ်ခုအတွင်း မြန်မြန်ကို လက်တက်လာကြတယ်။ အခက်အခဲဆိုတာကတော့ ရှိမှာပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ရပ်တည်မှုပုံစံက သူများတွေနဲ့ လုံးဝမတူတာကြောင့်ပါ။ သူတို့ကိုပြောချင်တာက ဘယ်ဟာပဲဖြစ်ဖြစ် ကြိုးစားဖု့ိပဲလိုတာ၊ မဖြစ်ဘူးဆိုတာမရှိဘူး၊ မဖြစ်သေးတာပဲ ရှိတာ။ အားလျှော့စရာမလိုဘူး၊ လူတွေပြောတာဆိုတာကိုလည်း ဂရုစိုက်စရာမလိုဘူး၊ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်အိပ်မက်ကဘာဆိုတာကိုပဲ သိအောင်လုပ်ဖို့ိလိုတာပါ” တဲ့။

Sweet ဟာ ခုလက်ရှိ Sweetz tattoo Ink ဆိုတဲ့ တက်တူးစတိုဒီယိုမှာ အစ်ကိုဖြစ်သူနဲ့အတူ နေ့တိုင်းနီးပါး တက်တူးရေးပေးရင်း သူမအိပ်မက်တွေကို အတိုက်အခိုက်အခက်အခဲတွေကြား ပျော်ပျော်ရွှင်ရွှင် ပုံဖော်ဖြတ်သန်းနေပါတယ်။

လူတစ်ယောက်အတွက် သူသေသွားတဲ့အခါ ကျန်ခဲ့မှာက အဲ့ဒီလူဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းနဲ့ နာမည်ပါပဲ။ သူများလျှောက်တဲ့လမ်း မလျှောက်ဘဲ လမ်းသစ်ဖောက်ပြီး လျှောက်တဲ့သူအတွက် လူတွေရဲ့ဝေဖန်တာ၊ ထင်မြင်ချက်တွေနဲ့ စောင်းမြောင်းတိုက်ခိုက်တာမျိုး ခံရကောင်း ခံရနိုင်ပါတယ်။ သို့ပေမယ့် ဒီလူဟာ အဲ့ဒီပတ်ဝန်းကျင်ရဲ့အမြင်ဟာ သူ့အပေါ်သက်ရောက်မှုမရှိစေဘဲ အားလုံးထင်မြင်ယူဆနေတာတွေဟာ အမှားတွေဖြစ်ကြောင်း သက်သေပြနိုင်မယ်ဆိုရင် သူ့နာမည်ဟာ တစ်နေ့လူတွေရဲ့ပါးစပ်ဖျားမှာ ကျန်ကိုကျန်ခဲ့ပါလိမ့်မယ်။ ကိုယ်ရေးတဲ့သမိုင်း အကောင်းဆုံးနဲ့ ပြီးပြည့်စုံနေဖို့ကတော့ ကိုယ်ကိုယ်တိုင် ကြိုးစားဖို့ လိုတဲ့အကြောင်း အထူးပြောနေစရာမလိုတော့ပါဘူး။

မေသော်

Share

Loading Next Article...
က္က