ဒီကနေ့ မတ်လ ၈ရက်နေ့ ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ပဲ ဖြစ်ပါတယ်။
Thin Nu Swe

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မတ်လ ၈ရက်နေ့မှာ ကမ္ဘာနဲ့အဝှမ်း ကျင်းပပြုလုပ်နေကြပါတယ်။ ဒီရက်ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေးကို ရရှိနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

၁၉၀၉ ခုနှစ်မှာ အမေရိကန်မှာ စတင်ပြီးတော့ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကြဖို့ စတင်ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ် မတ်လ ၈ရက်နေ့ အမေရိကန်မှာ အထည်ချုပ်စက်ရုံက အလုပ်သမ‌လေးတွေ တန်းတူအခွင့်အရေးရရှိနိုင်ဖို့အတွက် ဆန္ဒပြကြတာကို အစွဲပြုရင်း အမျိုးသမီးများနေ့အဖြစ် သတ်မှတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်း နိုင်ငံပေါင်းများစွာမှာ ဒီနေ့ရက်ကို ကျင်းပခဲ့ကြရင်း ၁၉၇၅ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင်ကျင်းပပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေး

အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးဖို့ဆိုတာကို ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက နိုင်ငံပေါင်းများစွာမှာ အမျိုးသမီးတွေဟာ တိုက်ပွဲဝင်တောင်းဆိုနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ တန်းတူအခွင့်အရေးဆိုတာဟာ အခွင့်အရေးကို ပိုရရှိဖို့ တောင်းခံနေတာမဟုတ်ဘဲ အခွင့်အရေးတန်းတူပေးဖို့သာ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဘာ့ကြောင့်တောင်းဆိုကြတာလဲ

အထူးသဖြင့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အားနည်းသူ၊ နောက်လိုက်၊ အိမ်ရှင်မ စသဖြင့်သာ သတ်မှတ်ထားတတ်ကြပါတယ်။ ရှေးရိုးစွဲ မိဘတွေကဆို သမီးမိန်းကလေးဟာ အိမ်ထောင်ကျသွားမယ်ဆိုရင် အမျိုးသားနောက်ကို လိုက်ရမှာဖြစ်တဲ့အတွက် သမီးမိန်းကလေးကို ပညာသင်မပေးတာ၊ အမွေခွဲဝေမပေးတာမျိုးတွေပါ လုပ်ဆောင်တတ်ကြပါတယ်။ လုပ်ငန်းခွင်တွေမှာဆိုရင်လည်း မိန်းကလေးမို့ မလုပ်ဆောင်နိုင်ဘူးလို့ တွေးထင်ပြီး ရာထူးတာဝန်တွေ မပေးတာမျိုးတွေပါ ကြုံကြရပါတယ်။

မိန်းကလေးက မစွမ်းဆောင်နိုင်ဘူးလား

ပုခက်လွှဲတဲ့ လက်တွေကို အထင်သေးလို့ လုံးဝမရပါဘူး။ အိမ်မှာ အိမ်ရှင်မတာဝန်ယူထားသူဖြစ်လင့်ကစား ကလေးမွေးတာက စလို့ အိမ်ရဲ့ တာဝန်၊ စားဝတ်နေရေး အားလုံးကို စီမံခန့်ခွဲနိုင်တဲ့ အမျိုးသမီးတွေဟာ မွေးရာပါ စီမံခန့်ခွဲမှုပညာကို တတ်လာကြသူများလို့ ဆိုရပါတယ်။ ခုလို တိုးတက်လာတဲ့ ခေတ်ကြီးမျိုးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ နီးတူ တာဝန်တွေ ၊ ဝတ္တရားတွေ၊ လုပ်ဆောင်ချက်တွေ အများကြီး လုပ်ဆောင်လို့ လာကြပါပြီ။

အခွင့်အရေး ပိုလိုချင်ကြတာလား

အမျိုးသမီးတွေ တန်းတူအခွင့်အရေးတောင်းတာဟာ မိန်းကလေးဖြစ်နေလို့ အခွင့်အရေး ပိုပေးရမယ်လို့ တောင်းဆိုနေခြင်းမဟုတ်ပါ။ မိန်းမသားတွေကို မလုပ်နိုင်လောက်ပါဘူးလို့ လျော့တွက်တာတွေ၊ မိန်းမသားဖြစ်နေလို့ အိမ်ရဲ့ ချက်ပြုတ်ရေးတာဝန်တွေကိုသာ လုပ်ဆောင်ရမယ် စတဲ့ ကန့်သတ် ချုပ်ခြယ် တားမြစ်ထားတာတွေကို လျှော့ချပစ်ဖို့ အမျိုးသမီးတွေဟာ လူသားတွေ ဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို တိတိကျကျ ပေးဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပါတယ်။

အမျိုးသမီးတွေဘက်က ဘာတွေ လုပ်ဆောင်ရမလဲ

တန်းတူအခွင့်အရေးပေးဖို့ တောင်းဆိုနေကြတဲ့ အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ့်ရဲ့ အခွင့်အရေးကို တောင်းဆိုနေရုံနဲ့ မရပါဘူး။ ကိုယ်ဟာ ဒီအခွင့်အရေးတွေ ရရှိဖို့ ထိုက်တန်သူ ဖြစ်တဲ့အကြောင်းကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဟာ စွမ်းဆောင်ရည်အပြည့်အဝရှိတဲ့သူဖြစ်တဲ့အကြောင်းကိုလည်း သက်သေပြဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကိုက ငါဟာ အားနွဲ့သူမဟုတ်ဘူး၊ ငါ့မှာ စွမ်းဆောင်ရည်အပြည့်အဝရှိကြောင်း ယုံကြည်နေဖို့ လိုအပ်ပါတယ်။

ယောက်ျား၊ မိန်းမ တစ်ဦးအပေါ်တစ်ဦး ‌လေးစားနေဖို့ လိုအပ်ပါတယ် ‌

ကျွန်မတို့မိန်းမတွေ ယောက်ျားတွေဆီက လိုချင်ကြတာ တန်းတူအခွင့်အရေး တစ်ခုတည်းတော့ မဟုတ်ပါဘူး။ လေးစားမှုကိုလည်း လိုအပ်ပါတယ်။ သွားလာရင်း အစအနောက်ခံရတာတွေဟာလည်း ကျွန်မတို့ရဲ့ အမျိုးသမီးအခွင့်အရေးကို ထိပါးတာနဲ့ အတူတူပါပဲ။ ယောက်ျားဖြစ်နေလို့ မိန်းမတစ်ယောက်ကိုစနောက်အသားယူလို့ရတယ်ဆိုတာမျိုးတွေ ဘယ်ဥပဒေမှာမှ ရှိမနေပါဘူး။ မိန်းမသားတွေကို လေးလေးစားစား ဆက်ဆံဖို့လည်း ကျွန်မတို့ဘက်က အထူးလိုလားပါတယ်။

အိမ်တွင်းရေးပြဿနာ

အထူးသဖြင့် မြန်မာနိုင်ငံမှာ အိမ်ထောင်တစ်ခုအတွင်း လင်ယောက်ျားနဲ့ ဇနီးမယား ရန်ဖြစ်ကြပြီဆိုရင် ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ရိုက်နှက်လေ့ရှိပါတယ်။ ဒီလိုရိုက်နှက်မှုမျိုးကို ခံရသူအမျိုးသမီးကစလို့ မိသားစု၊ ပတ်ဝန်းကျင်ကပါ ဒါဟာ ဖြစ်သင့်၊ လုပ်သင့်တဲ့ ကိစ္စလို့ ထင်နေကြဆဲဖြစ်ပါတယ်။ ဒီလို ဖိနှိပ်အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေအနေနဲ့ လုံးဝလက်သင့်မခံသင့်ပါဘူး။ ဒီလို ဖိနှိပ်မှုတွေကို လက်သင့်ခံလိုက်တာဟာ ကိုယ့်သားသမီးတွေကိုပါ အမျိုးသမီးဟာ ဖိနှိပ်ခံလူစားတစ်ရပ်အဖြစ် ထင်မှတ်မှားသွားစေနိုင်ပါတယ်။

အမျိုးသမီးတွေ တန်းတူအခွင့်အရေးရတာဟာ တစ်မျိုးသားလုံးအတွက်ပါ

အမျိုးသမီးတေွအားလုံး တန်းတူအခွင့်အရေးရသွားမယ်ဆိုရင် ဘာတွေ ဖြစ်လာမှာလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ မိန်းမသားတွေသာ တန်းတူအခွင့်အရေးရရင်၊ တူညီတဲ့ ကြိုးစားအားထုတ်မှုတွေ ပြုလုပ်ခွင့်ရမယ်ဆိုရင်၊ ပတ်ဝန်းကျင်..မိသားစု...အိမ်တွင်း....လုပ်ငန်းခွင် ဘယ်နေရာမှာမဆို လေးလေးစားစား ဆက်ဆံခြင်းခံရမယ်ဆိုရင်၊ တူညီတဲ့ ပညာသင်ခွင့်၊ တူညီတဲ့ လုပ်ခလစာခံစားခွင့် ၊ အရာအားလုံး တန်းတူညီမျှမှုတွေသာ ရရှိမယ်ဆိုရင် လူလူချင်းလေးစားတန်ဖိုးထားတဲ့ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင် တစ်ရပ်ကို ရရှိနိုင်မှာ ဖြစ်သလို နိုင်ငံအတွက်လည်း ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးတိုးတက်မှုနဲ့ လုပ်အားတွေ အများကြီး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံး ကျင်းပကြ

ဒီလို ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာနဲ့ တစ်ဝှမ်းမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပရင်း အမျိုးသမီးများအတွက် တန်းတူအခွင့်အရေးတွေ ရရှိနိုင်အောင် အသိပညာပေးမှုတွေ အများကြီး လုပ်ဆောင်လာကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြတာနဲ့အမျှ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကလည်း မြင့်တက်လာမှာပါ။

၂၀၂၀ ခုနှစ် ဆောင်ပုဒ်

နှစ်စဥ်နှစ်တိုင်း မတ်လ ၈ရက်နေ့ကို ရောက်ရှိလာပြီဆိုရင် ဆောင်ပုဒ်တွေ ၊ သင်္ကေတတွေနဲ့ အမြဲ ကျင်းပလေ့ရှိရာ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "Each For Equal" ပဲဖြစ်ပါတယ်။ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရတာဟာ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် နဲ့ ထုတ်ကုန်စွမ်းအားတွေကိုပါ မြှင့်တက်စေတာဖြစ်တဲ့အတွက် အမျိုးသမီးတွေကလည်း တန်းတူအခွင့်အရေးရသင့်ရထိုက်တဲ့သူဖြစ်အောင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ၊ အရည်အချင်းတွေကို တိုးတက်မြင့်မားအောင် လုပ်ဆောင်သင့်သလို အမျိုးသားတွေဘက်ကလည်း အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေး နဲ့ ဖြစ်တည်မှုအပေါ် လေးလေးစားစား ဆက်ဆံသင့်ပါကြောင်း ဒီဆောင်းပါးနဲ့ တိုက်တွန်းလိုက်ပါရစေ။

အမျိုးသမီးများအားလုံး Happy International Women's Day ပါ။ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေအဖြစ် ပျိုးထောင်ရပ်တည်နိုင်ကြပါစေ။




က္က