In partnership with  logo
အာဇာနည်နေ့အမှတ်တရအနေနဲ့ မျိုးချစ်စိတ်အပြည့်ရှိတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဖော်ပြလိုက်ပါတယ်။

ဇူလိုင်လ ၁၉ရက်နေ့ မှာ ကျရောက်တဲ့ အာဇာနည်နေ့ကိုရောက်တိုင်း လူတိုင်းဟာ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ်တသ သတိရတတ်ကြပါတယ်။ ဒီနေ့ရဲ့ မနက်ခင်း ၁၀နာရီ ၃၇ မိနစ်မှာဆိုရင် ၊ မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုတာတွေ၊ ကားဟွန်းတီးတာတွေ ၊ ဥသြဆွဲတာတွေ ၊ ခေတ္တခဏငြိမ်သက်ရင်း ဂုဏ်ပြုဦးညွှတ်ကြတာတွေ ပြုလုပ်လေ့ရှိပါတယ်။ အာဇာနည်နေ့မှာ အာဇာနည်အမျိုးသားခေါင်းဆောင်တွေရဲ့ အကြောင်းကိုတင် အောက်မေ့သတိရလို့မရပါဘူး။ အာဇာနည်အမျိုးသားတွေနဲ့ အတူ လက်တွဲပြီး ကြိုးပမ်းခဲ့တဲ့ အမျိုးသမီးတွေကိုလည်း ဦးညွှတ်ဂုဏ်ပြုကြရပါဦးမယ်။ အာဇာနည်နေ့မှာ ဦးညွှတ်ဂုဏ်ပြုချင်တဲ့ အမျိုးသမီးတစ်ဦးကတော့ မျိုးချစ်ဧကရီလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဒီးဒုတ်ဒေါ်လှမေပဲဖြစ်ပါတယ်။


ဒီးဒုတ်ဒေါ်လှမေကို လှည်းစက်တုံးနဲ့ ထွန်တုံးလယ်ယာသုံး ပစ္စည်းတွေဖြန့်ဖြူးတဲ့ အလုပ်ရှင် ဦးသဲနဲ့ ဒေါ်မမကြီးတို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးချင်းမောင်နှမလေးဦးရှိတယ်လို့ သိရပါတယ်။ အသက် ၉ နှစ်အရွယ်မှာ ဖခင်ဆုံးပါးသွားလို့ ၁၃ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရတယ်။ ဒါပေမယ့်လည်း စာပေအရာမှာ ဝါသနာပါလွန်းတဲ့ ဒေါ်လှမေဟာ ငယ်စဉ်ကတည်းက နိုင်ငံရေးဝါသနာပါပြီး မျိုးချစ်စိတ်ထက်သန်သူတစ်ယောက်ပါ။ အပျိုဘဝတည်းက နိုင်ငံရေးတွေ လုပ်ခဲ့သူတစ်ယောက်လို့ သိရပါတယ်။

ဒီးဒုတ်ဒေါ်လှမေဟာ ပုသိမ်ကွန်ဖရင့်မှာ ဘိက္ခူရှိက ဘိက္ခူနီမရှိ၍ ဘုရင်ရှိက မိဖုရားရှိသည့်နည်းတူ အမျိုးသမီးများ အသင်းလည်း ရှိသင့်ကြောင်း အဆိုတင်သွားခဲ့သူတစ်ယောက်ပါ။ စာပေပေါ်လည်း ဝါသနာထုံတဲ့သူတစ်ယောက်ဖြစ်ပြီး ဗြဟ္မာစရိယကုမ္မာရီ မြန်မာမိန်းမများအသင်းမှာလည်း အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူပါ။ ကျောင်းဆရာ ဒီးဒုတ်ဦးဘချိုနဲ့ အကြောင်းပါပြီးတဲ့ နောက် နိုင်ငံအကျိုးပြု ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့ကြပါတယ်။ နိုင်ငံရေး ၊ လူမှုရေး နဲ့ ပညာရေးအသင်းတွေမှာ တက်ကြွစွာ လှုပ်ရှားပါဝင်ခဲ့တဲ့ ရဲရဲတောက်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

အမျိုးသမီးများအသင်းမှာ ဒေါ်လှမေဟာ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး သပိတ်သမားတွေကို စုစည်းကာ အတွင်းဝန်ရုံးကို ချီတက်ဆန္ဒပြခဲ့သူလည်း ဖြစ်ပါတယ်။ ဒီးဒုတ်ဒေါ်လှမေရဲ့ မျိုးချစ်စိတ်နဲ့ စွန့်စားမှုကြောင့် သပိတ်တားတာ အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံကို အိန္ဒိယနဲ့ ခွဲရေးတွဲရေးမှာ ကုလားအမတ်တွေကြားနေလိုက်ကြရပါတယ်။ အဲဒီတုန်းကသာ ဒီးဒုတ်ဒေါ်လှမေက မတားဆီးနိုင်ခဲ့ရင် အင်္ဂလိပ်ပေးတဲ့ လွတ်လပ်ရေးအရ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ နယ်မြေတစ်ခုအဖြစ် တည်ရှိနေနိုင်တယ်လို့ ပြောပြီး ဒေါ်လှမေကို ချီးကျူးထောပနာပြုကြပါတယ်။

ခင်ပွန်းသည် ဒီးဒုတ်ဘချို လုပ်ကြံခံရပြီး ကျဆုံးချိန်မှာတော့ သမီး ၄ယောက်နဲ့အတူ ဘဝကို ရုန်းကန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

ဒီးဒုတ်ဒေါ်လှမေရဲ့ သမီးအငယ်ဆုံး ဒေါ်ခင်ခင်ဦးက မွေးတဲ့ တတိယမြောက်သားဖြစ်တဲ့ ဦးသန့်စင်ချိုက

“အဘွားဒေါ်လှမေဟာ အဘိုးဖြစ်သူ ဒီးဒုတ်ဦးဘချို ကျန်ရှိခဲ့တဲ့ ဒီးဒုတ်ဂျာနယ်ကို ဆက်လက်ထုတ်ဝေရင်း တစ်နှစ်အကြာမှာတော့ BOC ကုမ္ပဏီမှ ဓာတ်ဆီဆိုင်ပါမစ်ကို ရရှိခဲ့ပြီး ပြည်သူပိုင်မသိမ်းခင်မှာတင် တခြားစီးပွားရေးဘက်ကူးချင်တာကြောင့် ဆီဆိုင်ပါမစ်ကို ကုမ္ပဏီသို့ ပြန်လည်ပေးအပ်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

အသက်ကြီးပိုင်းအရွယ်ရောက်လာချိန်မှာတော့ ဒီးဒုတ်ဒေါ်လှမေဟာ ဘာသာရေးဘက်ကို ဇောက်ချပြီး လုပ်လာသလို မြေးတွေကိုလည်း ဘာသာရေးပိုင်းနဲ့ ပတ်သက်ပြီး အကျွမ်းတဝင်ရှိအောင် သွန်သင်ဆုံးမကာ ဒီးဒုတ်စာပေတိုက်ကနေလည်း ဘာသာရေးစာအုပ်တွေ ထုတ်ဝေခဲ့ပါတယ်။ ဘဝတလျှောက်လုံး မျိုးချစ်စိတ်ဓာတ်ပြည့်ဝနေခဲ့တဲ့ ဒီးဒုတ်ဒေါ်လှမေဟာ ၁၉၇၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က