In partnership with  logo
စွန့်ပစ်ပစ္စည်းဖြစ်တဲ့ သံချေးတက်နေတဲ့ အရာတွေကို အသုံးပြုပြီး ပိတ်စပေါ်မှာ ဆေးဆိုးတဲ့ ပညာရပ် Resty Dye နည်းပညာကို အသုံးပြုတာ မြန်မာပြည်မှာဆိုရင် သီရိဝင်းမောင်က ပထမဆုံးဖြစ်သလို သူမရဲ့ဖန်တီးမှုတွေကလည်း Unique ဖြစ်ပါတယ်။

စွန့်ပစ်ပစ္စည်းဖြစ်တဲ့ သံချေးတက်နေတဲ့ အရာတွေကို အသုံးပြုပြီး ပိတ်စပေါ်မှာ ဆေးဆိုးတဲ့ ပညာရပ် Rusty Dye နည်းပညာကို အသုံးပြုတာ မြန်မာပြည်မှာဆိုရင် သီရိဝင်းမောင်က ပထမဆုံးဖြစ်သလို သူမရဲ့ဖန်တီးမှုတွေကလည်း Unique ဖြစ်ပါတယ်။

ယနေ့ခေတ် အဝတ်အစားနဲ့ပတ်သက်တဲ့ ဈေးကွက်တွေထဲမှာ၊ ဖက်ရှင်ချစ်သူတွေကြားမှာ ဖက်ရှင်နဲ့ပတ်သက်ပြီး၊ အဝတ်အထည်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ်ဒီဇိုင်းက ဘာ၊ နောက်ဆုံးပေါ် ပွင့်ရိုက် pattern တွေကဘာဆိုတာကို သိနိုင်ပြီး အလွယ်တကူ ဝယ်ယူ ဆင်မြန်းတတ်ကြပေမယ့် ကိုယ်ဝတ်မယ့်အင်္ကျီတစ်ထည်၊ outfit တစ်စုံဟာ စွန့်ပစ်ပစ္စည်းကနေ ထူးခြားတဲ့ဒီဇိုင်းမျိုးနဲ့ ဖန်တီးနိုင်တယ်ဆိုတဲ့အကြောင်းမျိုးကိုတော့ သိချင်မှသိကြပါလိမ့်မယ်။ ပိုထူးခြားတာက အဲ့ဒီစွန့်ပစ်ပစ္စည်းကနေ ထုတ်လုပ်ဖန်တီးထားတဲ့ လူ့အသုံးအဆောင်ပစ္စည်း၊ အဝတ်အထည်တွေဟာ limited edition တွေလည်း ဖြစ်တယ်ဆိုတာပါပဲ။ ဒီအကြောင်းကို ပြောဖို့ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံး Rusty Dyer (စွန့်ပစ်ပစ္စည်းဖြစ်တဲ့ သံချေးတက်နေတဲ့ အရာတွေကို အသုံးပြုပြီး ပိတ်စပေါ်ဆေးဆိုးတဲ့သူ) ဖြစ်တဲ့ သီရိဝင်းမောင်အကြောင်း အဓိကပြောရပါလိမ့်မယ်။



သဘာဝဆိုးဆေးသုံးပြီး အဝတ်အထည်တွေကို ဒီဇိုင်းထုတ်ဖန်တီးတဲ့ Natural dyer သဘာဝဆိုးဆေး ပညာရှင်တွေ ကတော့ မြန်မာနိုင်ငံမှာ အစောပိုင်းထဲက ရှိနေပြီးသားပါ။ ဒါပေမယ့် Rusty Dye ပြုလုပ်တဲ့သူဆိုရင်တော့ ဒီနိုင်ငံမှာ သီရိဝင်းမောင်က ပထမဆုံးလို့ ဆိုရပါလိမ့်မယ်။ အဲ့ဒီအကြောင်းလေး သူမကို မေးမြန်းကြည့်ဖြစ်တော့ “Rusty dye ပြုလုပ်ရခြင်း ရည်ရွယ် ချက်ကတော့ စွန့်ပစ်ပစ္စည်းတွေ၊ အမှိုက်ထဲကနေ လူ့အသုံးအဆောင်ပစ္စည်းတစ်ခု ထုတ်လုပ်ဖန်တီးလို့ရတယ် ဆိုတာကို လူတွေသိစေချင်တဲ့ ဆန္ဒကြောင့်ဖြစ်ပါတယ်။ ပြီးတော့ အနောက်နိုင်ငံက လူတွေကြောင့်လည်း ကျွန်မဒီလိုမျိုး လုပ်ပြဖြစ်သွားတာပါ။ အဓိက သူတို့ဖန်တီးထားတာလေးတွေကိုလည်း သဘောကျပြီး စလေ့လာဖြစ်လာတယ်။ နောက် နိုင်ငံခြားက rusty dyer တွေနဲ့ မိတ်ဆွေဖွဲ့ဖြစ်တယ်။ အပြန်အလှန် ပညာဖလှယ်ကြတယ်။ ပထမစစချင်း ဒီမှာ စလုပ်ဖြစ်တော့ ဒီကလူတွေ သိပ်လက်မခံပေမယ့် နောက်ပိုင်းမှာ uniqueဖြစ်တဲ့ ပုံစံတွေကြောင့် လူအများ သဘောကျနှစ်ခြိုက်လာကြပါတယ်။ နောက် ကိုယ့်ကို သဘာဝဆိုးဆေး ပညာရှင်ရယ်လို့ လူတွေ သတိထားမိတာကတော့ MORI Burma page လေးမှာ လုပ်ပုံလုပ်နည်း အဆင့်ဆင့်တွေ တင်ပေးထားဖြစ်တာကြောင့် တဖြည်းဖြည်း သတိထားမိသွားတယ်လို့ ထင်ပါတယ်”တဲ့။

ဒီပေ့ချ်လေးကို စတင်တည်ထောင်ကတည်းက သဘာဝဆိုးဆေးပညာရပ် လုပ်ပုံ လုပ်နည်း အဆင့်ဆင့်ကို မသိသေးသောသူတွေ တန်ဖိုးထားတတ်ဖို့ ရည်ရွယ်ပြီး ပို့စ်တွေ တင်ပေးဖြစ်ခဲ့တဲ့ သူမဟာ သဘာဝဆိုးဆေး ပိတ်စလေးတွေ ရောင်းရာကနေ အခုဆို သဘာဝဆိုးဆေး ပိတ်စ အင်္ကျီတွပေါ်မှာ လက်ပန်းထိုးချည်လေးတွေတောင် ဖန်တီးဖြစ်လာခဲ့ပါပြီ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သူမရဲ့ဖန်တီးမှုလက်ရာတွေက အများကြီး ရှိနေပါသေးတယ်။

“ပထမဆုံးဖန်တီးဖြစ်ခဲ့တဲ့အရာက west Africa traditional design တစ်ခုဖြစ်တဲ့ bogolanfini design ကျောပိုးလွယ်အိတ်လေး ဖြစ်ပါတယ်။ နောက်ပိုင်း ဆက်တိုက်ဖန်တီးဖြစ်တာကတော့ Rusty Dye တွေ၊ နောက် Natural Dye Cotton fabric တွေပေါ့။ hand embroidery design တွေပါပဲ။ natural dye ပိတ်စတွေက ပြောင်၊ အကွက်၊ အစင်း စတာလေးတွေဆိုတော့ ဖန်တီးရတာ ကြာလာရင် လူတွေအမြင်မှာ မြင်နေကျအတိုင်း ရိုးအီသွားမှာစိုးတာရယ်၊ လက်မှုပညာဖြစ်တဲ့ လက်ပန်းထိုး ပညာကိုလည်း မြတ်နိုးတဲ့အတွက် သဘာဝဆိုးဆေး ပိတ်စလေးတွေပေါ်မှာ လက်ချည် ပန်းထိုးလေးတွေ ဖန်တီးဖြစ်တာပါ။ အမျိုးသား အမျိုးသမီးဝတ်အပြင် ကလေးတွေ အတွက်ပါ ထုတ်လုပ်ဖန်တီးပေးနိုင်တာကတော့ ဓာတုဆေး မဝတ်စေချင်တဲ့ တချို့သော ကလေး မိဘတွေရဲ့တောင်းဆိုချက်ကြောင့်ပါ။ အခုလို တောင်းဆိုလာမှုအပေါ်မှာလည်း ပီတိဖြစ်မိပါတယ်။ အခု လက်ရှိမှာတော့ ကျွန်မရဲ့ textile art နဲ့ ချည်ပိတ်စလေးတွေပေါင်းစပ်ပီး ဘေးလွယ်အိတ်လေး တွေလည်း ထုတ်လုပ်ရောင်းချပေးနေပါတယ်” လို့ သူမက ရှင်းပြသွားပါတယ်။

တကယ်တော့ အခုလို သူမရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားရာမှာ ကြုံခဲ့ရတဲ့အခက်အခဲတွေကလည်း မနည်းမနောပါ။ ဒါကို သူမ ဘယ်လိုစိတ်ခွန်အားနဲ့ ရှေ့ဆက်သွားနိုင်ဖို့ ကြိုစားခဲ့သလဲဆိုတာလေး ဝေမျှပေးရရင်တော့

“လက်ရက်ကန်းလုပ်ငန်းဆိုတာ ကျွန်မနဲ့ လုံးဝမှ မသက်ဆိုင်သော၊ လုံးဝ မသိသော နယ်ပယ်တစ်ခုပါ။ ဒါပေမယ့် ကျွန်မ ဒီလုပ်ငန်းကို စတင်လုပ်ကိုင်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ လိုအပ်တဲ့ပညာရပ်၊ သက်ဆိုင်တဲ့ ပညာရပ်တွေကို လေ့လာသင်ယူပါတယ်။ ကံကောင်းတာတခုက ကိုယ့်ဇာတိမြို့ဖြစ်တဲ့ ဘုတလင်မြို့နားက ကျေးရွာတွေမှာ လက်ရက်ကန်း လက်ငင်ချည်လုပ်တဲ့ ကျေးရွာတွေ ရှိပါတယ်။ ဒီလုပ်ငန်းစလုပ်တော့ ချည်တွေ လိုက်ဝယ်ရတယ်။ တစ်ယောက်တည်း အဝေးကြီး ရွာတွေ သွားရတယ်။ လမ်းလည်းမကောင်းဘူး။ မိုးတွင်းလည်းဖြစ်တော့ အပြန်မှာ မိုးတွေမိ လယ်ကွင်းပြင်ထဲ တယောက်ထဲ ခိုက်ခိုက်တုန်အောင် ချမ်းနေရတဲ့အချိန်၊ မိုးကြိုး လျှပ်စီးတွေ ကြောက်လို့ ငိုခဲ့ရတဲ့အချိန်၊ လုပ်ငန်းကို နားမလည်တော့ ကြုံတွေ့ရတဲ့ အခက်အခဲ ၊စတင်လုပ်ကိုင်ချိန်မှာ ချည်တွေ ဆေးဆိုး၊ အကျႌ အသုံးအဆောင်ပစ္စည်းတွေ အရာအားလုံးကို ကိုယ်တိုင် တစ်ယောက်တည်း လုပ်ခဲ့ရပါတယ်။ လက်တွေလည်း ပေါက်ပြဲ၊ နောက်ပြီး စွန့်ပစ်ပစ္စည်းကနေ အသုံးအဆောင်တွေ၊ အဝတ်အထည်တွေပြန်လုပ်ဖို့ အပြင်က အမှိုက်လို့ လက်ခံထားခဲ့ အုန်းခွံ၊ ကြက်သွန်ခွံ ၊သံချေးတက်နေတဲ့ သံထည်တွေ ဒါတွေ လိုက်တောင်း အိမ်ထဲကို သယ်လာ အဲ့ဒီအချိန်မှာ အိမ်က အပြင်က အမှိုက်တွေ ယူလာတာ၊ အမှိုက်ရှုပ်တယ်၊ ပိုက်ဆံမရတာတွေ လုပ်နေပြီး အလုပ်တော့ မလုပ်ဘူး စတဲ့ negative ဘက်ရောက်တဲ့စကားတွေ၊ နေ့စဉ်အပြောခံရတဲ့ကြားကနေ အခုအခြေအထိရောက်အောင် တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ အစပိုင်းမှာ လုပ်ငန်းအတွက် ငွေကြေးအရင်းအနှီးဟာ အခက်အခဲတစ်ခု ဖြစ်ခဲ့ပါတယ်။ Mori Burma ကို စတင်ခဲ့တဲ့ ငွေကြေးဟာ ၂၀,၀၀၀ ကျပ် တိတိပဲ ဖြစ်ပါတယ်။ ပြီးတော့ စတင် လုပ်ကိုင်ချိန်မှာ တစ်ယောက်တည်းပါ။ ကိုးလအတွင်း အခုဆို ကျွန်မမှာ ဝန်ထမ်း အယောက်၂၀နှင့်အတူ လုပ်ငန်းကို လုပ်ကိုင်နေပါပြီ။ နှဖူးကချွေး ခြေမအထိကျအောင် တကယ်ပဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်ခဲ့တာ အခုအနေထားလေးထိ ရောက်လာတာကို ကျေနပ်စရာပါပဲ။ ဒီထက်လည်း ဆက်လက် ပိုမိုကြိုးစားသွားဦးမှာပါ။ အခုတော့ မိသားစုကလည်း ကျွန်မကို ယုံကြည်လက်ခံလာပြီး အစစအရာရာ ကူညီဆောင်ရွက်ပေးနေပါပြီ”လို့ သူမက သူမရဲ့အဖြစ်အပျက်၊ အတွေ့အကြုံတွေကို ပြောပြပေးသွားပါတယ်။


မအောင်မြင်ခင်၊ လူတွေအသိအမှတ်မပြုခင်အချိန်တွေမှာ ဝေဖန်ကဲ့ရဲ့တာမျိုးတွေ ကြုံရမှာ မဆန်းပါဘူး၊ ဒါပေမယ့် အဲ့ဒီဝေဖန်မှုတွေကြား ကိုယ်လုပ်နိုင်တဲ့အရာကို ဖန်တီးချပြနိုင်ရင်တော့ ဒါဟာာ တော်တော်လေး ထူးခြားတဲ့လုပ်ရပ်တစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒါကို သီရိဝင်းမောင်က

“ကိုယ့်ကို လူတွေဘယ်လိုပဲ ဝေဖန်တိုက်ခိုက်ပါစေ၊ မိမိ ရည်ရွယ်ချက်ကို မပျက်ပါစေနဲ့။ ဒါက တကယ် အဓိကကျတဲ့ အချက်ပါ။ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်မှ မဖန်တီးရင် ဘယ်သူက ဖန်တီးပေးမလဲ။ ဒါကြောင့် ရိုးသားကြိုးစားစွာ လမ်းကြောင်းမပျောက်ဘဲ ကြိုးစားကြပါ။ မိမိစိတ်ကသာ အမှန်တကယ် ဖြစ်ချင်တဲ့စိတ် ရှိဖို့ပဲ လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခု စမယ်ဆို ငွေကြေးအရင်းအနှီး မတတ်နိုင် မလောက်ငှရင် မစနိုင်ဘူးလို့ လူတွေအများစု ထင်ထားကြတယ်။ ငွေကြေးအရင်းနှီးသည်လည်း အရေးပါပါတယ်။ မတတ်နိုင်သူ တယောက်အတွက်တော့ ဒါက ကြီးမားတဲ့ စိတ်ပူပန်မှု စိတ်ဆင်းရဲသောက ရောက်စေမှု တခုပါ။ ငွေကြေးတတ်နိုင် အရင်းအနီးအများအပြား ထုတ်နိုင်သူတွေကို သွားပြီး ဘယ်တော့မှ မကြည့်ပါနဲ့။ ကိုယ့်မှာ တစ်ရာရှိလည်း ဒီတစ်ရာနဲ့ပဲ စလိုက်ပါ။ ဖန်တီးမှုဆိုတာ ကျွန်မတို့ လေ့လာမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအလုပ်ပဲ ဖြစ်ဖြစ် လေ့လာမှု မရှိရင် ဖန်တီးမှုဆိုတာ မရှိလာနိုင်ဘူး။ လေ့လာမှုအတွက်ရော နိုင်ငံရပ်ခြားက ကျောင်းတွေ တက်ဖို့ လိုလား။ မလိုအပ်ပါဘူး။ ကိုယ်က တတ်နိုင်တဲ့အနေအထားတခုဆို လေ့လာသင်ယူခွင့်ရှိရင်တော့ အကောင်းဆုံးပေါ့။ မတတ်နိုင်တဲ့ အချို့သော လူတွေအတွက်ကတော့ ကျွန်မတို့မှာ “Google” ရှိပါတယ်။ သင်ယူလေ့လာလိုတဲ့ ပညာရပ်မှန်သမျှ အကုန်လေ့လာသင်ယူလို့ ရပါတယ်။ Internet connection ရှိတဲ့ မည်သည့်နေရာမှာမဆို လေ့လာသင်ယူနိုင်ပါတယ်။ လုပ်ငန်းတစ်ခု လုပ်မယ်ဆို ဝါသနာ၊ စေတနာ၊မေတ္တာ ဒီအရာသုံးခု အမြဲတန်း ဦးစားပေးပြီး ဖန်တီးဆောင်ရွက်ပေးဖို့ကလည်း အဓိက ကျပါတယ်။ စိတ်ထဲမှာ မိမိဖြစ်ချင်တဲ့ ဆန္ဒမှန်သမျှ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ် ဖြစ်အောင် ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကိုထည့်ပြီး သိမ်ငယ်စိတ်အဝင်မခံဘဲ ကြိုးစားပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ကမ္ဘာပေါ်မှာ ရှိတဲ့အရာတွေ အားလုံးဟာ (သဘာဝတရားကြီးကလွဲရင်) လူတွေအားလုံး ဖန်တီးထားတာတွေချည်းပါ။ ဒါကြောင့် ကျွန်မတို့ကလည်း ကျွန်မတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုကို ဘာကြောင့် ဖြစ်အောင် မလုပ်ဘဲ မနေနိုင်ရမှာလဲ”တဲ့။

သီရိဝင်းမောင်ဟာ သူမဖန်တီးတဲ့အကျီဒီဇိုင်း၊ လက်ရာတွေနဲ့ ပတ်သက်ပြီး မျက်လုံးထဲ မြင်မြင်သမျှအရာတွေနဲ့ စိတ်ကူးထဲ ပေါ်ပေါက်လာတဲ့အရာတွေ အားလုံးက အနုပညာတစ်ခုအဖြစ် ပြောင်းလဲဖန်တီးဖို့ inspiration ရစေခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ဖန်တီးမှုလက်ရာတွေထဲမှာ မကြာသေးခင်က လူငယ်တွေရော၊ လူကြီးတွေကြားမှာပါ တော်တော်လေး သဘောကျနှစ်ခြိုက်စွာ share တဲ့ပို့စ်လေးတစ်ခုကတော့ ပင်နီဂျက်ကတ်လေးပေါ် ထူးအိမ်သင်ရဲ့ပုံကို Textile art ရေးပြီး ဖန်တီးထားတဲ့လက်ရာလေးပါ။


“အဲ့ဒါကတော့ ဦးငှက်ကို ချစ်ခင်လေးစားသော စိတ်နှင့် ဖန်တီးဖြစ်တာပါ။ ဈေးကွက်ထဲမှာလည်း stock အနေနဲ့ မရောင်းပါဘူး။ ကိုယ်ချစ်ခင်ရတဲ့ လူလေးဦးအတွက်ပဲ ဖန်တီးပေးထားတာပါ။ ကိုယ်ဖန်တီးထားတဲ့ အနုပညာကို လူတွေသဘောကျတယ်ဆိုတော့လည်း ပျော်ရတာပေါ့။ ဒီလောက်ပါပဲ” တဲ့။

MORI Burma ကထုတ်တဲ့ ချည်ထည်တွေကို ဝတ်ဆင်မယ်ဆိုရင် အားလုံးဟာ Limited Edition တွေဖြစ်တာကြောင့် ဝတ်ဆင်သူတွေအနေနဲ့ ၁၀၀%မှာ ၉၀%လောက်အထိ စိတ်ကျေနပ်မှုရကြပါတယ်တဲ့။

“သူတို့အနေနဲ့ ကျွန်မရဲ့ limited edition ချည်ထည်အကႌျလေးတေွ ဝတ်ဆင်ရခြင်းဟာ သူတို့စိတ်မှာ ပြောမပြတတ်တဲ့ စိတ်ခံစားမှု ၊ သစ်ခေါက်လေးတွေရဲ့ ရနံ့ ဒါလေးတွေဟာ သူတို့ရဲ့ပီတိလေးတွေပဲ ဖြစ်မယ် ထင်ပါတယ်။ ကျွန်မကတော့ အဓိက customize ပဲ ဖန်တီးပေးဖြစ်ပါတယ်။ တစ်ဦးကို ဖန်တီးပေးပြီးသွားရင် နောက်တစ်ဦး ဘယ်လောက်ပဲ ကြိုက် ကြိုက် ထပ်မလုပ်ပေးပါဘူး။ ပစ္စည်းအားလုံးကိုတာ့ Limited edition အနေနဲ့ ငါးထည်ပဲ ထုတ်ပါတယ်။ အနုပညာဖန်တီးမှုနဲ့ ပတ်သက်ရင် အားစိုက်ထုတ်တယ်ဆိုတဲ့အပိုင်းထက် ကျွန်မ ကိုယ်လုပ်ချင်ရာကိုပဲ ရာနှုန်းပြည့်ဖန်တီးတတ်တဲ့သူလို့ ပြောရပါမယ်။ ပြီးတော့ ဈေးကွက်အနေအထားလိုက်ပြီးတော့သာ ကျွန်မ ဖန်တီးမယ်ဆို ဒါဟာ စက်ရုပ်ဆန်တဲ့ကုန်ပစ္စည်း သက်မဲ့တခုဖြစ်သွားပါပြီ။ ဒါကြောင့် ကျွန်မ ဘယ်တုန်းကမှ ဈေးကွက်လိုက်ပြီး ဖန်တီးခဲ့ခြင်းလည်း မရှိပါဘူး။ အဲ့ဒီအတွက် ကျွန်မအနေနဲ့ ပိုအချိန်ပေးရတယ်၊ ပိုပင်ပန်းပါတယ်။ အဲ့ဒီတော့ ကိုယ်ပိုင်အချိန်တွေနည်းလာတယ်။ တစ်နေ့ ၂၄နာရီမှာ အိပ်ချိန် ၃နာရီပဲ ရှိပါတယ်။ ကျန်တဲ့အချိန်ကတော့ အလုပ်အတွက် ပေးထားရတဲ့ အချိန်တွေပါ။ ကုန်ကြမ်းကနေ ကုန်ချောဖြစ်တဲ့ အထိ ကိုယ်တယောက်ထဲပဲ လုပ်ကိုင်ရတာ ဖြစ်တဲ့အတွက် တခါတလေမှာ အရမ်းပင်ပန်းပီး ဆက်မလုပ်ချင်တော့တဲ့အထိ ဖြစ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေလည်း အချိန်မပေးနိုင်တော့တဲ့အတွက် မိတ်ပျက်ရတာတွေလည်း ရှိပါတယ်” လို့ သူမက ဖွင့်ဟပါတယ်။

မြန်မာနိုင်ငံက လူတွေဟာ နိုင်ငံတကာနဲ့ယှဉ်ရင် လက်မှုပညာတွေအပေါ် တန်ဖိုးမထားတတ်သလို ခံစားရပါတယ်။ ဒီအကြောင်းကို လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူလည်းဖြစ်၊ အနုပညာတစ်ရပ်ကို ဖန်တီးထုဆစ်နေသူလည်းဖြစ်တဲ့ သီရိဝင်းမောင်က “ကျွန်မတစ်ဦးအမြင်ကို လိုတိုရှင်း ပြောရရင်တော့ ဒီနိုင်ငံမှာ ပညာရေးနှင့်စီးပွားရေးညံ့ဖျင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ လူတွေက စားဝတ်ရေးနောက်ကို လိုက်နေကျတော့ ဘာကိုမှမလေ့လာ တန်ဖိုးမထားကျတော့ဘူး။ ငယ်စဉ်ကကျောင်းမှာ အဲ့ဒါတွေကို တန်ဖိုးထားတတ်အောင ်သင်မပေးခဲ့ကြဘူး။ မိဘတွေကလည်း ဒာတွေးတွေသိအောင် လုပ်မပေးဘူး။ တဖြည်းဖြည်းနဲ့ လူတွေက နည်းပညာနောက်လိုက်ပြီး လက်မှုလုပ်ငန်းတွေကို မသိနားမလည်ဖြစ်လာတာတွေကြောင့်လို့ ထင်ပါတယ်။ ဒီအကြောင်း ပြောရမယ်ဆို အများကြီးပဲပေါ့။ ဒါကတော့ ကျွန်မရဲ့အမြင်လေးကို ပြောပြပေးခြင်းပါ” တဲ့။

ဒီတော့ လက်မှုပညာရပ်တွေအပေါ် လူတွေပိုတန်ဖိုးထားလာအောင် တတ်နိုင်တဲ့ဘက်က ကြိုးစားချင်တဲ့ သူမကတော့ ဒီထက်မကတဲ့ ပညာတွေ နိုင်ငံတကာကနေ ထပ်လေ့လာ သင်ယူသွားမှာဖြစ်ပြီး ဒီပညာတွေကိုလည်း ပြန်မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမက ကာယလုပ်သားတွေကိုလည်း ဉာဏလုပ်သားတွေနှင့်အတူ တစ်တန်းထဲ ဆက်ဆံ၊ အခွင့်အရေး တန်းတူပေးစေချင်သေးတဲ့အကြောင်း ပြောသွားပါသေးတယ်။

သီရိဝင်းမောင်ဟာ ဒီနှစ်အတွင်း mass product တခုအဖြစ် Chemical Dye ဖြစ်တဲ့ အဖြူ/အနက် အရောင် ချည်ပိတ်စလေးတွေကို အမျိုးသား/အမျိုးသမီးဝတ်လေးတွေ ဈေးနှုန်းချိုသာစွာနဲ့ ထုတ်လုပ်ရောင်းချဖို့ ရှိနေသူပါ။ MORI Burma ကနေ ချည်ထည်ကျောပိုးအိတ်၊ ဘေးလွယ်အိတ် အမျိုးမျိုးသော အိတ်အမျိုးအစားတွေလည်း ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ ကျန်တာတော့ အရင် ထုတ်နေကျအတိုင်း Hand Embroidery Design နဲ့ Natural Dye အင်္ကျီလေးတွေ အိတ်လေးတွေ ပုံမှန်ပဲ ထုတ်သွားဦးမယ်လို့ ဒီတစ်နှစ်အတွင်း သူမလုပ်ဆောင်မယ့်အရာတွေကို ဖွင့်ဟသွားပါတယ်။

စိတ်ကအရာရာကို ဦးဆောင်နေတာဖြစ်တဲ့အတွက် ဘယ်တော့မှအရှုံးမပေးဘဲ စိတ်ဓာတ်ခိုင်မာအောင် မွေးမြူထားပြီး ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဖြေရှင်းနိုင်တယ်ဆိုတာကို ယုံကြည်ထားဖို့ သီရိဝင်းမောင်က သူမရဲ့ကြိုးစားမှု၊ အဖြစ်အပျက်တွေနဲ့အတူ သက်သေပြသွားခဲ့ပါပြီ။ ဒါကြောင့် ကိုယ်လုပ်ချင်တာတွေအတွက် မနားတမ်း ကြိုးစားရင်း စိတ်ကူးအိပ်မက်တွေ ကိုအကောင်အထည်ဖော်နေတဲ့ သီရိဝင်းမောင်ရဲ့ ခြေလှမ်းတိုင်းဟာ သူမရဲ့အောင်မြင်မှုရလဒ် အသီးအပွင့်လေးတွေပဲဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က