In partnership with  logo
သည်းဦးရဲ့ပန်းချီလက်ရာတွေကို ကြည့်လိုက်ရင် စိတ်ထဲတစ်ခုခုကျန်ခဲ့သလို ခံစားရတာအမှန်ပါ။

သည်းဦးရဲ့ ပန်းချီလက်ရာတွေဟာ ကြည့်ရှုသူတွေကို စိတ်ထဲတစ်ခုခု ကျန်ရစ်စေခဲ့ပြီး ပန်းချီလက်ရာတွေမှာ သူမရဲ့အတွေးအမြင်လေးတွေ ထည့်သွင်းရေးသားထားမှုကလည်း ထူးခြားဆန်းသစ်နေပါတယ်။

သိပ်မကြာသေးခင်က ဖေ့စ်ဘွခ်လူမှုကွန်ယက်ပေါ်မှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ချစ်တတ်ဖို့၊ လူတိုင်းမှာ အလှကိုယ်စီရှိတယ်ဆိုတာကို မေ့မနေကြဖို့ လှုံ့ဆော်ပေးလိုက်တဲ့ပို့စ်လေးတစ်ခုကို တော်တော်လေးဝေမျှကြတာ သတိပြုမိလိုက်ပါတယ်။ ပို့စ်လေးမှာက ပန်းချီပုံလေးတွေပါပါတယ်။ သူ့အောက်မှာ စာအတိုလေးတွေနဲ့ ရိုးရှင်းစွာပဲ ဆိုလိုချက်ကို ရေးသားပေးထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီပို့စ်လေးကြောင့် ဖန်တီးရေးဆွဲသူရဲ့ စိတ်စေတနာကို မချီးကျူးဘဲ မနေနိုင်သလို ချစ်စရာကောင်းတ ဲ့အိုင်ဒီယာလေးကိုလည်း သဘောကျနှစ်ခြိုက်မိသွားတာနဲ့ သူ့ရဲ့ facebook page လေးကို သွားကြည့်မိပါတယ်။ Page နာမည်လေးက Theeဲ Oo’s Artvenue ပါ။ page ရဲ့ပဲ့ကိုင်ရှင်လည်း ဖြစ်သလို ရေးဆွဲသူ ပန်းချီပညာရှင်လည်းဖြစ်တဲ့ သူမရဲ့နာမည်ကတော့ သည်းဦးသဇင်ပဲဖြစ်ပါတယ်။


သည်းဦးရဲ့ပန်းချီလက်ရာတွေကို ကြည့်လိုက်ရင် စိတ်ထဲတစ်ခုခုကျန်ခဲ့သလို ခံစားရတာအမှန်ပါ။ ပိုထူးခြားတာက ပန်းချီလက်ရာတွေနဲ့အတူ သူမရဲ့အတွေးအမြင် ခံစားချက်လေးတွေကို ရေးသားထားတဲ့ စာတွေ၊ ကဗျာတွေကြောင့်ပါပဲ။ ဒီထဲကမှ ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ချစ်တတ်ဖို့၊ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ အမျိုးသမီးတွေအတွက် ရေးဆွဲပေးထားတဲ့ စီးရီးလေးနဲ့ feminism စီးရီးလေးတွေဟာ သူမရဲ့ page ကို လူတွေပိုသိလာစေတဲ့ စီးရီးလေးတွေဖြစ်ပြီး လူမှုကွန်ယက်ပေါ်မှာ ဝေမျှမှုတော်တော်လေးများတဲ့ စီးရီးလေးတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး သည်းဦးက “Body Positivity တို့ Feminism တို့ကတော့ အမျိုးသမီးတွေကို ပေးချင်တဲ့ message လေးကို ဒီပုံလေးတွေကနေတဆင့် ထည့်ရေးဆွဲပေးလိုက်တာပေါ့။ Body Positivity ကျတော့ သည်းဦးကိုယ်တိုင်က မိန်းကလေးဖြစ်တဲ့အတွက် ကိုယ့်ဘာသာကိုယ် သဘောမကျတဲ့ အချက်တွေရှိတယ်။ ဒါလေးလုပ်ဖြစ်သွားတာကလည်း မိန်းကလေးတွေက ကိုယ့်သာသာကိုယ် မကြိုက်တဲ့အချက်တွေရှိကြတယ်လေ။ အသက်ငယ်တဲ့ မိန်းကလေးတွေဆို ပိုသိသာတယ်။ သည်းဦးရဲ့ဒီပုံလေးတေ ွ စာလေးတွေကို ကြည့်ပြီး ဖတ်ပြီး သူတို့ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အချုပ်အနှောင်တွေကို လွတ်မြောက်စေချင်တဲ့သဘောပါ၊ Feminism ကျတော့ မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာ feminist တွေကို ယောက်ျားမုန်းတဲ့သူတွေလို့ထင်ကြတယ်။ ရန်လိုတဲ့ သဘောမျိုးလို့ ထင်ကြတယ်။ တချို့အမျိုးသမီးတွေကတောင် ငါ feminist မဟုတ်ဘူး။ အိုဗာကြီးတွေ ဖြစ်နေတာမျိုး မဟုတ်ဘူးဆိုပြီး ရှိကြတယ်။ feminism ဆိုတာ အဲဒီလိုမဟုတ်ဘူး၊ အမျိုးသားနဲ့အမျိုးသမီး တန်းတူအခွင့်အရေးရှိတယ်ဆိုတာကို လှုံ့ဆော်တဲ့သဘောပေါ့။ ယောက်ျားတွေမှာ ယောက်ျားတွေအားသာချက်ရှိသလို အမျိုးသမီးတွေမှာလည်း သူတို့ဘာသူတို့ အားသာချက်လေးတွေရှိတယ်။ ဒီပုံတွေမှာ ပတ်ဝန်းကျင်ရဲ့အပြောအဆိုတွေအကြောင်းကို အဓိက အသားပေးထားတာပါ။ ပတ်ဝန်းကျင်လို့ပြောတဲ့အခါမှာလည်း ယောက်ျားတွေကိုပြောတာ မဟုတ်ပါဘူး။ feminist ဆိုတာနဲ့ပဲ ယောက်ျားမုန်းတဲ့သူတွေမဟုတ်ပါဘူးဆိုတာကို ပြောပြပေးတဲ့သဘောပါ။ ပုံတိုင်းက context တွေကိုကြည့်လိုက်ရင် အမျိုးသမီးတွေ ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့၊ မြတ်နိုးတတ်ဖို့၊ အားကိုးတတ်ဖို့နဲ့ အဓိက freedom of speech ကိုအားပေးတဲ့သဘောနဲ့ ဖန်တီးထားတာပါ”တဲ့။

သည်းဦးရဲ့ဒီ body positivity ပို့စ်လေးတွေအပြင် အခြားသော feminism နဲ့ short graphic story လေးတွေ ဟာ အမျိုးသမီးတွေအတွက် ခွန်အားဖြစ်စရာ၊ တွေးတောစရာတစ်ခုခုအမြဲပေးခဲ့တဲ့ ပို့စ်လေးတွေ ဖြစ်တာကိုတော့ ကျွန်မတို့ မငြင်းနိုင်ပါဘူး။ အခြားသောပို့စ်အများစုကတော့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ သက်ဆိုင်တဲ့ ပို့စ်တွေပါ။ သို့ပေမယ့် သူမကိုယ်တိုင်ကလည်း အမျိုးသမီးဖြစ်တယ်၊ ဒီခေတ်ထဲမှာနေရတဲ့သူ အမျိုးသမီးအချင်းချင်းဆိုတော့ relatable ဖြစ်တဲ့သဘောလို့ သူမရဲ့ဖန်တီးမှု လက်ရာတွေကို အမျိုးသမီးတွေ သဘောကျကြတာနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေး သွားပါသေးတယ်။။


သည်းဦး တကယ်သဘောကျပြီး စိတ်ဝင်စားတာက ရေဆေးရယ်၊ မှင်ရယ်ရေးဆွဲရတာမျိုးပါ။ ရေဆေးဆွဲတဲ့အခါ စာရွက်ပေါ်မှာ အရောင်လေးတွေ ပျံ့သွားတာ အရောင်လေးတွေ ရောသွားတာ၊ စာရွက်လေးပေါ် အရောင်လေးတွေ တင်သွားတာလေးတွေကို အရမ်းသဘောကျပေမယ့် Digital နဲ့ပဲ အများဆုံးဆွဲဖြစ်နေတာကတော့ အလွယ်တကူ သိမ်းလို့လွယ်တာကြောင့်ရယ်၊ Drive ပေါ်တန်းတင် ဖို့ အဆင်ပြေတာရယ်နဲ့ ကိုယ်ဘယ်နေရာရောက်ရောက် စိတ်ကူးပေါ်လာတာနဲ့ ချက်ချင်း ဆွဲလိုက်လို့ ရတာကြောင့်သာ Digital ပိုင်းပဲဆွဲဖြစ်တာများနေတာလို့ သိရပါတယ်။

အမျိုးသမီးပန်းချီပညာရှင်ဖြစ်တာမို့ အမျိုးသမီးကာရိုက်တာတွေ အဆွဲများတာလား၊ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးဆွဲဖြစ်နေတာလားလို့ မေးဖြစ်တဲ့အခါမှာတော့ သူမက “သည်းဦးကိုယ်တိုင်ကိုက အမျိုးသားနဲ့ အမျိုးသမီးပုံတွေဆွဲရင် အမျိုးသမီးတွေပုံတွေကို ဆွဲရတာပိုကြိုက်တယ်။ မျက်နှာ၊ ဆံပင်ကအစ figure တွေဆိုရင် အမျိုးသမီးတွေပုံတွေဆွဲရတာ ပိုကြိုက်တာပေ့ါ။ အမျိုးသမီးထုကို ကိုယ်စားပြုပြီးဆွဲတာဆိုရင်တော့ ခုန body positivity နဲ့ feminism ပို့စ်တွေလောက်ပဲ ရှိပါတယ်”လို့ ဆိုသွားတဲ့အပြင် သူမကထပ်ပြီး “သည်းဦး ရေးလိုက်တဲ့ပုံတွေ၊ စာတွေက universal truth တွေ မဟုတ်ပါဘူး။ ပြီးတော့ လူတွေ လက်ခံနားလည် ရမယ်ဆိုတာမျိုးလည်း မဟုတ်ဘူး၊ သည်းဦးရဲ့ ကိုယ်ပိုင်အမြင်တွေ၊ အတွေ့အကြုံတွေတစ်ဆင့် ဆွဲထားတာမျိုးတွေပေါ့။ အဖြစ်အပျက်တစ်ခုကို သည်းဦးက visual နဲ့ words ကြားခံပြီး လူတွေဆီကို ပို့ိလိုက်တဲ့သဘောမျိုးပါ။ သည်းဦးပြောတာကို လက်ခံရမယ်၊ သည်းဦးပြောတာတွေ မှန်တဲ့ဆိုတဲ့ message မဟုတ်ဘူး။ နောက်ခံစတိုရီလေးတွေ ရှိနေတာမျိုးပါ။ ဒါကလည်း ဒါတွေဒါတွေတော့ ဖြစ်တယ်ဆိုတာမျိုးကို သည်းဦးက ခုနပြောသလိို visual and words medium ကနေ communicate လုပ်လိုက်တဲ့သဘောပါ”တဲ့။

သည်းဦးရဲ့ဖန်တီးမှုလက်ရာတွေထဲမှာ တခြားအနုပညာရှင်တွေနဲ့မတူ ကွဲပြားပြီး လူသိများသွား စေတဲ့အရာတွေကတော့ သူမရဲ့အမျိုးသမီးကာရိုက်တာတွေရဲ့ ဆင်ယဉ်ထုံးဖွဲ့မှုပုံစံ၊ ဖက်ရှင် နဲ့ စကားလုံး အသုံးအနှုန်း၊ စာနဲ့ကဗျာလေးတွေနဲ့၊ ထူးခြားတဲ့ရေးဆွဲပုံ စတိုင်လ်ကြောင့်လို့ ထင်မိတာပါပဲ။ ဒီလိုမျိုး ကိုယ်ပိုင်သီးသန့်စတိုင်လေးတစ်ခု ဖန်တီးဖြစ်ခဲ့တာက ဘယ်လိုများလဲဆိုတာ သိချင်မိပါသေးတယ်။

“သည်းဦးရဲ့လက်ရာက သူများတွေနဲ့ကွဲပြားနေရမယ်ဆိုပြီး လုပ်တာမျိုးဖန်တီးတာမျိုးလည်း မရှိပါဘူး၊ ကွဲပြားနေရမယ်လို့လည်း မထင်ပါဘူး။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေတာဆိုတော့လေ။ သည်းဦးမှာ inspiration တွေအမျိုးမျိုးရှိတယ်။ ကိုယ်ပိုင်အတွေးနဲ့အမြင်လေးတွေ ထည့်ချင်တာလေးတွေရှိတယ်။ အဲဒါလေးတွေ ပေါင်းစည်းသွားတဲ့အခါကျတော့ သည်းဦးရဲ့စတိုင်လ်မျိုး ဖြစ်လာတာမျိုး ဖြစ်ပါလိမ့်မယ်။ သူများထက်ပိုထူးခြားရမယ်၊ သီးသန့်ဖြစ်နေရမယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ပြီးတော့ ကာရိုက်တာပိုင်းကို ပြောရမယ်ဆိုရင် နိုင်ငံတော်တော်များများမှာဆိုရင် ကိုလိုနီခေတ်နှောင်း လွတ်လပ်ရေးခေတ်ဦးပိုင်း အချိန်လေးတွေပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း အင်္ဂလိပ်အငွေ့အသက်က ကျန်သေးတယ်။ အင်္ဂလိပ်တွေဆီက ကျန်နေခဲ့သေးတဲ့ ယဉ်ကျေးမှုကို အထင်ကြီးတဲ့စိတ်ကလည်း မပျောက်သေးဘူး။ တစ်ချိန်တည်းမှာပဲ မြန်မာ အငွေ့အသက်နဲ့ယဉ်ကျေးမှုကိုလည်း သူတို့က push လုပ်ချင်ကြပြန်တယ်။ အဲဒါလေးကို သည်းဦး ရယ်ချင်တယ်။ သဘောလည်းကျတယ်၊ ချစ်စရာကောင်းတယ်လို့ ခံစားမိတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေ ဆိုရင်လည်း အဲ့ခေတ်ကဟာတွေကို ကြည့်မိ၊ နားထောင်ဖြစ်တဲ့အခါကျတော့ ပုံတွေကလည်း အဲ့ဒီအငွေ့အသက်လေးတွေ စီးပါနေတယ်လို့ ထင်ပါတယ်”လို့ သူမက ပြည့်ပြည့်စုံစုံရှင်းပြသွားပြန်ပါတယ်။

သည်းဦးရဲ့စီးရီတွေ၊ short graphic story လေးတွေထဲမှာ သိပ်ထူးခြားတဲ့ Art Nouveau အကြောင်း ပို့စ်လေး ဖတ်လိုက်ရပါသေးတယ်။ ဒီလို စီးရီးမျိုးဖန်တီးဖို့အတွက် သူမအနေနဲ့ research လုပ်ရတဲ့အပိုင်းတွေ ရှိနေတာပါ။ ဒီလိုသူမရဲ့စီးရီးတစ်ခုဖန်တီးမွေးဖွားဖို့ အချိန်ကာလတစ်ခုပေးရတဲ့အပိုင်းကလည်း စိတ်ဝင်စားစရာမို့ အဲ့ဒီအကြောင်းလေး မေးကြည့်ဖြစ်တော့ “Art Nouveau ၊ သူက ပြင်သစ်စကားလုံးပါ။ New Art အနုပညာအသွင်သစ်လို့ ခေါ်ပါတယ်။ ၁၈၉၀ ကနေ ၁၉၁၀လောက်ထိ ဥရောပနိုင်ငံတစ်ချို့မှာ ထွန်းကားခဲ့တာပေါ့။ ပထမကမ္ဘာစစ်မတိုင်မီဆိုတော့ စစ်ရိပ်စစ်ငွေ့တွေကြားက အနုပညာလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံမှာလည်း မြန်မာအမျိုးသမီးတွေက သူတို့ဘာသာသူတို့ ပန်းတွေဘယ်လိုပန်တယ်၊ အဝတ်အစားတွေ ဘယ်လိုဆင်မြန်းတယ်ဆိုတဲ့ ဆင်ယဉ်ထုံးဖွဲ့မှုလေးတွေရှိပြီးသား။ အဲ့ခေတ်မှာ မြန်မာပြည်မှာထွန်းကားနေတဲ့ ဖက်ရှင်ကရှိပြီးသား။ အဲ့ဒီဟာကို ဟိုဘက်ကဟာကိုရော၊ ဒီဘက်ကဟာကိုရော research လုပ်တယ်။ Art Nouveau ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုုဝတ်စား ဆင်ယဉ်နေကြလဲဆိုတာကို research လုပ်၊ အဲ့နှစ်ခုကိုပေါင်းပြီးတော့ ၁၉၁၀ ဗီယင်နာ(Austria) ဘက်မှာဆွဲနေတဲ့ ပိုစတာစတိုင်နဲ့ ၁၉၁၀ မြန်မာပြည်မှာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုပေါင်းပြီး imaginary time bridge လုပ်ပြီးဆွဲတာပေါ့။ စီးရီးတော့ စီးရီးပဲ။ ဒါပေမယ့် တိမ်အကြောင်းဆွဲတုန်းကကျတော့ research လုပ်စရာမလိုဘူး။ ကျောင်းသွားနေချိန် ဘတ်စကားပေါ်မှာ သည်းဦးတိမ်တွေတွေ့တယ်။ ကျောင်းကပြန်လာတဲ့ အချိန် မိုးချုပ်နေပြီ။ ဒါပေမယ့် တိမ်တွေရှိတုန်းပဲ။ တိမ်တွေရဲ့ကွဲပြားမှုကို အရင်ကသတိမထားမိပေမယ့် အဲဒီကျမှ အိုင်ဒီယာလေးရပြီးတက်ဘလက်ပါမသွားတော့ ဘာဆွဲမယ်ဆိုတာကို ဖုန်းထဲမှာ အသံဖိုင်သွင်း ထားလိုက်တယ်။ အိမ်ကျမှဆွဲတာပေါ့။ တစ်ခုနဲ့တစ်ခု inspired လုပ်ရတာချင်းမတူဘူး။ အချိန်ပေး ရတာချင်းလည်း မတူဘူး။ Art Nouveau ကျတော့ တစ်လနီးပါကြာတယ်။ တိမ်ကျတော့ မကြာဘူး။ သုံးလေးနာရီပဲကြာတယ်။ ဒါပေမယ့်နှစ်ခုစလုံးက သည်းဦိးအတွက် အရမ်းအဓိပ္ပါယ်ရှိတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။

ပုံဆွဲတဲ့အချိန် ကိုယ်ဘယ်လိုပုံမျိုးဆွဲမယ်ဆိုတာပေါ်လိုက်ပြီး သီချင်းနားထောင်လေ့ရှိတဲ့ သူမက vibe နဲ့ပုံကလည်း ဆက်နွယ်သက်ရောက်မှုရှိတယ်လို့ ဆိုပြန်ပါတယ်။ “သီချင်းကတော့ အမျိုးအစားအစုံ နားထောင်ဖြစ်တယ်။ Rolling Stones တို့ Beatles တို့ ကနေ Ariana Grande တို့ Post Malone တို့ထိ အစုံပဲ။ တစ်ခါတစ်လေ အရမ်းဝမ်းနည်းစရာကောင်းတဲ့သီချင်းတွေ နားထောင်ပြီး ဆွဲတဲ့အချိန်တွေလည်း ရှိတယ်။ သည်းဦးအတွက် အခြားသဘောကျရတဲ့သူတွေလည်း ရှိသေးတယ်။ All time favourite ကတော့ Gustav Klimt ပေါ့။ တခြားသဘောကျရတဲ့သူတွေကတော့ Michaelangelo၊ Marina Abramovic တို့ပါပဲ။ လောလောဆယ် သဘောအကျဆုံးဖြစ်နေတာကတော့ Egon Schiele ပေါ့နော်။ သည်းဦး သူ့အကြောင်းဆိုရင် သူ့personal life တွေအထိ လိုက်ဖတ်ဖြစ်နေပါတယ်”တဲ့။

သည်းဦးရဲ့ပန်းချီလက်ရာများ

ငယ်ငယ်တုန်းက Disney မှာအလုပ်လုပ်ဖို့ အိပ်မက်တွေမက်ခဲ့တဲ့ ကောင်မလေးဟာ ခုရင့်ကျက်လာတဲ့ အချိန်မှာတော့ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ ပြောင်းလဲသွားခဲ့ပါပြီ။

“ခု သည်းဦးအသက်ကြီးလာတော့ ဖြစ်နိုင်ရင် နေရာတွေရွှေ့ပြီးနေချင်တယ်။ အဲ့ဒီနေရာမှာ နေတဲ့ local လူတွေရဲ့ culture တွေကို လေ့လာချင်တယ်။ သူတို့သွားလာစားသောက်နေထိုင်ပုံတွေက သည်းဦးကို inspire ဖြစ်စေမယ်။ ဖြစ်နိုင်မယ်ဆိုရင် ပြင်သစ်က ရွာလေးတစ်ရွာ ဒါမှမဟုတ် တိဘက်၊ ဒါမှမဟုတ်လည်း နယူးယော့ခ် အဲဒီလိုနေရာတွေမှာ ခြောက်လတစ်နှစ်လောက်သွားနေချင်တယ်။ အဲဒီက inspiration တွေနဲ့ပုံဆွဲမယ်။ အဲဒီမှာနေရတာစိတ်ကျေနပ်သွားရင် တခြားတစ်နေရာကို ပြောင်းမယ်။ အဲဒီလိုမျိုးလေး ဖြစ်ချင်လာတာ” လို့ သူမစိတ်ကူးဖြစ်ချင်တာလေးကို ဖွင့်ဟသွားပါတယ်။

လက်ရှိကိုယ့်စိတ်ကူး၊ ကိုယ့်အမြင်လေးတွေကို ပန်းချီလက်ရာတွေကတဆင့် ပြောပြရင်း အမျိုးသမီးတွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူ သည်းဦးသဇင်ဟာ သူလုပ်ချင်တာတွေကို လုပ်နေရတာကိုက သူ့အတွက် ပီတိလို့ ဆိုပါတယ်။ ဆက်တိုက်ဆိုသလိုလည်း သူမရဲ့ထူးခြားတဲ့ ဖန်တီးမှုပန်းချီလက်ရာတွေကို ကျွန်မတို့တတွေ ခံစားရဦးမှာပါ။ ဘယ်လိုစီးရီးတွေ၊ စတိုရီလေးတွေက အမျိုးသမီးတွေအတွက် သဲသဲလှုပ် သဘောနှစ်ခြိုက်ဖွယ်ရာတွေ ဖြစ်လာဦးမယ်ဆိုတာကတော့…။

Share

Loading Next Article...
က္က