Thin Nu Swe

လူတိုင်းဟာ နေ့စဉ်နဲ့အမျှ ကိုယ့်ဘဝအတွက် ရုန်းကန်လှုပ်ရှားမှုတွေနဲ့ မအားလပ်နိုင်အောင် အလုပ်များနေကြပါတယ်။ ဒီလိုလူတွေထဲမှာမှ ကိုယ့်အတွက်ထက် အများရဲ့ ကောင်းကျိုးအတွက် သယ်ပိုးသူဆိုတာ ရှိတော့ရှိတယ် ရှားပါတယ်။ ဒီလို ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးကြည့်တဲ့ ပရဟိတသမားတွေထဲမှာ အသင်းအဖွဲ့နဲ့ လှုပ်ရှားသူတွေရှိသလို တစ်ဦးတည်း ဆောင်ရွက်နေသူတွေလည်း ရှိပါတယ်။

အခုပြောပြပေးချင်တဲ့သူကတော့ မန္တလေးမြို့ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ဆရာမလေး သဲနုစံဖြစ်ပါတယ်။ သူကတော့ ပဉ္စမတန်းကနေ နဝမတန်းထိ ကျောင်းသူကျောင်းသားတွေကို English Grammar နဲ့အတူ ကွန်ပျူတာ အခြေခံသင်တန်း နဲ့ Programming ပိုင်းဆိုင်ရာအခြေခံတွေကိုပါ သင်ကြားပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

(ဖောင်တော်ဦးသီလရှင်ကျောင်းတွင် မိုဘိုင်းစာကြည့်တိုက်သွားခဲ့စဉ် မယ်သီလရှင်များနှင့် စာပေအကြောင်းဆွေးနွေးနေသော မသဲနုစံ) Photo:Thae Nu San

ဒီလို အတတ်ပညာတွေကို သင်ကြားနေရုံတင်မက အသိပညာတွေကိုပါ မျှဝေနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အသိပညာတွေမျှဝေပုံကတော့ မန္တလေးဖောင်တော်ဦးမှာ ရွေ့လျားစာကြည့်တိုက်လေး လုပ်ပြီး မျှဝေနေတာပါ။ သာမန်ကလေးတွေအတွက် စာကြည့်တိုက်တွေ အများကြီးရှိနေပြီး ကိုရင်လေးတွေ ၊ မယ်သီလရှင်လေးတွေအတွက် စာကြည့်တိုက်တွေ မရှိတာကို တွေ့မိတဲ့အတွက် ခုလိုမျိုး သာသနာပြုကလေးလေးတွေအတွက် ရွေ့လျားစာကြည့်တိုက်လေး လုပ်ဖို့ရည်ရွယ်ခဲ့သူဖြစ်ပါတယ်။

 “ရည်ရွယ်ချက်ကတော့ သူတို့ငယ်ရွယ်စဉ်ကနေပြီးတော့ စာဖတ်တဲ့ အကျင့်ရမယ်။ ဗဟုသုတကြွယ်ဝတယ်ဆိုတဲ့ အသိုင်းအဝိုင်းလေး တည်ဆောက်ချင်တယ်။ ပြီးရင် ကျွန်တော်က စာအုပ်တင်မဟုတ်ဘူး။ နည်းပညာတွေပါသယ်သွားတာဆိုတော့ နည်းပညာကနေတဆင့် သူတို့ မှန်ကန်တဲ့သတင်းအချက်အလက်တွေရရှိစေဖို့ရည်ရွယ်တယ်။ ဒါပေမယ့် ရည်မှန်းထားတာက ၂၁ရာစုပညာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ၊ ၂၁ရာစုနဲ့ ပတ်သက်တဲ့ လုပ်ငန်းအခွင့်အလမ်းတွေကို နားလည်လာမယ်။ နားလည်လာပြီးတော့ ဆယ်တန်းအောင်သွားမယ်၊ တက္ကသိုလ်ဆက်တက်ရမယ်၊ အဲဒီလို အကူးအပြောင်းတွေအတွက် အဆင်သင့်ဖြစ်စေဖို့ရယ် ၊ အဲ့ဒီလိုမှမဟုတ်ဘူး။ ဆယ်တန်းအောင်ပြီး လုပ်ငန်းခွင်ဝင်ရင်း အဝေးသင်တက်မယ်ဆိုရင်လည်း သူတို့မှာ Basic Computer သေချာပေါက်ရှိပြီဆိုတဲ့အခါကျတော့ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်စေမယ်။ လုပ်ငန်းခွင် ဝင်ရောက်တာနဲ့အညီ စာအုပ်စာပေချစ်မြတ်နိုးတဲ့ လူတွေဖြစ်သွားဖို့ ရည်မှန်းထားပါတယ်” လို့ သဲနုစံကပြောပါတယ်။

(မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကွန်ပျူတာအခြေခံသင်ကြားပေးခဲ့သော မသဲနုစံနှင့် သင်တန်းသားဦးဇင်းများ ၊ ကိုရင်များနှင့်အတူ)

Photo:Thae Nu San

သဲနုစံဟာ ဒီစိတ်ကူးကို ၂၀၁၇ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာပါ။ အကောင်အထည်ဖော်ကာစကဆို တစ်ပတ်ရစ် မော်တော်ဆိုင်ကယ်လေးတစ်စီးနဲ့ နောက်ခုံမှာ စာအုပ်စင်တင်ပြီး ဖောင်တော်ဦးက ဘုန်းကြီးကျောင်းတွေ ၊ သီလရှင်ကျောင်းတွေ ၊ အခမဲ့စာသင်ဝိုင်းတွေ နဲ့ မိဘမဲ့ကလေးကျောင်းတွေဆီ လှည့်လည်ရင်း သူ့စာကြည့်တိုက်က စာအုပ်တွေကို ဖတ်စေခဲ့ပါတယ်။

ကလေးစာအုပ်လေးတွေဖြစ်တဲ့ တွတ်ပီ ၊ ဘိုဘို ရုပ်ပြစာအုပ်တွေအပြင် ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့စာအုပ်တွေ ၊ ပညာရေးစာအုပ်ပေါင်း ၃၀၀ကျော်ကို စာအုပ်စင်ထဲထည့်ပြီး သွားလိုတဲ့နေရာဆီကို တစ်ယောက်တည်း သွားရတဲ့သူပါ။ ဖတ်ရုံနဲ့တင်မပြီးသေးပါဘူး။ စာဖတ်ချိန် ၂နာရီပေးဖတ်ပြီး စာဖတ်သူကလေး ၃ယောက်လောက်ကို ဖတ်ထားတဲ့ စာအုပ်တွေအကြောင်း ဆွေးနွေးပြောဆိုတာမျိုးတွေ လုပ်စေသူလည်းဖြစ်ပါတယ်။

စာကြည့်တိုက်မှာ ဖတ်ရှူလို့ရမယ့် စာအုပ်အမျိုးအစားတွေအကြောင်းကို သဲနုစံက ခုလိုပြောပါတယ်။

“စာအုပ်အမျိုးအစားတွေက ကလေးနဲ့ ဆိုင်တဲ့စာအုပ်တွေများတယ်။ ယဉ်ကျေးမှု၊ ပညာရေးနဲ့ ပြည်သူ့နီတိစာအုပ်လေးတွေများတယ်။ စာအုပ်ဖတ်ရင်း အသိပညာတွေမှာ မျှဝေတာမျိုးဖြစ်စေချင်တယ်။ စာဖတ်ချိန် ၂နာရီပေးထားပြီးတော့ စာဖတ်တဲ့ကလေးတွေထဲက ၃ယောက်ကို ဖတ်ပြီးသား စာအုပ်တွေအကြောင်း ပြန်ဆွေးနွေးတာမျိုး လုပ်ဖြစ်တယ်။ အခုချိန်မှာတော့ စာအုပ်ပေါင်း ၅၂၀ ရှိပါပြီ။ နေပြည်တော်ဝန်ကြီးက စာအုပ် ၂၀၀ ဝယ်ဖို့အတွက် ၄သိန်း လှူပါတယ်။ မဂ္ဂဇင်းတွေ၊ တွတ်ပီ ၊ ဘိုဘိုစတဲ့ ရုပ်ပြကာတွန်းတွေ ၊ ဗုဒ္ဓယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ပညာရေးနဲ့ သက်ဆိုင်တဲ့စာအုပ်တွေ ၊ ဝတ္ထုတိုတွေ ၊ အင်္ဂလိပ်-မြန်မာနှစ်ဘာသာတွဲ စာအုပ်လေးတွေ တင်ထားပါတယ်။ ”

(ဆိုင်ကယ်မိုဘိုင်းစာကြည့်တိုက်လှည့်လည်နေသော မသဲနုစံ) Photo:Thae Nu San

မိန်းကလေးတန်မဲ့ ဆိုင်ကယ်တစ်စီးကို ကိုယ်တိုင်ပြင်ဆင်၊ စာအုပ်စင်ကို ကိုယ်တိုင်မပြီး စာအုပ်ဖြည့်တာတွေ ၊ ကိုယ်တိုင်ဆိုင်ကယ်စီးပြီး ရွေ့လျားစာကြည့်တိုက်ကလေးဖြစ်စေရုံသာမက ဒီရွေ့လျားစာကြည့်တိုက်ကလေးကိုလည်း ပျက်သွားတဲ့အခါမှာ ကိုယ်တိုင်ပြင်တဲ့အထိ သဲနုစံဟာ လူကော စိတ်ကော မာသူတစ်ဦးဖြစ်ပါတယ်။

အကိုနှစ်ယောက်နဲ့ ကြီးပြင်းခဲ့တဲ့ သဲနုစံဟာ ကိုယ့်ကိုယ်ကိုယ် မိန်းကလေးလို့ မမြင်သူတစ်ယောက်ပါ။ မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေးဟာ သူ ၆တန်းနှစ်မှာ ပြိုကွဲသွားတဲ့အတွက် မိခင်နဲ့ အတူနေပြီး အိမ်ဆောက်တာကအစ အိမ်စားဝတ်နေရေးအဆုံး တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ အိမ်မှာဆိုရင်လည်း အိမ်ခေါင်မိုးပြင်တာက အစ ရေမော်တာပျက်တာအဆုံး ပြင်တတ်တဲ့သူက ဖအေတူသမီးဖြစ်တယ်လို့လည်း ကြွေးကြော်တတ်သူတစ်ဦးပါ။

၂၀၁၉ ခုနှစ်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ မိုဘိုင်းဆိုင်ကယ်စာကြည့်တိုက်လေးဟာ တုတ်တုတ်စာကြည့်တိုက်လေးအဖြစ်ကို ပြောင်းလဲသွားပြီဖြစ်ပါတယ်။ ဒီလိုပဲ သူ့ကိုယ်သူ အဆင့်မြှင့်သွားမှာဖြစ်သလို သူ့ရဲ့မိုဘိုင်းစာကြည့်တိုက်လေးကို တဖြည်းဖြည်း အဆင့်မြှင့်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

မိခင်ရဲ့ အသိအမှတ်ပြုမှု၊ သူငယ်ချင်းတွေရဲ့ အသိအမှတ်ပြုမှု၊ အသင်းအဖွဲ့တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိလာသလို ကလေးတွေရဲ့ အပြုံးတွေက သူ့ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့်အရာတွေအတွက် အားအင်တွေဖြစ်လာတယ်လို့ ဆိုပါတယ်။ ရပ်ရွာရဲ့ အသိအမှတ်ပြု ကမ်းလှမ်းမှုတွေက သူ့အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိကို ခံစားရတယ်လို့ သိရပါတယ်။ 

ဒီလို မိုဘိုင်းစာကြည့်တိုက်လေးကနေတဆင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျပြီး စိတ်ဓာတ်ကျနေတဲ့သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းလေးတွေရအောင် ဖန်တီးပေးချင်တဲ့ သဲနုစံဟာ တစ်ဖက်မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း အဲဒီက ရတဲ့ ဝင်ငွေတွေနဲ့ မိုဘိုင်းစာကြည့်တိုက်လေးကို အဆင့်မြှင့်ဖို့ရှိနေပါတယ်။ ဝန်ထမ်းတွေ ထပ်ခေါ်ရင်း စက်ဘီးရွေ့လျားစာကြည့်တိုက်လေးတွေပါ ဖြစ်လာအောင် ကြိုးစားနေကြောင်း သူ့စကားတွေက တဆင့် သိရပါတယ်။

 “လောလောဆယ် သုံးဘီးနဲ့ ကျွန်တော့်ကို ကူညီပေးတဲ့ ကလေးသုံးယောက်နဲ့ ကျွန်တော်နဲ့ သွားနေတာပေါ့။ စိတ်ကူးထဲမှာ ဖြစ်ချင်နေတာတော့ရှိတယ်။ ဆိုကြပါစို့ ။ ကားနဲ့ မဟုတ်တောင် စက်ဘီးတွေ ထပ်ထပ်ပြီးတော့ ကျွန်တော်တိုးချင်တယ်။ တတ်နိုင်သလောက် မိုဘိုင်းကို အဆင့်မြှင့်သွားမယ်။ ရွေ့လျားစာကြည့်တိုက်က အတွေ့အကြုံတွေက ကျွန်တော့ရဲ့ အားပါ။ ဒါတွေလုပ်နေရတဲ့အတွက် ကျွန်တော် မရွံ့တော့ဘူး။ အလုပ်တွေလုပ်လာရင်း ကျွန်တော်လုပ်နိုင်တယ်ဆိုတာ သိလာတယ်။ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်ရင်းနဲ့ မိုဘိုင်းကိုလည်း အဆင့်မြှင့်တင်သွားမယ်"

 ("စာတတ်သူသူတိုင်း စာဖတ်ရေး" လှုပ်ရှားမှု အစီအစဉ်တွင် Panelist လုပ်ခဲ့သော မသဲနုစံ) Photo:Thae Nu San

အသက်အားဖြင့် ၂၂နှစ်သာရှိသေးပေမယ့်လည်း ကလေးတွေရဲ့ အနာဂါတ်အတွက် တွေးပြီး ကိုယ့်ရဲ့ အချိန်တွေ ၊ ငွေတွေ၊ လုံ့လအားတွေ စိုက်ထုတ်ကာ အများအကျိုးအတွက် ဆောင်ရွက်တတ်တဲ့ ၊ အရာအားလုံးကို ဦးဆောင်ဖို့ အဆင်သင့်ရှိနေတဲ့ သဲနုစံကတော့ ရှေ့ဆက်မယ့်ဘဝလမ်းခရီးကို အင်အားတွေနဲ့ ခရီးဆက်နေပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က