In partnership with  logo
T Zin ဟာ ၂၀၀၂ ခုနှစ်လောက်ကတည်းက ဒီဂီတလမ်းကြောင်းပေါ်စလျှောက်ဖို့ ကြိုးစားနေခဲ့သူပါ။

မြန်မာနိုင်ငံရဲ့ဂီတသမိုင်းမှာ ဟစ်ဟော့ဂီတဟာ ရော့ခ်ဂီတပြီးရင် လူငယ်တွေကို အဆွဲဆောင်ဆုံးနဲ့ လူငယ်တွေ သဘောအကျဆုံးဂီတတစ်ခုလို့ မှတ်သားရဖူးပါတယ်။ ရက်ပ်ရွတ်ခြင်းကို ခုံမင်ရူးသွပ်ကြတဲ့ လူငယ်အဆိုတော် ၊ တစ်နည်းအားဖြင့် ရက်ပ်ပါအများစုဟာ အမျိုးသားတွေဖြစ်ပေမဲ့ မြန်မာနိုင်ငံဟစ်ဟော့ဂီတရဲ့ အစောပိုင်းကာလတွေက တည်းက ဒီနယ်ပယ်ထဲရောက်နှင့်နေခဲ့တဲ့ အမျိုးသမီးရက်ပ်ပါတစ်ဦး ရှိနေခဲ့ပါတယ်။ သူကတော့ T Zin ပါပဲ။

T Zin ဟာ ၂၀၀၂ ခုနှစ်လောက်ကတည်းက ဒီဂီတလမ်းကြောင်းပေါ်စလျှောက်ဖို့ ကြိုးစားနေခဲ့သူပါ။ သီချင်းတွေစရေးဖြစ်နေပြီး ၂၀၀၃ လောက်မှာ တခြားသူတွေရဲ့သီချင်းမှာ Featuring ဝင်ဆိုပေးဖြစ်နေခဲ့ပါပြီ။ ကိုယ်တိုင်စိတ်ကြိုက် ဖန်တီးမှုတွေစ ခဲ့တာကတော့ ၂၀၀၅ခုနှစ်မှာပေါ့။

အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ တခြားဂီတအမျိုးအစားတွေထက် ဟစ်ဟော့ဂီတကို ရူးသွပ်စွာဖန်တီးချင်ခဲ့တဲ့ T Zin က “ကိုယ်က ဟိုးအရင်ကတည်းကိုက ကဗျာရေးရတာကြိုက်တယ်။ ဖတ်ရတာလည်း ကြိုက်တယ်။ ကာရံတွေစီချင်တယ်၊ စကားပြောချင်တယ်၊ လွတ်လပ်တော့ ပိုသဘောကျသွားတာ။ တဖြည်းဖြည်းနဲ့ ဒီဂီတကိုလေ့လာချင်တယ်။ အဲ့ဒါက အသွေးအသားထဲမှာ စီးမျောနေသလိုဖြစ်လာတာ” လို့ ဖွင့်ဟလာပါတယ်။

T Zin ဟာ ငယ်ငယ်ကတည်းက ဒါကယောကျ်ားလေးလုပ်ရတာ၊ ဒါမျိုးဆို အမျိုးသမီးတွေ၊ မိန်းကလေးတွေ မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကို သဘောမကျတဲ့သူတစ်ယောက်ပါ။ အဲဒါနဲ့ပတ်သက်ပြီး သူမက “ယောက်ျားလေးတွေ လုပ်တာဆို လိုက်လုပ်ကြည့်တယ်။ ဥပမာဆေးလိပ်ခိုးသောက်တာတို့၊ သစ်ပင်တက်တာတို့ ဘာတို့ဆိုလည်း အစ်ကိုရှိတော့ သူလုပ်တာ လိုက်လုပ်တာပဲ။ Female MC ဖြစ်လာဖို့ကျ ငါဆိုချင်တယ်ဆိုတဲ့ စိတ်တစ်ခုတည်းကြောင့်ပါပဲ။ ကိုယ်က အိညောင်ညောင်တွေ မကြိုက်ဘူး။ ဒဲ့ဖြစ်တာမျိုးပိုကြိုက်တယ်။ ကိုယ့်သီချင်းကို သူများမရေးပေးလည်း ကိုယ့်ဘာသာကိုယ် ရေးမယ်။ တခြားသူနဲ့မတူချင်ဘူ။း အဲလိုစိတ်ကြောင့်ပဲ ကိုယ့်ကို အမှတ်အသားတစ်ခုအဖြစ် လူတေ ွမှတ်မိနေတာမျိုးဖြစ်မယ်”တဲ့။

ကျောင်းသူဘဝကစပြီး ဒီဂီတကို ဖန်တီးဖြစ်ခဲ့တာမို့ အစပိုင်းမှာ သီချင်းတစ်ပုဒ်ဖြစ်မြောက်ဖို့ ငွေရေးကြေးရေး လိုအပ်ချက်တွေ ရှိခဲ့သလို ဗဟုသုတပိုင်းလည်း အားနည်းခဲ့တယ်လို့ သူမဖွင့်ဟပါတယ်။ ဒါ့အပြင် မိဘနဲ့ အသိုင်းအဝိုင်းကလည်း သူမကို အားမပေးခဲ့ကြပေမဲ့ သူမကတော့ အဲဒီအချိန်ကတည်းကနေ ခုချိန်ထိ သူမ ဖန်တီးချင်တာတွေ၊ လုပ်ချင်တာတွေကို စိတ်တိုင်းကျဆက်လုပ်နေတုန်းပါပဲ။ ပရိသတ်ရဲ့ အသိအမှတ်ပြုခံရမှု အပိုင်းမှာတော့ “အခုလည်း ဘာမှသိပ်ဖြစ်သေးတာမဟုတ်ပေမဲ့ အသိအမှတ်ပြုလာကြတယ်ပေါ့။ အခုထိလည်း ပြောဆိုနေကြတဲ့လူတွေရှိတယ်။ ဘာဆိုနေတာလဲမသိဘူးဆိုပြီး လှောင်သလိုလို ဟားသလိုလိုပြောကြတဲ့လူတွေလည်း ရှိတယ်” လို့ ဆိုပါတယ်။

သီချင်းရေးတဲ့အခါ ဈာန်ဝင်စားရင် ဝင်စားသလို ခဏလေးရေးပြီးသွားတာမျိုးရှိသလို တစ်နှစ်လောက်ထိ ကြာတာမျိုးတောင် ရှိပါတယ်တဲ့။

“တစ်ခါတစ်လေကျတော့လည်း ကိုယ်ရေးတာ ကိုယ်သဘောမကျ အားမရတာမျိုးတွေရှိတယ်။ အားရတဲ့အချိန်မျိုးတွေကျတော့ သီချင်းမသွင်းရသေးလည်း သီချင်းရေးပြီးသွားရင်ကို ကျေနပ်နေတာ” လို့ ဖွင့်ဟလာတဲ့ သူမက အများဆုံးရေးဖြစ်တဲ့သီချင်းအကြောင်းအရာတွေက အသက်ငယ်တုန်း အချိန်နဲ့ ခုအချိန် အပြောင်းအလဲလေးတွေ ရှိလာတယ်လို့လည်း ဖြည့်စွက်ပြောသွားခဲ့ပါသေးတယ်။

“ငယ်တုန်းရွယ်တုန်းကတော့ အဖောင်းထုတဲ့စာသားတွေ ပိုရေးဖြစ်ခဲ့တယ်။ အခုကတော့ ကိုယ့်စိတ်ပြောင်းလဲ လာတာနဲ့အမျှ လွတ်လပ်မှုရှိတဲ့ အကြောင်းအရာတွေ များလာတယ်” တဲ့။

T Zin ဟာ အဖွဲ့နဲ့တုန်းကတော့ Porn face ဆိုတဲ့သီချင်းနဲ့ လူတွေကြားထဲတော်တော်လေး hit ဖြစ်ခဲ့တာပါ။ ဒါကလည်း သီချင်းနာမည်ကြောင့် အများကြီးသက်ဆိုင်တယ်လို့ ထင်ရပါတယ်။  “ဒါရိုက်တာမမီရှဲလ်ရိုက်ပေးတာ။ သူကဒဲ့ပဲ ( ဖာရုပ် ) ဆိုပြီးရေးလိုက်တာ လူတွေပြောကြဆိုကြနဲ့ သိကုန်တော့တာပဲ။ နင်ရေးတာအရမ်းရိုင်းတယ်ပေါ့။ ရိုင်းတယ်ဆိုကြပေမယ့် ဒါက တကယ့်အဖြစ်မှန်ပဲလေ။ အမှန်တွေပဲ ရေးပြီးဆိုခဲ့တာ။ TZin အဖြစ်နဲ့ ပရိသတ်တွေပိုသိသွားတာကတော့ ‘တောက်ချပလိုက်မယ်’ နဲ့ ‘ဘုတ်တယ်နော်’ ဆိုတဲ့ သီချင်းတွေပါ” လို့ သူမက ဖွင့်ဟသွားပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ဟစ်ဟော့ဂီတကို ဖန်တီးပြီး Female MC တစ်ယောက်အနေနဲ့ ဒီလောကထဲ ရပ်တည်ရတဲ့အခါ အဆင်မပြေတဲ့ အချိန်တွေအများကြီး သူမကြုံခဲ့ရဖူးပါပြီ။ အတွေ့အကြုံအနေနဲ့ ပြန်လည်ဝေမျှပေးဖို့ တောင်းဆိုလိုက်တဲ့အခါမှာတော့ သူမက “မိန်းကလေးဖြစ်တာနဲ့အမျှ ယောက်ျားတွေလို တန်းတူလိုက်မမျောနိုင်တာမျိုး ဥပမာ မိန်းမ တစ်ယောက်ရေးတဲ့ သီချင်းမျိုးဆိုပြီး ခွဲခြားဆက်ဆံတာမျိုးတွေ ကြုံခဲ့ရဖူးတယ်။ စာသားဆိုတာ အဲဒီလိုခွဲခြားလို့ရသလားမေးချင်တယ်။ ဒါကတော့ စိတ်ပျက်စရာအချက်ပေါ့နော်။ အမျိုးသမီး MC တစ်ယောက်မို့ အားသာချက်လည်း ရှိပါတယ်။ အဲဒါက ဘာလဲဆိုတာ့ မိန်းမဆိုတော့ပွဲပိုခေါ်ချင်ကြတာပေါ့။ ဒါတောင် အနုအရွမဟုတ် Commercial မဆန်တော့ သိပ်တော့မခေါ်ကြဘူး”လို့ ရယ်မောရင်း ပြောပြသွားပါတယ်။

ကိုယ်ချစ်တဲ့ဂီတကို ဖန်တီးနေရပြီး ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရတဲ့ T Zin ဟာ ဒီအလုပ်ကြောင့် ဘယ်လိုခက်ခဲနေပါစေ၊ အမျိုးသမီးတိုင်း မလုပ်တဲ့ အလုပ်တစ်ခုကို လုပ်နေရလို့ ပင်ပန်းနေပါစေ နောင်တဘယ်တော့မှ မရပါဘူးတဲ့။

 “ကိုယ့်အနုပညာကြေးကနည်းတယ်၊ ကိုယ်ရှာနိုင်တဲ့ငွေကြေးကနည်းတယ်ဆိုရင်လည်း သည်းခံပြီးနေနေတာပဲ။ ကိုယ့်ဘာသာကိုယ်တော့ ဒီလိုခြိုးခြံနေရတာကို ကျေနပ်မှုရှိပါတယ်။ ဒီအလုပ်ကို ငါဆက်လုပ်နိုင်တယ်ဆိုတဲ့စိတ်ကို အမြဲထည့်ထားတယ်။ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျအားငယ်ပြီး ငြီးငွေ့လာရင်လည်း ခဏပါပဲ။ ငွေကြေးအခက်ခဲဆိုတာက စစချင်းတော့ရှိမှာပဲ။ အားငယ်တိုင်း ငါစာဖတ်ရမယ် သီချင်းနားထောင်ရမယ်။ သီချင်း ရေးရမယ် ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ဖြစ်တယ်” လို့ သူမက ဆိုပါတယ်။

ဒီဂီတနဲ့ပတ်သက်လာရင် အစောပိုင်းကာလကတည်းက ဟစ်ဟော့ဂီတကို ဖန်တီးသူမို့ စီနီယာတန်းဝင်တဲ့သူလို့လည်း သူမကို ဆိုရမှာပါ။ Female MC တွေ ခုနောက်ပိုင်း ပိုများလာတာမို့ စီနီယာတစ်ယောက်အနေနဲ့ သူမက “T Zin ကိုယ်တိုင်က စီနီယာဆိုပေမယ့် ကိုယ်တိုင်လဲ ကြိုးစားနေဆဲ၊ လေ့လာနေဆဲပါပဲ။ အကုန်လုံးကိုလည်းကြိုးစားစေချင်တယ်။ ကိုယ့်ခံစားချက် ကိုယ်ဖော်ထုတ်ပစ်တဲ့ လွတ်လပ်တဲ့ ဂီတဖြစ်တော့ ရက်ပ်ပါလုပ်မယ်ဆို ကိုယ့်သီချင်း ကိုယ်ရေးစေချင် တယ်။ သူများရေးတာ ကိုယ့်ဖီလင်အစစ်မဟုတ်ဘူးလေ။ ဆိုတာကတော့ လူတိုင်းနီးပါးဆိုနိုင်ဆိုတတ်တာပဲလေ။ အနုပညာဆိုတာရင်ထဲကလာတာမျိုးပါ” လို့ အငယ်တွေကို တိုက်တွန်းသွားပါတယ်။

T Zin ဟာ ၂၀၁၉မှာ အခွေထွက်နေအောင် ကြိုးစားနေပြီး ဟိုအရင်တုန်းကလို စတူဒီယိုမှာ အသံဖမ်းအင်ဂျင်နီယာ တစ်ယောက်အဖြစ်လည်း ပြန်လည်ရပ်တည်ချင်ပါသေးတယ်လို့ ဆိုပါတယ်။

သူဖြစ်ချင်တာတွေ လုပ်ချင်တာတွေကိုတော့ “ ဖိုလီလုပ်တဲ့အပိုင်းလည်း ဆက်လုပ်သွားမှာပါ။ ပြီးတော့ ထပ်ပြီးဖြစ်ချင်တာက အစီအစဉ်တင်ဆက်သူတစ်ယောက် ပေါ့နော်။ နောက် T Zin ရှိုးတွေဆက်တိုက်ဆိုနေရတဲ့အခါ သီချင်းတွေထပ်နေတာမျိုး မဖြစ်ချင်ဘူး။ ဘဝကို အနုပညာတွေလုပ်နေရင်းနဲ့ပဲ ကုန်ဆုံးသွားချင်တယ်။” လို့ ဖွင့်ဟသွားပါတယ်။

အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ဘယ်နေရာ၊ အခြေအနေ၊ နယ်ပယ်ကဏ္ဍမျိုးမှာဖြစ်ဖြစ် ကိုယ်ကြိုးစား ရပ်တည်ရင် ရပ်တည်သလို နေရာတစ်ခုကတော့ အမြဲရှိနေပါလိမ့်မယ်။ အခက်အခဲကတော့ ဘယ်သူမဆို၊ ဘယ်နေရာမှာမဆို အနည်းနဲ့အများ ကြုံတွေ့ရမှာပါပဲ။ ကိုယ့်ဘက်ကကြံ့ကြံ့ခံရင်း ကြိုးစားနေဖို့သာ လိုပါတယ်။ ဒီနေရာမှာ T Zin ပြောနေကျ၊ သုံးနေကျ လက်စွဲ ဆောင်ပုဒ်တစ်ခုနဲ့ ပြောရရင် “ကိုယ်ကြိုးစားနေသရွေ၊ ကိုယ့်အနုပညာကို ဖော်ထုတ်နိုင်နေသရွေ့ ဘယ်သူ့ကိုမှ အောက်ကျို့စရာမလိုပါဘူး။ ဒီလိုဆိုရင် မှန်ကန်တဲ့ respect တစ်ခုရကိုရလာမှာ” သေချာပါတယ်။

Share

Loading Next Article...
က္က