အမေတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ ခွန်အားတွေဟာ ဘယ်သူမှလိုက်မမီအောင် အံ့သြစရာကောင်းလွန်းပါတယ်။
Thin Nu Swe

မိခင်တစ်ယောက်ရဲ့ ဘဝကို စတင်လိုက်ပြီဆိုတာနဲ့ စိတ်ပူတာ ၊ ဝမ်းနည်းတာ ၊ ပျော်ရွှင်တာ ၊ ကြောက်ရွံ့တာ စတဲ့ စိတ်ခံစားချက်ပေါင်းများစွာ ဖြစ်ပေါ်လာတတ်ကြပါတယ်။ မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမျိုးမှာ သိမ်ငယ်စိတ်ဆိုတာကလည်း မသိစိတ်ကရော သိစိတ်ကပါ ဝင်ရောက်လာတတ်ကြပါတယ်။ တကယ်တော့ မိခင်ဖြစ်လာပြီဆိုကတည်းက ကိုယ့်ရဲ့ ကလေးလေးအတွက် ခွန်အားတွေပိုလျှံလာပြီး စွမ်းဆောင်ရည်တွေ ပိုပြီး မြင့်တက်လာကြတာဖြစ်ပါတယ်။

အားအင်တွေပိုရှိလာတယ်

မိခင်ဖြစ်လာပြီဆိုကတည်းက ဒီကလေးလေးအတွက် အားအင်တွေ ပြည့်လျှံလာပါတယ်။ အားနွဲ့တယ်ဆိုတာတွေ ဘာတွေ ဘေးချိတ်ပြီး ကိုယ့်ကလေးအတွက် အားအင်တွေ အပြည့်နဲ့ နေ့ရက်တိုင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကလေးလေး ကိုယ့်ဘဝထဲ ရောက်လာပြီဆိုကတည်းက ကိုယ့်မှာ သားသမီးအတွက် ဘဝကို ရင်ဆိုင်မယ့် အားအင်တွေရှိနေပါပြီ။

အရာအားလုံးကို လုပ်ကိုင်တတ်လာတယ်

အရင်က ဂျစ်တိုက်ပြီး ဘာဆိုဘာမှမလုပ် ၊ ခင်ပွန်းရလာတော့လည်း ခင်ပွန်းသည်က အလိုလိုက်လို့ ဘာမှ မလုပ်ရတဲ့ အမျိုးသမီးတွေတောင် ကလေးရလာချိန်မှာ မိခင်ဖြစ်လာချိန်မှာ ကိုယ့်သားသမီးအတွက် ကိုယ်တိုင်လုပ်ပေးချင်တယ်ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ ကိုယ့်ကလေးအတွက် လုပ်ကိုင်ပေးရင်းက စိတ်အားထက်သန်မှုတွေကြောင့် အရာအားလုံးကို လုပ်ကိုင်နိုင်စွမ်းရှိတဲ့ မေမေဖြစ်လာပါတယ်။

သမီးလေးမွေးပြီးနောက်ပိုင်း အလုပ်ကထွက်ပြီး သမီးလေးအတွက်သာ အချိန်ပေးနေတဲ့ မမျိုးမမဟန်က မိခင်တစ်ယောက်ရဲ့ ခွန်အား နဲ့ မေတ္တာဓာတ်အကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။

"ကလေးမရှိတုန်းကတော့ နေချင်သလိုနေလို့ရတယ်။ ကိုယ့်အတွက်ချည်းဆိုတဲ့အတ္တ၊ ငါဆိုတဲ့အတ္တနဲ့နေလာခဲ့တာ။ သမီးလေးလည်းရလာရော ငါ့အတွက်ဆိုတာဒုတိယနေရာကို အလိုလိုရောက်သွားတာပဲ။ အနာဂတ်တွေလည်းသူ့အတွက် ၊ ငွေရှာတာကအစ သူ့အတွက်ပဲဖြစ်လာတယ်။ ဒီနေရာမှာပြောချင်တာ အတ္တဆိုတဲ့စကားလုံးပေါ့။ သမီးမရှိခင်က ငါ့အတွက်ဆိုတဲ့အတ္တ ၊ သမီးလေးရှိလာတော့ သမီးလေးအတွက်ဆိုတဲ့အတ္တရှိနေပြန်ရော။ အရာရာသူ့အတွက်အရင်ဦးစားပေးပါပဲ။ အစ်မဆို အလုပ်လုပ်နေရတာကိုကြိုက်တယ်။ သူများကိုမှီခိုပြီးနေရတာမကြိုက်ဘူး။ ဒါပေမယ့် သမီးလေးရှိလာတော့ သူ့အတွက်စဉ်းစားရင်း ငါ့သမီးအတွက်ပါလေဆိုပြီး ခက်ခက်ခဲခဲနဲ့အလုပ်ထွက်ဖို့ဆုံးဖြတ်ခဲ့ရတယ်။ သူ့ကိုပဲကြည့်ပြီး လောကကြီးကိုရင်ဆိုင်ဖို့ ခွန်အားတွေရလာတာ။ တစ်ခုခုဆိုအရှုံးပေးချင်ရင်တောင် ငါ့သမီးအတွက်ဆိုပြီးရှေ့ဆက်တိုးခဲ့တဲ့အရာတွေအများကြီး။ သူ့အတွက်ဆိုပြီးကိုယ့်အတွက်စွန့်လွှတ်ခဲ့တာတွေအများကြီးပေါ့။ စွမ်းဆောင်ရည်အပိုင်းကတော့ မိခင်တယောက်ဖြစ်လာတာနဲ့ သူ့အတွက်ဆိုတဲ့စိတ်နဲ့ အရာရာမှာမှားလို့မရဘူးဆိုတဲ့စိတ်ကလေးနဲ့ အလုပ်လုပ်တတ်လာတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်းတိတိကျကျလုပ်လာနိုင်တယ်"

စီမံခန့်ခွဲတတ်လာတယ်

မိခင်တစ်ယောက်ဖြစ်လာတာနဲ့အမျှ ကိုယ့်သားသမီးရဲ့ ဘဝအနာဂတ်အတွက် လမ်းကြောင်းတွေဆွဲရပါတော့တယ်။ ကိုယ့်ဘဝကို ဒီတိုင်း အလေးမထားဘဲ ဖြတ်သန်းတတ်သူတွေတောင် သားသမီးရှိလာတဲ့အခါ အရာရာကို စီမံခန့်ခွဲတတ်လာပါတယ်။ ကလေးလေးရဲ့ တစ်နေ့တာ ကိစ္စအဝဝ ကစပြီး အသက်အရွယ် အလိုက် ဆောင်ရွက်ပေးရမယ့် ကိစ္စတွေက အစ အရာရာ ခေါင်းထဲမှာ တွက်ချက်ပြီးတော့ စီမံတတ်လာပါတယ်။

အနာဂတ်ကို ပိုမြင်တတ်လာတယ်

ကိုယ့်အတွက်ကိုယ် မစဉ်းစားရင်တောင်မှ ကိုယ့်သားသမီးရဲ့ အနာဂတ်ဘဝကို စဉ်းစားတွေးခေါ်တတ်လာပါတယ်။ စီမံခန့်ခွဲတတ်လာတဲ့ နောက်မှာ အနာဂတ်ကို ကြိုတွေးတာတွေ ပါလာပါပြီ။ ဒါတွေက သားသမီး ကြီးပြင်းအရွယ်ရောက်လာမှ မဟုတ်ပါဘူး။ ကလေးလေးအရွယ် ငယ်ဘဝတည်းမှာကတည်းက မိခင်တို့ရဲ့ အနာဂတ်ပုံဖော်မှုတွေက စတင်လာကြတာပါ။

အရည်အချင်းတွေ ပိုရှိလာတယ် 



မိခင်ဖြစ်လာပြီဆိုတာနဲ့ တပြိုင်နက် အပင်ပန်းခံလာနိုင်တယ်၊ အစစအရာရာ စီမံခန့်ခွဲတတ်လာတယ်။ အချိန်တွေကို တွက်ချက်တတ်လာတယ် စတဲ့ သူမတူတဲ့ စွမ်းဆောင်ရည်တွေ အပြည့်ဖြစ်လာပါတယ်။ လူတိုင်း အံ့သြယူရလောက်အောင် စွမ်းဆောင်ရည်တွေ အရည်အချင်းတွေ ပြည့်ဝကြသူဟာ မေမေတွေပါ။

စာတွေ ၊ ကဗျာတွေ ၊ သီချင်းတွေထဲမှာလည်း အမေအကြောင်းကို တဖွဲ့တနွဲ့ ရေးသားသီကုံးကြတာကို ဖတ်ဖူးကြ၊ ကြားဖူးကြမှာပါ။ တကယ်တော့ အမေဆိုတာ ဘယ်အရာနဲ့မှ နှိုင်းလို့မရနိုင်အောင် စိတ်ဓာတ်ခွန်အားအပြည့်အဝရှိတဲ့သူတွေပဲဖြစ်ပါတယ်။ အမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သားသမီးတွေအတွက် ခွန်အားအပြည့်နဲ့ နေ့စဉ်ရှင်သန်နေကြတာပဲ ဖြစ်ပါတယ်။

 


က္က