လုပ်ငန်းခွင်ကနေ ထွက်ပြေးချင်လောက်အောင် Stress တွေပိနေတာ ဘာကြောင့်လို့ထင်ပါသလဲ။
Thin Nu Swe

တစ်နေ့တစ်နေ့ မိုးလင်းမိုးချုပ် အလုပ်ထဲမှာပဲ တစ်နေကုန်နေရတဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို စိတ်ပျက်ညည်းညူနေပြီး အလုပ်ကနေ Break ချင်နေတဲ့ မဒီတို့အတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် နေထိုင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

အလုပ်ချိန်အတိအကျလုပ်ပါ

လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့အတွက်ဆိုရင် အချိန်လေးစားဖို့ လိုအပ်ပါတယ်။ နေ့တစ်နေ့စတင်ချိန် မနက်ခင်းမှာ အလုပ်ချိန်နောက်ကျနေပြီဆိုရင် ကိုယ့်အတွက်က စိုးရိမ်စိတ်တွေနဲ့ စိတ်အိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ကိုယ့်ရဲ့ အလုပ်ချိန်ကို တိကျမှန်ကန်အောင် စနစ်တကျ စီမံတတ်ဖို့ လိုပါတယ်။ ရုံးတက်ချိန် ၊ ရုံးဆင်းချိန်မှန်တာက ကိုယ့်ကို စိတ်သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

ဘယ်သူ့ကိုမှ တရားလွန်မယုံကြည်ပါနဲ့

လုပ်ငန်းခွင်မှာ လူတိုင်းကို တရားလွန်ယုံကြည်တာမျိုး မလုပ်သင့်ပါဘူး။ ဒါပေမယ့် လူတိုင်းကိုတော့ လေးလေးစားစား ဆက်ဆံဖို့လိုအပ်ပါတယ်။ ဘယ်လိုရာထူးအဆင့်အတန်းကိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ ဖြစ်တည်မှုအပေါ် လေးစားရမှာပါ။ သူတပါးကို တရားလွန်ယုံကြည်မိပြီဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်က ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် တရားလွန်ယုံကြည်ပြီး ကိုယ့်ရဲ့ အိုင်ဒီယာတွေ ပြောပြတာ ၊ ပူးတွဲလုပ်ဆောင်မှုတိုင်းမှာ စိတ်ချလက်ချ ထားလိုက်တာမျိုးတွေ ရှောင်ကြဉ်ပါ။

စကားအပေးအယူတွေမလုပ်ပါနဲ့

တကယ်တမ်း အလုပ်Stress ပိတယ်၊ လုပ်ငန်းခွင်မှာမပျော်ပိုက်ဘူးဆိုတာတွေက အလုပ်ကြောင့် ဖြစ်တာမျိုးက ရှားပါတယ်။ လုပ်ငန်းခွင်တွင်း စကားအရှုပ်အရှင်းတွေကြောင့်သာ စိတ်ညစ်ညူးရတာမျိုးပါ။ မဒီတို့အနေနဲ့ လုပ်ရမှာကတော့ လုပ်ငန်းခွင်က ကိစ္စတွေကို လုပ်ငန်းခွင်မှာ ထားခဲ့ပါ။ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ တခြားအကြောင်းအရာတွေ (အထူးသဖြင့် - အမျိုးသမီးတွေ ကြုံရလေ့ရှိတဲ့ လူမှုရေးအရှုပ်အရှင်းတွေ) လုပ်ငန်းခွင်ထဲ ရောက်မလာပါစေနဲ့ ။ လုပ်ငန်းခွင်အပြင်ရောက်သွားချိန်မှာလည်း ရုံးအတွင်းရေးကိစ္စတွေကို လျှောက်ဖြန့်တာတွေ ၊ ရုံးကိစ္စတွေကို ခေါင်းထဲရောက်နေတာတွေ ဖျောက်ပစ်လိုက်ပါ။ ဒီစကားအရှုပ်အရှင်းတွေက ရလာတဲ့ Stressတွေက တကယ်ကို ဆိုးဝါးလွန်းတာကြောင့်ပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ပလူးပလဲလုပ်တာမျိုးရှောင်ပါ

လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် ၊ အထက်လူကြီး နဲ့ အောက်လက်ငယ်သားတွေအပေါ် လွန်ကဲတဲ့ အရောတဝင်နေမှုမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဘယ်လိုပဲ ကိုယ့်ဘက်က ရိုးသားနေပါစေ၊ ဒီလိုနေထိုင်မှုကြောင့် ကိုယ့်အတွက် မျှော်လင့်မထားတဲ့ အရာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် -ကိုယ့်ကို အနေအထိုင်မတတ်ကြောင်း လုပ်ငန်းခွင်မှာ အတင်းပြောကြတာမျိုး ၊ ကိုယ်ပလူးပလဲ နေမိတဲ့ လက်တွဲဖော်က မကျေမနပ်ဖြစ်လို့ တစ်ဖက်လူ့ရဲ့ အချစ်ရေးမှာ ကမောက်ကမဖြစ်တာမျိုး ၊ နောက်ဆုံး ကိုယ်အရောတဝင်နေမိသူက သူ့ကို ကိုယ်က ချစ်ကြိုက်နေကြောင်း လူတကာကို ပြောဆိုနေတာမျိုးတွေ ကြုံလာရတတ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ မငြင်းပါနဲ့ ။ အပေါ်မှာ လူတိုင်းကို တရားလွန်မယုံကြည်ဖို့ သတိပေးထားပါတယ်။

တခြားသူရဲ့ အကူအညီကို သိပ်မမျှော်လင့်ပါနဲ့

လုပ်ငန်းခွင်ဆိုတာ ကိုယ့်ခွန်ကိုယ့်အားကိုယ့်ဉာဏ်ပညာကို အသုံးချတဲ့နေရာမှာ တခြားသူတွေရဲ့ အကူအညီကို အရမ်းကြီးမျှော်လင့်မနေပါနဲ့ ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ကူညီလာရင်လည်း ကျေးဇူးတင်လိုက်ပါ။ မကူညီရင်လည်း အဲဒီအပေါ် စိတ်စနိုးစနောင့်နဲ့ ဖိစီးမှုများမနေပါနဲ့။ ကိုယ့်ဘာသာကိုယ် အလုပ်တွေ ဘယ်လိုပြီးမြောက်နိုင်မလဲဆိုတဲ့ အပေါ်သာ အာရုံထားပါ။

အကောင်းဆုံးကြိုးစားပါ

အလုပ်ကို အကောင်းဆုံး လုပ်နိုင်လေ အကောင်းဆုံးရလဒ်တွေ ရလာလေ Stress တွေကို ကျေနပ်စိတ်က အနိုင်ယူလေပါပဲ။ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ ရာထူးတွေ နေရာတွေထက် ကိုယ့်ရဲ့ ဉာဏ်ပညာ နဲ့ ကိုယ်စွမ်းကိုယ်စ အရည်အချင်းတွေကသာ မဒီလေးတို့ကို ပျော်ရွှင်စေမှာဖြစ်ပါတယ်။ လူတွေရဲ့ အသိအမှတ်ပြုမှုကလည်း ရာထူးမှာမဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စအပေါ်မှာသာ မူတည်မှာဖြစ်ပါတယ်။ 

မလုပ်နိုင်တဲ့အလုပ်ကို ငြင်းဆန်တတ်ပါစေ

အလုပ်ကြိုးစားဆိုတိုင်း ရုံးမှာ ရှိသမျှ ၊ လုပ်ငန်းခွင်မှာရှိသမျှ အလုပ်အားလုံး ကိုယ်တစ်ယောက်တည်း တာဝန်ယူရမယ်တော့ မဟုတ်ပါဘူး။ ကိုယ့်ခွန် ကိုယ့်အားနဲ့ မျှတတဲ့ အလုပ်မျိုးကိုသာ ကြိုးကြိုးစားစားနဲ့ အကောင်းဆုံးလုပ်ရမှာဖြစ်ပါတယ်။ မနိုင်ဝန်ထမ်းရင်တော့ အလုပ်လည်းတွင်မှာမဟုတ်သလို အလုပ်ဖိစီးမှုတွေကြောင့် လုပ်ငန်းခွင်မှာလည်း ပျော်နိုင်တော့မှာမဟုတ်ပါဘူး။

မီဒီယာလောကမှာ ၁၂နှစ်ကျော် နှစ်ကာလရှည်ကြာ အယ်ဒီတာအဖြစ်ဆောင်ရွက်လာခဲ့တဲ့ မအေးချမ်းခိုင်ကတော့ သူ့ရဲ့ လုပ်ငန်းခွင်ဖိစီးမှုအကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။

"လုပ်ငန်းခွင်မှာတော့ စိတ် ဖိစီးမှုတွေရှိတယ်။ တစ်နေ့ နည်းနည်းကနေ စုလာတာပေါ့။ တခါတလေ ဘာမှန်းမသိဘဲ စိတ်ကို ရှုပ်ထွေးလေးလံနေတာပေါ့။ အကြောင်းအရာ မယ်မယ်ရရ မရှိရင်တောင်မှလေ။ အဲလို ဖြစ်ရင် Signal တွေ ပြတယ်။ အိပ်မပျော်တာ၊ အိပ်ရေးမဝသလိုဖြစ်နေတာ၊ စိတ်မကြည်လင်တာ၊ Positive Thinking တွေပါ နည်းလာရော။ အဲဒါဆိုရင် သိလိုက်ပြီ။ ဘယ်လိုနှိမ်နင်းလဲဆိုတော့ အလုပ်ကို ပြီးစီးနိုင်သလောက် လုပ်တယ်။ စိတ်ရော၊ လူရော ခဏ Break လုပ်တယ်။ ရုပ်ရှင်ရုံမှာ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တယ်။ အစားအသောက်တွေကို သွားစားတယ်။ သူငယ်ချင်းတွေနဲ့တွေ့တယ်။ သူတို့ကို ရင်ဖွင့်တယ်။ ကိုယ့်စိတ်ကိုလည်း အရမ်း Serious မဖြစ်ဖို့ အားတင်းတယ်။ ဒီအခိုက်အတန့်လေးပါ၊ ဒါပြီးရင် ကောင်းသွားမှာပါလို့ တွေးတယ်။ နှိမ်နင်းရတာ အတော်မလွယ်ပါဘူး။ စိတ်နှစ်ခု ဖြစ်နေလို့လေ။ စိတ်ဖိစီးတာကို ကိုယ့်ကိုကိုယ် ပြန်အားပေးရတာပေါ့။"

ကိုယ်ပိုင်အချိန်လေးလည်း ဖန်တီးဖို့လိုပါတယ်

အလုပ် Stress ပိနေတယ်ဆိုတဲ့ တချို့လူတွေရဲ့ အကျင့်ကတော့ အလုပ်မှ အလုပ်ဖြစ်နေကြလို့ပါ။ မနက်မိုးလင်းမျက်လုံးနှစ်လုံး ဖွင့်တာနဲ့ အလုပ်အကြောင်း စစဉ်းစားပြီး ညမျက်လုံးစုံမှိတ်ချိန်ထိ အလုပ်အကြောင်း စဉ်းစားပြီး အိပ်မယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကိုယ့်ရဲ့ ဘဝမှာ ကိုယ်ပိုင်အချိန်ဆိုတာ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာမျိုး ၊ ဒါမှမဟုတ်လည်း တစ်ယောက်တည်း ကိုယ့်ရဲ့ ဝါသနာပါရာ စိတ်ဝင်စားစရာတွေကို လုပ်ဖို့ အချိန်ကလေး ပေးသင့်ပါတယ်။ သိထားဖို့က ကိုယ်ဟာ ဒီအလုပ်မှာ သေသည်အထိ လုပ်နေမယ့်သူမဟုတ်ပါဘူး။ ကိုယ့်အတွက် ရေကြည်ရာ မြက်နုရာကို ပြောင်းဦးမှာပါပဲ။

မလေးရှားနိုင်ငံမှာရှိတဲ့ Redang Bay resort မှာ အလုပ်လုပ်နေတဲ့ မဥမ္မာဦးကတော့ သူ့ရဲ့ လုပ်ငန်းခွင်ဖိစီးမှုနဲ့ လုပ်ငန်းခွင်အတွင်း Stress လျှော့ချနေထိုင်မှုအကြောင်းကို Duwun ခုလိုပြောပြပါတယ်။

"စိတ်ဖိစီးမှုကတော့ အနည်းအများရှိတယ်။ အလုပ်ကြောင့်ရော အလုပ်သမားအချင်းချင်းကြောင့်ရောပဲ။ အလုပ်ကြောင့်စိတ်ဖိစီးမှုဆိုတာက ကိုယ်ကတော့ အကောင်းဆုံးဖြစ်အောင် လုပ်တာပဲ။ ဒါပေမယ့် မပြည့်စုံတာမျိုးတွေ ရှိသွားတတ်တယ်လေ။ အဲသည်အခါကျ ကွန်ပလိန်းအကြီးအကျယ်အတက်မခံရပေမယ့်လို့ စိတ်အနေကျုံြ့ပီး လူက တက်ကြွမှုမရှိတော့ဘူး။ သုံးလေးရက်အတွင်း ဒီစိတ်ပဲဖြစ်နေတော့တာ ဒါပေမယ့် အလုပ်ကိုတော့ ပိုတိကျအောင် လုပ်ဖြစ်သွားတယ်။ တခါတလေ အလုပ်တူတူလုပ်တဲ့ အဖော်အပေါင်းတွေကြောင့်လည်း စိတ်ဖိစီးတယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုလွဲတာမျိုးပေါ့ ။ စိတ်အဆင်ပြေနေတဲ့ တော်ရုံအခြေအနေတစ်ခုမယ် သည်းခံနိုင်ပေမယ်လို့ စိတ်အဆင်မပြေတဲ့အချိန်မျိုးဆို နားလည်မှုပေးလို့မရ ရှင်းပြမရနဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်ခုပြီး စကားမပြောဖြစ်ကြတဲ့အခါအရမ်းစိတ်ဖိစီးတယ်။

ပျော်အောင်နေနည်းကတော့လေ အလုပ်ဖိစီးတိုင်း အလုပ်ချိန်ထဲ သီချင်းဖွင့်ပီး စည်းချက်နဲ့ အလုပ်လုပ်တာမျိုး၊ အချိန်ရရင် အပင်တွေ စိုက်တာမျိုးနဲ့ စိတ်ပြေအောင်နေတယ် အပေါင်းအသင်းကြောင့် စိတ်ဖိစီးလာရင်တော့ သူကစကားမပြောမချင်း ကိုယ်လည်းမပြောတော့ ဘူးလေး ငါးရက်လောက်စိတ်ကောက်လိုက်တယ်"

အလုပ်တစ်ခုကို လုပ်ကိုင်တယ်ဆိုတာ ကိုယ့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်တာ ၊ လုပ်ငန်းခွင်ဆိုတာ ကိုယ်စွမ်းဆောင်ရည်တွေကို တိုးတက်အောင်လုပ်တာမျိုးဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ စိတ်ဖိစီးမှုတအားများနေရင်တော့ အထက်ပါအချက်ကလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖြေဖျောက်ကြည့်ပါ။ မဒီလေးတို့လည်း လုပ်ငန်းခွင်မှာ ပျော်ရွှင်ထက်မြက်သူတွေ ဖြစ်နိုင်ကြပါစေ။ 


က္က