တပါးသူကိစ္စတွေ စိတ်ဝင်စားနေရင်းနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ မကုန်ဆုံးပါစေနဲ့
Thin Nu Swe

မိန်းကလေးတော်တော်များများဟာ ကိုယ့်ကိစ္စထက် သူတပါးကိစ္စတွေကို စိတ်ဝင်စားတတ်ကြတာများပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ သူတပါးကိစ္စတွေ စိတ်ဝင်စားနေမယ်ဆိုရင် ကိုယ့်ရဲ့ အချိန်တွေ ပဲ့ကျသွားပါလိမ့်မယ်။ လူတိုင်း အနာဂတ်အတွက် ၊ အလုပ်အတွက် ၊ ငွေကြေးအတွက် ရုန်းကန်နေကြချိန်မှာ သူတပါးကိစ္စစိတ်ဝင်စားနေမယ်ဆိုရင် ကိုယ်ဟာနောက်ကောက်ကျတဲ့သူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။

သူတပါးကိစ္စထက် ကိုယ့်ကိစ္စက ပိုအရေးကြီးပါတယ်

သူတပါး ဘာလုပ်လဲ ၊ ဘာဝတ်လဲ ၊ ဘာပြောလဲ ဆိုတာတွေက ကိုယ့်အတွက် ဘာမှ အရေးမကြီးပါဘူး။ သူတပါးရဲ့ လုပ်ရပ်တွေ ၊ အပြောတွေ ၊ အပြုအမူတွေကို လိုက်လံကြည့်ရှူဝေဖန်နေမယ့်အစား ကိုယ့်အကျိုးစီးပွားအတွက် အကျိုးရှိမယ့်အရာတွေကို လုပ်လိုက်တာက ဘဝအတွက် အကျိုးရှိပါတယ်၊ သူတပါးကိစ္စတွေကို ကိုယ့်ကိစ္စလို လိုက်လံခံစားပြောဆိုနေတာတွေ ရပ်တန်းက ရပ်လိုက်ပါ

ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်ရာရောက်ပါတယ်

သူတပါးကိစ္စတွေ ပြောဆိုရင်း ကိုယ့်အချိန်တွေကို ကုန်ဆုံးစေတာက ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်ရာကျပါတယ်။ ဘဝမှာ လူတိုင်းအတွက် လုပ်စရာတွေ၊ ပြုမူဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။ သူတပါးကိစ္စတွေ တွေးမယ့်အစား ကိုယ့်ကိစ္စကိုယ်တွေးပါ၊ သူတပါးအကြောင်းပြောရင်း ကိုယ့်အချိန်တွေ ကုန်ဆုံးစေမယ့်အစား ကိုယ့်အတွက် အကျိုးရှိမယ့်အရာ၊ ကိုယ့်ရဲ့ အနာဂတ်အတွက် အရေးပါမယ့်အရာတွေကိုသာ ပြောဆိုပါ၊ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်နေတဲ့ လုပ်ရပ်တွေ မလုပ်ပါနဲ့တော့။

ကိုယ်ပိုင်စီးပွားရေးတစ်ခုထူထောင်ထားသလို Performance Artist တစ်ယောက်ဖြစ်တဲ့ မလင်းလက်ကတော့ သူ့ရဲ့ အမြင်ကို Duwun ကို ခုလိုပြောပြပါတယ်။

"အစ်မအနေနဲ့တော့ သူတပါးအကြောင်းတွေးတာ၊ ပြောတာ အရမ်းကို နည်းပါတယ်။ တကယ့်ကို ကိုယ်စိတ်ဝင်စားတဲ့သူတွေ၊ ကိုယ်ချစ်တဲ့သူတွေအကြောင်း ပြောမိတာမျိုး ရှိကောင်းရှိလိမ့်မယ်။ သာမန်အချိန်ဆိုရင်တော့ အစ်မက စကားအရမ်းများတယ်။ သူများအကြောင်းထက် ကိုယ့်အကြောင်း ကိုယ်ပိုပြောဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ဝင်စားတယ်။ သူတပါးအကြောင်းပြောခဲတယ်။ တခြားသူတွေကို အကြံပေးရမယ်ဆိုရင်တော့ သူတပါးကို ဝေဖန်တာ ၊ သူတပါးကို လိုက်ကြည့်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ဝေဖန် ကိုယ့်ကိုယ်ကိုယ် မြင်တတ် ကြည့်တတ်အောင် လေ့ကျင့်စေချင်တယ်။ အဲဒီအချိန်တွေမှာ ကိုယ့်အတွက် တန်ဖိုးရှိမယ့် အရာတွေကို သင်ယူစေချင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေကို ပြောချင်တာက စာဖတ်ပါ။ ဒီတိုင်း Facebook သုံးနေမယ့်အစား အဲဒီက ကိုယ့်အတွက် အကျိုးရှိမယ့်၊ တန်ဖိုးရှိမယ့်အရာတွေကို လေ့လာသင်ယူပါ။ သူတပါးကိုပဲ လိုက်ကြည့် လိုက်ပြောနေမယ့်အစား ကိုယ်သွားနေတဲ့ လမ်းနဲ့ လုံးဝကွဲထွက်တဲ့ ကိုယ်စိတ်ဝင်စားရတဲ့ တခြားအရာတစ်ခုကို လေ့လာသင်ယူကြည့်ဖို့ အကြံပေးချင်ပါတယ်။"

သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ ဘဝအကြောင်းဆွေးနွေးပါ

မိန်းကလေးသူငယ်ချင်းတွေ အချင်းချင်း တွေ့ဆုံကြတဲ့ များသောအားဖြင့် သူတပါးအကြောင်းတွေကိုသာ ပြောဆိုရင်း အချိန်တွေ ကုန်ဆုံးနေတတ်ကြပါတယ်။ ဒီလိုတွေကိုယ့်အတွက်ရော Hangout လာလုပ်တဲ့ သူငယ်ချင်းအတွက်ရော ဘာမှအကျိုးမရှိတဲ့ အရာတွေ ပြောဆိုနေမယ့်အစား ကိုယ့်အနာဂတ်အတွက် ၊ ရသင့်ရထိုက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း ၊ လက်ရှိစီးပွားရေးရေစီးကြောင်းအကြောင်း ဆွေးနွေးတာက ပိုပြီး ကိုယ့်ကို အမြင့်ဆုံး ရောက်ရှိစေနိုင်ပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်း

ဒီဘက်ခေတ်ဟာ အရမ်းကို တိုးတက်ပြောင်းလဲနေပြီး မလိုက်နိုင်တဲ့သူက ကျန်ရစ်ခဲ့တဲ့ ခေတ်ကိုရောက်နေပါပြီ၊ လူတိုင်းလိုလို သင်တန်းတွေ တက်၊ ကျောင်းတွေတက် ၊ တိုးတက်ရာ တိုးတက်ကြောင်း ရှာနေကြတဲ့အချိန်မှာ ကိုယ်က သူတပါးကိစ္စတွေတွေနဲ့ အချိန်ကုန်နေရင် နောက်ကျကျန်ရစ်ခဲ့မှာပါပဲ။

မအိသဲဦးခင်ကလည်း သူတပါးအကြောင်းနဲ့ အချိန်ကုန်နေမယ့်အစား ကိုယ့်ဘဝတိုးတက်ရာလမ်းကြောင်းကို ရှာဖွေသင့်ကြောင်း Duwun ကို ခုလိုပြောပြလားပါတယ်။






"သူများကိစ္စတွေ အချိန်ကုန်နေဖို့ အချိန်မရှိပါဘူး။ ကိုယ့်ရဲ့ ကိစ္စတွေနဲ့တောင် ကိုယ်မအားတာ သူများအတွက် ဖဲ့ပြီး အချိန်မပေးနိုင်ဘူး။ သူများကိစ္စတွေ လိုက်ပြော လိုက်ကြည့်ရင်း အချိန်ကုန်နေတဲ့သူတွေကို ပြောချင်တာက အဲဒီလိုအချိန်တွေမှာ ကိုယ့်အတွက် တန်ဖိုးရှိတာ တစ်ခုခု လုပ်သင့်တယ်၊ ပြီးတော့ ကိုယ့်ဘဝတိုးတက်မြင့်မားဖို့ ၊ လူနေမှုအဆင့်အတန်းမြင့်မားစေဖို့အတွက် တွေးသင့် ကြံစည်သင့် လုပ်သင့်တယ်လို့ ထင်တယ်။ ဘာမှလုပ်စရာမရှိဘူးဆိုရင်တောင် စာများများဖတ်ပေါ့။"

ချိတ်ဆက် ကွန်ယက်တည်ထောင်သူ မဟန်နီမြဝင်းကလည်း မိန်းကလေးတွေအနေနဲ့ သူငယ်ချင်းတွေ အချင်းချင်းတွေ့ဆုံ စကားပြောတဲ့အချိန်မှာ ကိုယ့်ဘဝတက်လမ်းအတွက် ဆွေးနွေးတိုင်ပင်သင့်ကြောင်း Duwun ကို ခုလိုပြောပါတယ်။

"ဟန်နီပြောချင်တာက မိန်းကလေးတွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစကားပြောကြတဲ့အခါမှာ ကိုယ့်အတွက် အကျိုးမရှိတာ ၊ သူငယ်ချင်းအတွက် အကျိုးမရှိတာတွေ ပြောပြီး ဟေးလားဝါးလားနဲ့ အချိန်ကုန်သွားမယ့်အစား ကိုယ့်အတွက် အကျိုးရှိမယ့် အလုပ်အကိုင်အခွင့်အလမ်းအကြောင်းတွေ ၊ အလုပ်အကြောင်းတွေ ပြောကြစေချင်တယ်။ အမျိုးသမီးတွေအတွက်ဆိုရင်လည်း တစ်ရက်မှာ ၂၄ နာရီမှာ နာရီဝက်လောက် ကိုယ့်ရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ၊ ကိုယ့် Career Development အတွက် ကိုယ့်အတွက် စဥ်းစားပါ။ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါလို့ ပြောချင်ပါတယ်။"

ကိုယ့်အတွက်ကိုယ် ဘယ်လိုစဥ်းစားမလဲ



ကိုယ့်ရဲ့အချိန်တွေကို စီမံခန့်ခွဲပါ။ ကိုယ်ဘာလုပ်နိုင်သလဲ၊ ကိုယ်ဘာလုပ်ချင်လဲ၊ ခုလက်ရှိ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထပ်ပြီး ဖြည့်တင်းဖို့ လိုအပ်မလဲ။ ဘယ်လိုအရာတွေ ကိုယ်ထပ်ပြီး လိုအပ်နေသေးလဲ။ ကိုယ် တကယ် လုပ်ချင်နေတာကော ကိုယ်လုပ်နေရပြီလား၊ ကိုယ့်ရဲ့ ဘဝကို ဒီထပ်ပိုကောင်းအောင် ဘယ်လို ဆက်ရှေ့ဆက်မလဲစတဲ့ ကိုယ့်ဘဝအတွက် တိုးတက်နိုင်မယ့် လမ်းကြောင်းကို တွေးတောဆင်ခြင်ပါ။ ကိုယ့်ဘဝတက်လမ်းအတွက် စဥ်းစားပြီးပြီဆိုရင်လည်း တကယ် အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်ပါ။


က္က