loading...

loading...

loading...

မဒီတို့ တစ်နေ့ တစ်နေ့ စိတ်ညစ်စရာတွေ များနေပြီး မပျော်မရွှင်ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ လွှတ်ချလိုက်သင့်တဲ့အရာတွေကို ဆုပ်ကိုင်ထားတတ်ကြလို့ ဖြစ်ပါတယ်။
Thin Nu Swe

ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဆိုရင် လက်လွှတ်ရမယ့်အရာတွေကို လက်လွှတ်လိုက်သင့်ပါတယ်။ မဟုတ်ဘဲ အတင်းဆုပ်ကိုင်ထားမယ်ဆိုရင် နာကျင်ရပြီး စိတ်ထဲ ဆို့နင့်ခံစားရတတ်ပါတယ်။ ဒီတော့ ကိုယ့်စိတ်ကို ပျော်ရွှင်စေဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ အရာတွေက ဘာတွေလဲ။

အကြောက်တရား

ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင်တော့ အကြောက်တရားတွေကို လွှတ်ချလိုက်သင့်ပါတယ်။ တစ်ခါတလေ ကိုယ်ကြောက်နေတဲ့ အရာတွေက ကိုယ့်တက်လမ်းကို ‌ပျောက်စေတဲ့အရာတွေ ၊ ကိုယ့်ကို သိမ်ငယ်စေတဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ - လူရှေ့မှာ စကားပြောရမှာကြောက်တာ ၊ ကိုယ်အားကိုးနေတဲ့ လူ ကိုယ့်နားမှာ မရှိတော့မှာ ကြောက်တာ စတဲ့ အကြောက်တရားတွေက ကိုယ့်ကို တိုးတက်စေမယ့်အခွင့်အရေးတွေကို ပျောက်ရှသွားစေနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း သိမ်ငယ်စိတ်ဝင်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကို အခွင့်အ‌ရေးပျောက်ဆုံးစေနိုင်တဲ့ ၊ သိမ်ငယ်စိတ်ဝင်စေနိုင်တဲ့ ၊ ကိုယ့်ကို မပျော်မရွှင်ဖြစ်စေနိုင်တဲ့ အကြောက်တရားကို လက်လွှတ်နိုင်အောင် ကြိုးစားပါ။

အမုန်းတရား

ကိုယ့်ကို မပျော်ရွှင်စေဘဲ ပူလောင်စေတဲ့ အရာတွေထဲမှာ အမုန်းတရားလည်း ပါဝင်ပါတယ်။ တစ်စုံတစ်ယောက်ကို ဒါမှမဟုတ် တစ်ခုခုကို မုန်းတီးနေပြီဆိုရင် မုန်းတီးတဲ့ ကိုယ်ကိုယ်တိုင်က အရင်ပူလောင်ရတာမျိုးပါ။ ကိုယ့်ရဲ့ မုန်းတီးတဲ့ Level ကို လိုက်ပြီးတော့ ကိုယ့်ကို ပူလောင်စေတဲ့ အရှိန်က မြင့်တတ်ပါတယ်။ ဘဝမှာ လွှတ်ချသင့်တဲ့ အရာတွေထဲ အမုန်းတရားဆိုတဲ့ အရာလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် အမုန်းတရားတွေကို အတတ်နိုင်ဆုံးလျှော့ချပစ်ပါ။ အမုန်းတရားဆိုတာ မရှိတော့တဲ့ တစ်နေ့ စိတ်လက်ကြည်လင်ပြီး ‌ပျော်ရွှင်လာပါလိမ့်မယ်။

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေပိုးအိမ်ကတော့ သူမ လက်လွှတ်ရမယ့်အရာတွေအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။



"လက်လွှတ်သင့်တဲ့အရာတွေကတော့ ကိုယ့်အတွက်မကောင်းတဲ့အရာတွေပါ။ ရွှေပိုးအတွက် အခု လက်လွှတ်သင့်တဲ့အရာကတော့ အစားမက်နေတဲ့ အကျင့်ပါပဲ။ အစားမက်နေတော့ ပိန်ချင်ပေမယ့် ဝနေတုန်းပဲ။ နောက်တစ်ခုကတော့ အိပ်ယာ အစောကြီး မထနိုင်တာ ထရင်လည်း တစ်နေကုန် ခေါင်းမူးတယ်၊ ညဘက်လည်း နောက်ကျမှ အိပ်တတ်တယ်။ အဲဒီအကျင့်ဆိုးတွေကို အခုထိ လက်မလွှတ်နိုင်သေးပါဘူး၊ လက်လွှတ်ဖို့ ကြိုးစားရပါဦးမယ်။ မကောင်းတဲ့အရာတွေကို လက်လွှတ်နိုင်ဖို့ဆိုတာ ဘဝအတွက် အရေးကြီးတဲ့ အရာပါ။"

ဒေါသ

‌ဒေါသကတော့ အမုန်းတရားနဲ့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် အမုန်းတရားက မုန်းတီးမှုသက်သက် ဖြစ်တာကြောင့် မုန်းတီးသူအပေါ်မှာပဲ အကျိုးသက်ရောက်ပေမယ့် ဒေါသကတော့ လူတိုင်းအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ကိုယ်ချစ်တဲ့သူအပေါ်မှာတောင် ကျရောက်နိုင်တဲ့ ‌ဒေါသဖြစ်တဲ့အတွက် ဒေါသရဲ့ နောက်ဆက်တွဲဟာ ဘယ်လောက်ထိ ဆိုးရွားပြင်းထန်တယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ဒေါသတွေကို အတတ်နိုင်ဆုံး မလွှတ်ချနိုင်ရင်တောင်မှ လျှော့ချပစ်ဖို့‌‌‌တော့ လိုအပ်ပါတယ်။

နာကျင်မှု

လွှတ်ချဖို့ အခက်ခဲဆုံးနဲ့ လွှတ်ချလိုက်ဖို့ အသင့်ဆုံးကတော့ နာကျင်မှုပါပဲ။ ဘဝမှာ စိတ်ကို အနာတရအပေးဆုံးကလည်း နာကျင်မှုပါ။ စိတ်ဒဏ်ရာဆိုတာ လူတိုင်း လွှတ်ချနိုင်ဖို့ ခဲယဥ်းပါတယ်။ ဒီအနာတရကြောင့်ပဲ လူတွေက အလုပ်မလုပ်နိုင်၊ ရှေ့မဆက်နိုင်နဲ့ ကြက်ကြီးလည်လိမ်နေသလို နေကြရတဲ့ ဘဝကို လူတိုင်းလိုလို ခံစားခဲ့ကြဖူးမှာပါ။ ဘယ်လိုပဲ ခက်ခဲပါစေ...ရအောင် လွှတ်ချနိုင်ပြီဆိုရင် စိတ်အနာတရတွေကို ကိုယ်တိုင်ကုစားနိုင်ပြီဆိုရင် ဘဝက ပေါ့ပါး လာပါလိမ့်မယ်။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ စိတ်အနာတရတွေကို လွှတ်ချလိုက်ကြဖို့ အကြံပေးပါရစေ။

ဘဝမှာ ပျော်ရွှင်ဖို့အတွက် တကယ်လက်လွှတ်လိုက်သင့်တဲ့ အရာတွေအကြောင်းကို performance artist တစ်ယောက်ဖြစ်တဲ့ သမီးဂျီးက Duwun ကို ခုလိုပြောပါတယ်။

"ဘဝမှာ တကယ်ပျော်ချင်တယ်ဆိုရင် ကိုယ် မလွှတ်ချနိုင်တဲ့အရာတွေကို လွှတ်ချလိုက်ဖို့ လိုအပ်တယ်၊ အဓိကကတော့ နာကျင်မှုတွေပေါ့။ လူတွေက နာကျင်မှုကို အတင်းဖက်တွယ်နေကြတာ၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတယ်။ အဲဒါကို ပျော်ရွှင်မှုတွေရှိတာကို မမြင်နိုင်ဘဲ နာကျင်ရတာတွေကိုသာ ဆုပ်ကိုင်ထားကြတာ။ အဲဒါကြောင့် တကယ်ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ် မလွှတ်ချနိုင်တဲ့ အရာတွေကို လွှတ်ချနိုင်အောင် ကြိုးစားပါ။ အစ်မကိုယ်တိုင် ဒီလို ကြိုးစားပြီး လွှတ်ချခဲ့တာပဲ။ အခု တကယ်ပျော်ရွှင်နေရပြီ"

သံသယ

သံသယဆိုတဲ့အရာကလည်း ဘဝကို ပူလောင်စေတဲ့ အရာတွေပါ၊ သံသယများရင် ချစ်သူတွေကြားမှာ ၊ မိသားစုကြားမှာ ၊ သူငယ်ချင်းတွေကြားမှာ ၊ နောက်ဆုံး လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြားမှာတောင် ပြဿနာတွေ အများကြီး ဖြစ်ပွားတတ်ပါတယ်။ သံသယဆိုတာ မထားကောင်းတဲ့ အရာမျိုးပါ။ လူတွေကို မယုံကြည်တတ်တာ ကောင်းပေမယ့်လည်း အချိန်ပြည့် ကိုယ့်ခေါင်းထဲမှာ သံသယတွေများနေခဲ့မယ်ဆိုရင် ပူလောင်မှုတွေနဲ့ စိတ်ညစ်နေရမှာပါ။ ဘဝမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင်တော့ သံသယဆိုတဲ့ အရာကိုလည်း လွှတ်ချတတ်ဖို့ လိုအပ်ပါတယ်။

Hand Made လေးတွေ လုပ်ပြီး စေ◌ျးကွက်ထဲမှာ ရောင်းချနေတဲ့ အိမ့်မြတ်နိုးဦးကတော့ သူ့ရဲ့ ပျော်ရွှင်မှုတွေအကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။

"ညီမကတော့ပျော်ရွှင်ဖို့စွန့်လွှတ်ရတာမျိုးတော့မရှိဘူး။ တန်ဖိုးကြီးတဲ့အရာတွေသိပ်မရှိတော့ ပေးဆပ်လိုက်ရတာတွေမျိုးမရှိဘူး။ ပျော်ရွှင်ဖို့ဆိုရင်ပျော်ရွှင်စေတဲ့အရာတွေပဲလိုက်လုပ်တယ်။ ဥပမာခရီးထွက်တာတို့၊ ဟန်းမိတ်လုပ်တာတို့ ၊ စာဖတ်တာတို့ အဲဒါတာတွေလုပ်နေရရင်ကိုပျော်ရွှင်တာပဲ။" 

နောင်တ

နောက်ဆုံး လွှတ်ချရမယ့်အရာကတော့ နောင်တပါ။ နောင်တတရားကို စိတ်ထဲမှာ တရားသေဆုပ်ကိုင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ဟာ မွန်းကြပ်မှုတွေနဲ့ မပျော်မရွှင် ဖြစ်ရတတ်ပါတယ်။ အမှားတွေအပေါ် နောင်တရတာကောင်းပါတယ်၊ အဲဒီနောင်တကြောင့် နောက်တစ်ခါ ထပ်မမှားတော့ဘူးဆိုရင် အဆင်ပြေပါတယ်။ ဒါပေမယ့် နောင်တတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ထပ်ခါတလဲလဲ သတ်နေမယ်ဆိုရင်တော့ ဘဝဟာ စိတ်ဒဏ်ရာတွေနဲ့အတူ နလံမထူနိုင်အောင် ဖြစ်သွားပါလိမ့်မယ်၊ ဒါကြောင့် ထပ်မမှားပါနဲ့။ နောင်တတွေနဲ့တော့ ကိုယ့်ဘဝကို မွန်းကြပ်မခံပါနဲ့လို့ ပြောချင်ပါတယ်။

မဒီတို့ရဲ့ နေ့စဥ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် စိတ် ဒုက္ခအပေးဆုံးအရာတွေကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ဒီအရာတွေကို လွှတ်ချနိုင်သွားပြီဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဥ်ဘဝဟာ သာယာပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။


loading...

က္က