ဘဝကို အမှားကင်းကင်းနေထိုင်ဖို့အတွက် ဘဝနေထိုင်နည်းဥပဒေတွေ ရှိနေပါတယ်။
Thin Nu Swe

လူဆိုတာ အမှားနဲ့ မကင်းဘူးလို့ ပြောဆိုတတ်ကြတာ ကြားဖူးကြမှာပါ။ လူတိုင်းကတော့ အမှားနဲ့ မကင်းပါဘူး။ ဒါပေမယ့် အမှားတွေ လုပ်မိတဲ့အခါမျိုးမှာ ဒုက္ခရောက်ရတာတွေ၊ နောင်တရရတာ၊ စိတ်ဓာတ်ကျရတာ၊ လောကထဲက ပျောက်ကွယ်သွားချင်တာမျိုးတွေနဲ့ ကိုယ့်စိတ်ကိုယ် သတ်နေမိတာမျိုးတေွ ကြုံဖူးကြမှာပါ၊ ဒီတော့ အမှားမကင်းတဲ့ လူတွေအတွက် အမှားတွေ အများကြီးမလုပ်မိစေရအောင် ဘဝနေထိုင်နည်း ဥပဒေတွေ မျှဝေပေးချင်ပါတယ်။ ဘဝမှာ အမှားကင်းစေမယ့် ဘဝနေနည်းတွေက ဘာတွေဖြစ်မလဲ။ 

ယုံကြည်ပါ

လူတိုင်းက ဆုတောင်းဖူးကြမှာပါ၊ အထူးသဖြင့် အမျိုးသမီးတွေဆို ပိုပြီးတော့တောင် ဆုတောင်းတတ်ကြမှာပါ။ ဒီလို ဆုတောင်းဖို့အတွက် ကိုယ့်ဘက်က ယုံကြည်မှုအပြည့်အဝထားဖို့လိုပါတယ်။ ကိုယ်ဆုတောင်းမယ့် ကိစ္စရပ်တိုင်းမှာ ကိုယ်ရဲ့ ဆုတောင်းတွေအတွက် ၊ ကိုယ်ဆုတောင်းမယ့်အရာတွေအတွက် ယုံကြည်နေဖို့ လိုအပ်ပါတယ်။ ဆုမတောင်းခင် ယုံကြည်မှုထားပါ။ ယုံကြည်မှုတွေက ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်စေမယ့် အကောင်းဆုံးတွန်းအားပါပဲ။ ယုံကြည်ဖို့ ဆိုတာကလည်း မှန်ကန်တဲ့ အရာဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဆုတောင်းတွေဟာ မှန်ကန်တဲ့ ဖြစ်နိုင်တဲ့ အရာတစ်ခုလားဆိုတာကို ကိုယ်ကိုယ်တိုင် ယုံကြည်မှသာလျှင် ဆုတောင်းတွေကို ပြုလုပ်ပါ။

နားထောင်ပါ

စကားတွေအများကြီးပြောဖို့အတွက် အရင်နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ စကားတစ်ခွန်းက မှားယွင်းတဲ့ စကား၊ အဓိပ္ပါယ်လွဲမှားတဲ့ စကားမဖြစ်သွားရအောင် ကိုယ်က အရင် နားထောင်တတ်သူဖြစ်ရပါမယ်၊ စကားဟာ ပြောချင်သလို ပြောလို့ရနေနိုင်တဲ့အတွက် ကိုယ့်ပါးစပ်က စကားတွေဟာ တရားလက်လွတ်တဲ့ စကားတွေ မဖြစ်ရလေအောင် စကားမပြောခင် အရင် နားထောင်တတ်တဲ့ သူတစ်ယောက် ဖြစ်အောင် လေ့ကျင့်ယူရပါမယ်။ စကားဟာ ပြောပါများရင် အမှားပါတတ်ပါတယ်။ အမှားပါတဲ့ စကားတွေမဖြစ်ရလေအောင် ၊ ကိုယ်ပြောတဲ့ စကားတစ်ခွန်းနဲ့ ဒုက္ခမရောက်ရလေ‌အောင် အရင်ဆုံး နားထောင်တတ်ဖို့ ကြိုးစားပါ။

Program Officer တစ်ယောက်ဖြစ်တဲ့ မသိင်္ဂီထွန်းကလည်း စကားပြောတော့မယ်ဆိုရင် အမှားမပါအောင် ဘယ်လိုပြောဆိုသင့်တဲ့အကြောင်း Duwun ကို ခုလိုပြောပြပါတယ်။

"သိင်္ဂီ ထင်တာတော့ သူများအကြောင်း သိပ်စိတ်မဝင်စားရင် အမှားမပြောမိဘူးထင်တယ်။ ကိုယ်နဲ့ဆိုင်တာ မှားပြောမိတာထက် သူများနဲ့ ပတ်သတ်ပြီး မှားရင် ဘယ်ဘက်မှ မကောင်းဘူးလေနော်။ လူတိုင်းက သူများအကြောင်းထက် ကိုယ့်အကျိုးစီးပွားကိုယ် ပိုစိတ်ဝင်စားမယ်ဆိုရင် ကိုယ်တိုးမယ့် ကိစ္စတွေပဲလုပ်မယ်။ ကိုယ့်အတွက်ကိုယ် လေ့လာမယ် သင်ယူမယ်။ ကြိုးစားမယ်ဆို စကားအမှားတွေပြောဖို့ အချိန်မရှိတော့ဘူးပေါ့။ စကားများများပြောရသူတွေဆိုရင်တော့ စကားကို မြန်မြန်ပြောမယ်အစား ပုံမှန်အနေအထားလေးပြောသင့်တယ်။ ဘာလို့လဲဆိုတော့ မြန်မြန်ပြောရင် ကိုယ်ပြောမယ့်စကားက အမှားပါမပါ မစဥ်းစားနိုင်တော့ဘူးလေ။ ပုံမှန်လေးပြောတော့ သူများလည်း နားထဲမှာရှင်းတယ်။ ပြီးတော့ ပြောမယ့်စကားကို စဥ်းစားပြီး မပြောသင့်တာဆို အချိန်မီ ချန်ခဲ့နိုင်တာပေါ့နော်။ များများပြောဖို့ များများနားထောင်ရမယ်ဆိုတာကို လက်ခံပါတယ်။ နားထောင်ရုံ မဟုတ်ဘဲ ပြောတဲ့ပုံစံ အသံအနေအထားတွေပါလေ့လာရင် ပိုအကျိုးရှိတာပေါ့နော်။ ပြီးတော့ များများပြောဖို့ များများနားထောင်ဖို့အပြင် များများဖတ်ဖို့လည်း တိုက်တွန်းပါတယ်"

ရှာဖွေပါ



တကယ်တော့ မသုံးခင် အရင်ရှာဖို့ ပြောချင်တာပါ။ လက်ရှိခေတ်ရဲ့ အမျိုးသမီးတွေအတွက်ဆို ပိုဆိုးဝါးပါတယ်။ ဖက်ရှင်အသုံးအဆောင်တွေ၊ အဝတ်အစားတွေ ၊ ခေတ်မီအလှကုန်တွေ ၊ အစားအသောက်တွေ အများကြီးပေါများလွန်းနေတဲ့အတွက် သုံးရဖြုန်းရတာ အရမ်းကို လွယ်ကူလွန်းနေပါတယ်။ ဒီလိုတွေ သုံးဖြုန်းဖို့ဆိုတာ ကိုယ်က အရင်ရှာဖွေစုဆောင်းဖို့ လိုပါတယ်။ ကိုယ့်မှာ ရှာဖွေစုဆောင်းထားတာ မရှိဘဲ သုံးဖို့ ဖြုန်းဖို့ လုံးဝမတွေးပါနဲ့။ အမှားဆိုတာထက် အကြွေးပတ်လည်ဝိုင်းနေတဲ့လူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်မသုံးမဖြုန်းခင် ကိုယ်ရှာထားတဲ့ ပမာဏနဲ့ တွက်ချက်ပြီးမှ သုံးဖို့ သတိပေးချင်ပါတယ်။

USA မှာ အလုပ်လုပ်နေတဲ့ မဟေကိုကတော့ ပိုက်ဆံရှာဖွေခြင်း နဲ့ သုံးစွဲခြင်းရဲ့ အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

" မကတော့ အလုပ်ကို လုပ်နိုင်သလောက် လုပ်မယ်။ ကိုယ်ရတဲ့ငွေပမာဏကို ကိုယ့်အသုံးစရိတ် ( ကုန်ကျငွေ ရယ် )၊ သားအတွက် ( အသုံးစရိတ် ကုန်ကျငွေရယ်)၊ ညီအစ်ကိုမောင်နှမတွေရဲ့ ( အရေးပေါ် ကျန်းမာရေးတွေအတွက် ) တတ်နိုင်သလောက်ပံ့ပိုးပေးဖို့ရယ်၊ ကိုယ် လုပ်ချင်တဲ့အလုပ်လေးတွေ ( အလှူအတန်း လူမှုရေးအတွက်တွေ ) လည်း လုပ်နိုင်ဖို့ရယ် အဲဒါတွေအဓိကထားပါတယ်။ အဓိကက ဝင်ငွေအပေါ်မူတည်ပြီး အသုံးကို အဓိကထားထားပါတယ်။ မလိုအပ်တာတွေမဝယ်ဖြစ်တော့ဘူး။ ဒီလဝင်ငွေ ဘယ်လောက်ရှိနိုင်မလဲဆိုတဲ့အတွေးကို တွေးပြီး ကုန်ကျငွေဘယ်လောက်ရှိနိုင်မလဲဆိုတာကို တွက်ပါတယ်။ ( တခြားအရေးပေါ်ပေါ်လာဖို့အတွက်လည်း ဖယ်ထားတယ်လေ ) ။ ဝင်ငွေနည်းမယ့်လဆို မလိုအပ်တာတွေ မသုံးဘူး တတ်နိုင်သလောက် ချွေတာတယ်။ ကိုယ့်ဝင်ငွေကို ကိုယ် မှန်းလို့ရနေတာမို့ အပိုကုန်မယ့်အရာ ဘာမှမလုပ်ဘူး။ ငွေပိုရင်လည်း ( အရေးပေါ်အတွက် ) သီးသန့် ဖယ်ထားတယ်။ အလုပ်မလုပ်နိုင်ဘဲ ဝင်ငွေမရှိဘဲ အကြွးနဲ့ယူ သုံးစွဲနေတာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ပါတယ်။" 

စဥ်းစားဆင်ခြင်ပါ

စာတစ်ကြောင်းကို ခုလို ဆိုရှယ်မီဒီယာတွေ ထွန်းကားတဲ့ ခေတ်ကြီးမှာ ရေးချင်သလို ရေးနေလို့ ရနေကြပါပြီ။ ဒီတော့ ကိုယ်ရေးချင်တာတွေ မရေးခင်မှာ အရင်ဆုံး စဥ်းစားဆင်ခြင်တတ်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရေးချင်ရာတွေ ရေးနေမယ်ဆိုရင်တော့ ဒီခေတ်ကြီးရဲ့ ၆၆(ဃ) နဲ့ ညိသွားတာများတွေ ဖြစ်သွားနိုင်ပါတယ်။ စာတစ်ကြောင်းကြောင့် ပဲ ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်ဝမ်းကွဲတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ရေးတဲ့ စာတစ်ကြောင်းကြောင့်ပဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ရပ်တန့်သွားတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် စာမရေးခင်မှာ အရင်ဆုံး သင့်တော်၊ မတော် အရင်ဆုံး စဥ်းစားဆင်ခြင်ဖို့ လိုပါတယ်။

 ကြိုးစားကြည့်ပါ

အရာအားလုံးကို လက်လွှတ်ချင်တဲ့ အချိန်အခါမျိုးတွေ တစ်ခါတလေမှာ ခံစားမိတတ်ကြပါတယ်။ ဒါပေမယ့် အရာအားလုံးကို လက်မလွှတ်ခင်တော့ အရင် ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ ကြိုးစားတဲ့နေရာမှာလည်း ကိုယ် ဒီအရာတွေကို စတင်ခဲ့တဲ့ အချိန်တွေကို ပြန်ပြီး တွေးကြည့်ဖို့ လိုပါတယ်။ ကိုယ်ဒီအရာတွေအတွက် ဘယ်လောက်ရင်းနှီးထားရတာလဲ၊ ဘယ်လို ကြိုးစားရုန်းကန်ထားရတာလဲ ဆိုတာကို ပြန်ပြီးတွေးကြည့်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ဆက်မလုပ်နိုင်တော့ဘူး လက်လျှော့လိုက်တော့မယ်လို့ တွေးမိတိုင်း အရင် ကြိုးစားကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းပါ။

မသေခင် ရှင်သန်ပါ

ဘာတွေ ဘယ်လို မှားယွင်းမိပါစေ။ ကိုယ့်ဘဝကိုယ် အဆုံးသတ်ဖို့ စဥ်းစားမိတယ်ဆိုရင်တော့ အဲဒါဟာ အကြီးဆုံး အမှားဖြစ်သွားပါလိမ့်မယ်၊ ဒါ့ကြောင့် ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့ ။ မသေခင် ရှင်သန်ရတဲ့ ဘဝဖြစ်နေတာကြောင့် ကိုယ့်ကိုယ်ကိုယ် လက်လျှော့ဖို့ တွေးမိတိုင်းမှာ ကိုယ့်ဘဝကို အဆုံးသတ်လိုက်ဖို့ တွေးမိတိုင်းမှာ အရာအားလုံးကို အစကနေ ပြန်စဖို့အတွက် ပြန်ကြိုးစားပါ။ ဘဝဆိုတာ မသေဆုံးခင် ရှင်သန်ရတာဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့မှ ကိုယ့်ဘာသာကိုယ် အဆုံးသတ်လိုက်ဖို့ကို မရွေးချယ်ပါနဲ့။ အကောင်းဆုံး ပြန်လည် ရှင်သန်နိုင်ဖို့ တွေးပါ။


Author


က္က