loading...

loading...

loading...

Marriage Story ကနေ အိမ်ထောင်ရှင်အမျိုးသမီးတွေ ခံစားနေရတဲ့ စိတ်ခံစားချက်တွေ ၊ ဘဝတွေ ၊ ထုတ်မပြောဖြစ် ၊ ထုတ်မပြောရက်ကြတဲ့ စကားလုံးတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
Thin Nu Swe

ရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ အမျိုးသမီးတွေအတွက် အမျိုးသမီးတွေရဲ့ ဘဝနဲ့ ခံစားချက်တွေကို ဖွင့်ဟရိုက်ကူးထားတဲ့ Marriage Story ဆိုတဲ့ ဇာတ်ကားအကြောင်းပြောပြပေးချင်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Noah Baumbach က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး 2019 ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေထဲက ပရိသတ်တွေ အတော်ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအဖြစ် Adam Driver နဲ့ Scarlett Johansson တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ သိပ်ချစ်ကြတဲ့ ယောက်ျားနဲ့ မိန်းမနှစ်ယောက်ရဲ့ အိမ်ထောင်ရေး မပြေလည်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုဟာ အချစ်တစ်ခုတည်းနဲ့လည်း မပြည့်စုံဘူးဆိုတာကို ဒီရုပ်ရှင်ဇာတ်ကားမှာ မြင်တွေ့ကြရမှာပါ။ အိမ်ထောင်တစ်ခုမှာ ဦးဆောင်သူတစ်ယောက်အဖြစ်ရှိနေပြီး အရာရာ ကိုယ့်စိတ်တိုင်းကျ ခြယ်လှယ်တတ်တဲ့ ပြဇာတ်ဒါရိုက်တာ ချာလီ နဲ့ ထူးချွန်တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး အိမ်ထောင်ကျသွားချိန်မှာ ကိုယ့်ရဲ့ အိပ်မက်တွေကို မေ့ဖျောက်ပြီး အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် မိသားစုအတွက် အချိန်တွေပေးနေရတဲ့ နီကိုး တို့ရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ကြရမှာပါ။

ဒီဇာတ်ကားဟာ ရုပ်ရှင်ဆိုတာထက် လက်တွေ့ ဆန်လွန်းတယ်လို့ ပြောရမှာပါပဲ။ အိမ်ထောင်ရှင်တိုင်း အထူးသဖြင့် အိမ်ထောင်ရှင်မိန်းမတိုင်းရဲ့ ခံစားချက်တွေ ၊ အဖြစ်အပျက်တွေကို ဝင်ရောက်ခံစားရိုက်ပြထားသလို ထင်ဟပ်စေတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေကို မေ့ဖျောက်ထားပြီး မိသားစုအရေးကိစ္စတွေကိုသာ အာရုံစိုက်နေရတဲ့ အမျိုးသမီးတွေဟာ တချိန်ချိန်မှာတော့ ကိုယ့်ရဲ့ အိပ်မက်ကဘာလဲ၊ လက်ရှိဘဝဟာ ကိုယ်ဖြစ်ချင်နေတာ ဟုတ်ရဲ့လား ဆိုတာမျိုးတွေ တွေးလာမိတတ်ပါတယ်။ ဒါဟာ အိမ်ထောင်ရှင်မိန်းမတိုင်း ကြုံတွေ့ခံစားရတဲ့ ခံစားချက်ပါ။

လင်သားကို မချစ်တော့တာမျိုးလည်း မဟုတ် ၊ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုကို သံသယဖြစ်လာပြီး ကိုယ့်စွမ်းဆောင်ရည်တွေ ရှိနေသေးတယ်ဆိုတာမျိုး ထုတ်ပြချင်လာတဲ့အခါမှာ အိမ်ထောင်ရေးဟာ ကိုယ့်အတွက် ထောင်တစ်ခုလို ဖြစ်လာပါတော့တယ်။ ဇာတ်ကားထဲမှာတော့ ချာလီရော နီကိုးရောဟာ တစ်‌ယောက်ကို တစ်ယောက် အရမ်းချစ်နေကြသေးသလို တစ်ယောက်ကို တစ်ယောက်လည်း ကာကွယ်ပေးနေကြတဲ့၊ ကွာရှင်းဖို့ ပြင်ဆင်နေကြတဲ့ ဇနီးမောင်နှံနှစ်ဦးပါ။ ဒီရုပ်ရှင်ဇာတ်ကားက အိမ်မှာ အိမ်မှုကိစ္စတွေနဲ့ ပိတ်မိနေတဲ့ အမျိုးသမီးတွေရဲ့ ဘဝ၊ ခံစားချက် နဲ့ ဖြစ်ချင်တဲ့အိပ်မက်တွေကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ကလေးအမေ ဖြစ်နေပါစေ၊ ဘယ်လိုပဲ အိမ်ထောင်ရှင် ဖြစ်နေပါစေ...ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေက ရှိနေကြဆဲပါပဲ။ ဒါကို အမျိုးသားတွေအနေနဲ့လည်း လက်သင့်ခံပြီး ကိုယ့်ဇနီးရဲ့ အရည်အချင်းတွေ တောက်လက်လာအောင် ကိုယ့်တန်ဖိုး ကိုယ်သိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာအောင် အချင်းချင်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်သင့်ပါတယ်ဆိုတဲ့အကြောင်းကို ဒီဇာတ်ကားက တဆင့် ရရှိလိုက်နိုင်ပါတယ်။

ဒီတော့ အိမ်ထောင်သည်အမျိုးသမီးဖြစ်ဖြစ် ၊ အိမ်ထောင်မပြုရသေးသူဖြစ်ဖြစ် မိန်းကလေးတိုင်း ၊ ချစ်သူစုံတွဲ ၊ ဇနီးမောင်နှံတိုင်း ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်သင့်တဲ့အကြောင်း ညွှန်းပေးချင်ပါတယ်။ ဘဝမှာ အိမ်ထောင်ကျသွားတာဟာ ကိုယ့်ရဲ့ အိပ်မက်တွေကို စွန့်လွှတ်လိုက်ရတယ်ဆိုတာမျိုးမဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်မယ့် ၊ ကိုယ့်အိပ်မက်တွေကို နားလည်ပေးနိုင်မယ့် ဘဝလက်တွဲဖော်မျိုးကို ရရှိပိုင်ဆိုင် နိုင်ဖို့နဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဘယ်တော့မှ မမေ့မလျော့ကြဖို့ ထပ်လောင်း သတိပေးလိုက်ရပါတယ်။

 


loading...

က္က