မနက်မိုးလင်းတာနဲ့ အလုပ်သွားရဖို့ အသည်းအသန်လုံးပမ်းရင်း လုပ်ငန်းခွင်ဝင် နောက် မိုးစုန်းစုန်းချုပ်မှ ပြန်ရောက်ရတဲ့အမျိုးသမီးတွေအတွက် နားချိန်ဆိုတာကို ဘယ်ကနေ ဘယ်လို ဖဲ့ယူရမလဲကို မသိတော့တာတွေ ဖြစ်လာပါတယ်။

ခေတ်မီတိုးတက်လာတဲ့ခေတ်ကြီးမှာ အမျိုးသမီးတွေဟာလည်း လုပ်ငန်းခွင်တွေ အသီးသီးဝင်လာကြပါတယ်။ ဒါတွေတင်မကပဲ ခေါင်းဆောင်ပိုင်းနေရာတွေ ၊ အဆုံးအဖြတ်ပေးရတဲ့ နေရာတွေမှာပါ နေရာယူလာကြပါတယ်။ ဒီလို အမျိုးသမီးတွေတိုင်းလိုလို လုပ်ငန်းခွင်အသီးသီးမှာ တာဝန်ယူဆောင်ရွက်ရတာတွေ များပြားလာတဲ့အခါ ကြုံတွေ့လာကြရတာကတော့ နားချိန်မရှိတဲ့ ပြဿနာပါပဲ။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်က အလုပ်တွေတင်မကသေးဘဲ အိမ်အလုပ်တွေကိုပါ လုပ်ဆောင်ကြရတာပါပဲ။ အလုပ်တာဝန်တွေ မလစ်ဟင်းအောင်ဆောင်ရွက်ရသလို အိမ်မှုကိစ္စတွေကိုုလည်း တာဝန်ကျေရပါသေးတယ်။ ဒီတော့ နားချိန်ရဖို့ နေနေသာသာ တာဝန်တွေ ပြီးမြောက်အောင် လုပ်နေရတာနဲ့ အချိန်ကို မလောက်တော့ပါဘူး။

အားအင်ကုန်ခမ်းလာတယ်

ဒီလို နေ့စဉ်နဲ့အမှျှ အလုပ် နဲ့ အိမ် ၊ အိမ်နဲ့ အလုပ် အသားကျနေတဲ့ နေ့ရက်တွေမှာ နားချိန်ဆိုတာ မရှိသလောက်ရှားလာပါတယ်။ စက်ရုပ်တစ်ရုပ်လို လှုပ်ရှားရတာများလာတဲ့အခါ အကြံဉာဏ်ကောင်းတွေလည်း ပျောက်ဆုံးလာသလို အားအင်တွေလည်း ကုန်ခမ်းလာတတ်ပါတယ်။ ဒီလိုဆိုရင် အရည်အသွေးကောင်းတဲ့ ရလာဒ်တွေလည်း ရလာတော့မှာမဟုတ်ပါဘူး။ ဒီတော့ စက်ရုပ်ကြီးလို လှုပ်ရှားရုန်းကန်နေမယ့်အစား ကိုယ့်ဆီက အရည်အသွေးကောင်းတဲ့ ရလာဒ်တွေ ရစေဖို့ အနားယူချိန်ရှိဖို့လိုပါတယ်။ အနားကောင်းကောင်းယူရပါမယ်။ အနားယူဖို့ အချိန်ပေးပါ။

အထက်တန်းရှေ့နေ ၊ Legal Counsel and Office Secretary နဲ့ Freelance Translator အလုပ် ၃ခုကို တပြိုင်တည်း လုပ်ကိုင်နေတဲ့ ဗျူးလာဦးက သူ့ရဲ့ အနားယူပုံကို ပြောပြပါတယ်။

ဘယ်လိုအနားယူချိန်ပေးကြမလဲ

အနားယူတယ်ဆိုတာ ကိုယ် တကယ်အနားရတယ်လို့ ခံစားရမှသာ အနားယူခြင်းအတိအကျဖြစ်မှာပါ။ အနားယူတယ်လို့ပြောပြီး ဘယ်လိုမှ စိတ်အပန်းမပြေလိုက်ဘဲ ပိုပင်ပန်းသလိုခံစားရတယ်ဆိုရင် ဒါဟာလည်း အနားယူခြင်း အစစ်အမှန်မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ စိတ်ကို တကယ် အပန်းပြေစေမယ့် ၊ ကိုယ့်ရဲ့ အမောတွေကို တကယ်ပြေပျောက်စေမယ့် အနားယူမှုတွေကိုပဲ ပြုလုပ်ကြစေချင်ပါတယ်။ အနားယူချိန်ကိုလည်း သီးသန့်လေးထားပေးသင့်ပါတယ်။

RICE Communications Myanmar မှာ Account Executive အဖြစ်ဆောင်ရွက်နေတဲ့ ထက်ထက်နိုင်ကလည်း သူ့ကိုယ်ပိုင်ချိန်တွေအကြောင်း ဝေမျှလာပါတယ်။

လောဘကြီးတဲ့ မိန်းမသားတွေ

အမျိုးသမီးတွေရဲ့ အဓိက အားနည်းချက်ကတော့ လောဘကြီးတာပါ။ ပိုချမ်းသာချင်တယ်၊ ပိုအောင်မြင်ချင်တယ် ၊ ပိုနာမည်ကြီးချင်တယ်၊ ပိုလှချင် ၊ ပိုငယ်ရွယ်သယောင်ထင်စေချင်ကြတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ အကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ အလုပ်ကို သည်းကြီးမည်းကြီး လုပ်လာကြတာပါပဲ။ အလုပ်ချိန်မှာ အလုပ်လုပ်နေရတာနဲ့တင်အားမရတော့ဘဲ အလုပ်ပြင်ပအချိန်တွေမှာတောင် အလုပ်ကိစ္စတွေကိုပဲ စဉ်းစားလာတတ်ကြပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲနေတဲ့ အကြီးမားဆုံး လုပ်ရပ်ပါပဲ။

ကိုယ်ပိုင်ချိန် ထားကိုထားသင့်ပါတယ်

လူတိုင်းမှာ ကိုယ်ပိုင်ချိန်ဆိုတာ ရှိကို ရှိရပါမယ်။ ဒီလို အစစအရာရာ လျှင်မြန်တိုးတက်နေတဲ့ ခေတ်မှာတောင် ကိုယ်ပိုင်ချိန်ဆိုတာ ရှိသင့်ပါတယ်။ ကိုယ်ပိုင်ချိန်ဆိုတဲ့ အချိန်လေးတစ်ခုက ခေတ်နဲ့အတူ ပြေးနေရတဲ့ စိတ် ၊ ခန္ဓာ နဲ့ ဦးနှောက်ကို အနားပေးလိုက်တဲ့ အချိန်လေးပါတယ်။ အမြဲမပြတ် ကိုယ့်ရဲ့ အကြောင်း ၊ မိသားစုအကြောင်း ၊ လူမှုရေးကိစ္စတွေနဲ့ အလုပ်ကိစ္စတွေ စဉ်းစားပူပန်လုပ်ကိုင်နေရတဲ့ ကိုယ့်ရဲ့ ခန္ဓာ နဲ့ ဦးနှောက်ကို ခဏလေးဖြစ်ဖြစ် အနားပေးသင့်ပါတယ်။

Project management officer တစ်ယောက်ဖြစ်တဲ့ သူဝန်းညိုရဲ့ ကိုယ်ပိုင်ချိန်တွေကတော့





ကိုယ်ပိုင်ချိန်ဆိုတာ ဘာလဲ

ကိုယ်ပိုင်ချိန်ဆိုတာ မိသားစုအချိန်လည်း မဟုတ်ပါဘူး။ ဘယ်သူ့အတွက်မှ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်အတွက် ကိုယ့်ပျော်ရွှင်မှုအတွက် ပေးတဲ့အချိန်ကိုမှ ကိုယ်ပိုင်ချိန်လို့ ခေါ်တာပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတယ်ဆိုရင်တောင်မှ ပူဆွေးစရာ စိတ်ညစ်စရာတွေကို နားထောင်တာမျိုး၊ ပြောတာမျိုးထက် ရယ်မောပျော်ရွှင်စရာတွေ ၊ တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်တာမျိုးတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ရယ်မောနေကြတာမျိုးတွေပဲ ဖြစ်သင့်ပါတယ်။

ကိုယ်ပိုင်ချိန်ကို ဘယ်လိုအသုံးချမလဲ

တစ်နေ့ကို နာရီဝက်လောက် ကိုယ်သဘောကျတဲ့ စာအုပ်လေး တစ်အုပ်ကို ကိုယ်နှစ်သက်တဲ့ ကော်ဖီလေးတစ်ခွက်နဲ့ အချိန်ကုန်တာမျိုး ၊ ၁၅ မိနစ်လောက် သီချင်းဖွင့်ပြီး နားထောင်ရင်းကတာမျိုး ၊ တစ်နေ့ ဘယ်နှမိနစ်ဆိုပြီး သတ်သတ်မှတ်မှတ် ကိုယ်ဝါသနာပါရာကို လုပ်နေတာမျိုး (ဘာဖိစီးမှုမှမပါတဲ့ ရိုးရှင်းတဲ့ ဝါသနာလည်း ဖြစ်မှရမှာပါ) ။ တစ်လကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့် သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ ၊ ဈေးဝယ်ထွက်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ ကိုယ်အလွန်သဘောကျပြီး ကိုယ့်ရဲ့ စိတ်ကို အပန်းပြေစေနိုင်တဲ့ အရာတွေအတွက် အချိန်သတ်မှတ်ပြီး ကိုယ့်အတွက်ကိုယ် လုပ်ပေးသင့်ပါတယ်။

သံယောဇဉ်ကြီးကြတဲ့ မဒီတွေ

များသောအားဖြင့် အမျိုးသမီးတွေဟာ သံယောဇဉ်ကြီးကြပါတယ်။ အနားယူတယ်ဆိုရင်တောင်မှ မိသားစုအတွက် အချိန်ပေးရင်း အနားယူတာ ၊ အိမ်အလုပ်တွေလုပ်ရင်း အပန်းဖြေတာ စတာမျိုးတွေနဲ့ အားလပ်ချိန်ကို ကုန်ဆုံးကြတာပါ။ အမျိုးသမီးတစ်ယောက်ကို အားလပ်ချိန်မှာ ဘာလုပ်လဲလို့ မေးရင် အိမ်အလုပ်လုပ်တယ်လို့ ဖြေတဲ့သူက ၁၀ယောက်မှာ ၇ယောက်လောက် ရှိပါတယ်။ ဆိုတော့ ကိုယ်ပိုင်အားလပ်ချိန်မထားတတ်တဲ့ ကိုယ့်အတွက်ကိုယ် နားချိန်ပေးဖို့ တွန့်ဆုတ်နေကြတဲ့ မဒီတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် ကိုယ်ပိုင်ချိန်လေးကို မဖြစ်မနေ ထားပေးဖို့ အကြံပေးပါရစေ။

ကိုယ်ပိုင်ချိန်ထားရှိခြင်းရဲ့ အကျိုးကျေးဇူးတွေ

ကိုယ်ပိုင်ချိန်ထားရှိခြင်းရဲ့ နောက်ကွယ်က အကျိုးကျေးဇူးတွေက အများကြီးပါ။ ကိုယ်ပိုင်ချိန်ထားရှိလိုက်ခြင်းရဲ့ ပထမအကျိုးဆက်အနေနဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားမှာပါ။ အလုပ်တွေပိနေတာ၊ မိသားစုကိစ္စတွေနဲ့ ပိတ်လှောင်နေတာတွေကနေ ရလာတဲ့ စိတ်ဖိစီးမှုတွေ ပျောက်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ပိုပြီးတော့ သွက်လက်ထက်မြက်လာမှာအမှန်ပါပဲ။ စိတ်ဖိစီးမှုတွေနဲ့ အလုပ်လုပ်နေတာထက် စိတ်လွတ်လပ်မှုအပြည့်နဲ့ အလုပ်လုပ်နေမယ်ဆိုရင် ရလာဒ်တွေကလည်း အရင်ကထက် ပိုပြီးကောင်းမွန်လာမှာပါ။

ကိုယ်ပိုင်ချိန်ထားရှိပါ

တကယ်အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနေကြတဲ့သူတွေက အလုပ်ကိုချည်း ခေါင်းထဲထည့်တာမျိုး မဟုတ်ပါဘူး။ ကိုယ်ပိုင်အချိန်ကနေ ကိုယ့်ရဲ့ လွတ်လပ်ပျော်ရွှင်မှုကို ရှာပြီး ဘဝကို ဟန်ချက်ညီညီ ထိန်းထားနိုင်သူတွေ ဖြစ်ပါတယ်။ ကိုယ်ပိုင်ချိန်ထားရှိတာ လူသားဆန်ပါတယ်။ ဘဝမှာ အရာရာ မျှတနေမှသာ လိုရာပန်းတိုင်အောင်မြင်မှုကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ဒီတော့ မဖြစ်မနေ ကိုယ်ပိုင်ချိန်တွေ ထားရှိကြဖို့ ဒီဆောင်းပါးကတဆင့် တိုက်တွန်းလိုက်ပါရစေ။

Share

Loading Next Article...
က္က