loading...

loading...

loading...

တန်းတူညီအခွင့်အရေးမရတဲ့အပြင် အကြမ်းဖက်ခံရမှုတွေကိုပါ ခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ကြည့်ရတဲ့ ပရိသတ်ကို အသည်းတယားယားနဲ့ ရင်ထဲစွဲသွားစေအောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Thin Nu Swe

ဒီတစ်ခေါက် ရုပ်ရှင်ချစ်သူ အမျိုးသမီးတွေအတွက် ပြောပြပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ Mardaani 2 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပြပေးချင်ပါတယ်၊ ဒီဇာတ်ကားကို ဒါရိုက်တာ Gopi Puthran က ရိုက်ကူးပုံဖော်ထားပြီး အဓိက သရုပ်ဆောင်တွေ အဖြစ် Rani Mukerji ၊ Vishal Jethwa ၊ Shruti Bapna ၊ Rajesh Sharma နဲ့ Tejasvi Singh Ahlawat တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

၂၀၁၉ခုနှစ်မှာ အဆင့်သတ်မှတ်ချက်တွေ ကောင်းကောင်းရထားတဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပြီး အရမ်းကို မိုက်တဲ့ ဒရမ်မာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေးမပေးဘဲ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်တတ်တဲ့အကြောင်း အပြင် လူကုန်ကူးမှုတွေ ၊ မုဒိန်းမှုတွေ ၊ လူသတ်မှုတွေ ပြည့်နှက်နေတဲ့ အိန္ဒိယနိုင်ငံအကြောင်းကို ကွက်ကွက်ကွင်းကွင်း ပုံပေါ်အောင်ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားအစမှာတော့ တစ်နိုင်ငံလုံးမှာ လူကုန်ကူးမှုတွေ၊လူသတ်မှု၊မုဒိန်းကျင့်မှုတွေ ပြည့်နှက်နေတာကို ကာကွယ်တားဆီးနိုင်ဖို့အတွက် စခန်းကို ရှီဗနီ ရှီဗဂျီ ရွိုင်း ဆိုတဲ့ ရဲမေလေး ရောက်ရှိလာခဲ့ပါတယ်။ အဓိက တာဝန်ဟာ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ဖို့ဆိုပေမယ့်လည်း ရဲမေရင်ဆိုင်နေရတဲ့ အမျိုးသမီးတန်းတူညီမျှမှုကို မရရှိတာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားပါသေးတယ်။ ယောကျာ်းတွေနဲ့တန်းတူ အလုပ်ကြိုးစားနေပေမယ့်လည်း အမျိုးသမီးဆိုရင် ဖိနှိပ်ရမယ်လို့ တရားသေတွက်ထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ဖိနှိပ်ချုပ်ချယ်တတ်တဲ့ အစဥ်အလာတွေကိုပါ ပြသထားပါတယ်။

ဒီဇာတ်ကားရဲ့ ဗီလိန်ဟာ ငယ်ကတည်းက စိတ်ဒဏ်ရာအကြီးစားတွေနဲ့ ရှင်သန်ကြီးပြင်းလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လူသတ်မှုကို နှစ်နှစ်ခြိုက်ခြိုက် ကျူးလွန်တတ်သူဖြစ်ပြီး လူသတ်ရတာကို ဂုဏ်ယူနေတဲ့ စိတ္တဇလူသတ်သမားကို မြင်တွေ့ကြရမှာပါ။ ငယ်စဥ်ကတည်းက ဖခင်စိတ္တဇလူသတ်သမားကြောင့် မိခင်သေဆုံးခဲ့ရမှုတွေ၊ ဒီလူသတ်မှုအပေါ် ကိုယ့်ဘာသာကိုယ် အပြစ်မကင်းသလို ခံစားမှုတွေနဲ့ ရရှိလာတဲ့ စိတ်ဒဏ်ရာတွေကို အမျိုးသမီးတွေကို ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်ပြီး စိတ်ဖြေနေတဲ့ လူသတ်သမား နဲ့ ဆတ်ဆတ်ထိမခံ ဇက်ဇက်ကြဲ ရဲမေတို့ရဲ့ လှည့်ကွက် ကစားကွက်တွေကို အသည်းတယားယား ကြည့်ရှူကြရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ အမျိုသမီးတွေ တန်းတူညီမျှမှုမရဘဲ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အကြောင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မြင်တွေ့ခံစားကြရမှာပါ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေးမပေးတာဟာ တရားမျှတမှုမရှိတာ၊ တရားမျှတမှုတွေကို လျစ်လျူရှူထားတာနဲ့ အတူတူပဲဆိုတာ ဒီဇာတ်ကားက ထောက်ပြထားပါတယ်။ အမျိုးသမီးတန်းတူညီမျှမှုမရှိတာနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်သတ်ဖြတ်တာကို မုန်းတီးရွံရှာတဲ့ ဇာတ်လိုက်ရဲမေ ၊ အမျိုးသမီးတွေကို နှိပ်စက်ညှဥ်းပန်းရတာကို နှစ်ခြိုက်ပြီး ခပ်စွာစွာ အမျိုးသမီးတွေကို ပိုပစ်မှတ်ထားသတ်ဖြတ်နှိပ်စက်တတ်တဲ့ ဗီလိန်တို့ရဲ့ သရုပ်ဆောင်ချက်တွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှူကြရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကနေ ရလိုက်တာကတော့ လောကကြီးမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိဖို့ ဟာ ဘယ်လောက်ထိ အရေးကြီးကြောင်း နဲ့ အမျိုးသမီးတွေအပေါ် ညှင်ပန်းနှိပ်စက်တာတွေကို ဘယ်လိုနည်းနဲ့မှ ခွင့်ပြုထားဖို့ မသင့်ကြောင်းပါပဲ။

အမျိုးသမီးတွေအနေနဲ့လည်း ညှင်းပန်းနှိပ်စက်ခံရမှုတွေကို သမရိုးကျဖြစ်စဥ်အနေနနဲ့ သတ်မှတ်ထားတာမျိုး လုံးဝလက်မခံဘဲ လူသားတစ်ဦးဖြစ်တဲ့အတွက် လူသားတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုပါတယ်၊ ဒီဇာတ်ကားလေးကတော့ မိန်းမသားတွေကိုသာမက မိန်းမသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်လိုတဲ့ လူတွေကိုပါ မိန်းမသားဆိုတာ လူသားတစ်ဦးဖြစ်ပြီး ဘယ်လိုမှ ညှင်းပန်းနှိပ်စက်တာမျိုး ၊ ဖိနှိပ်ချုပ်ချယ်တာမျိုး မလုပ်သင့်ဘူးဆိုတာကို ပြသသွားတာပဲဖြစ်ပါတယ်၊ လုံးဝကို ကြည့်သင့်တဲ့ အမိုက်စားကားဖြစ်တာကြောင့် ရုပ်ရှင်ချစ် အမျိုးသမီးတွေအတွက် လက်တို့ပေးလိုက်ရပါတယ်။


loading...

က္က