loading...

loading...

loading...

ရုပ်ရှင်ချစ်သူအမျိုးသမီးတိုင်း ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
Thin Nu Swe

ဒီတစ်ခေါက်တော့ ရုပ်ရှင်ချစ်တဲ့ အမျိုးသမီးတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Tyler Perry's Acrimony လို့ အမည်ရပါတယ်။ နာမည်ကြီး မင်းသမီး Taraji P. Henson အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Tyler Perry ပဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Taraji P. Henson ၊ Ajiona Alexus ၊ Lyriq Bent ၊ Antonio Madison ၊ Crystle Stewart နဲ့ Danielle Nicolet တို့ပဲဖြစ်ပါတယ်။ 

ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ Melinda Moore ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်ရှည် သည်းခံတတ်မှု၊ ချစ်သူအပေါ် ထောက်ပံ့ပေးနိုင်မှု၊ ချစ်ခြင်းတရားတွေကို မြင်တွေ့ရမှာ ဖြစ်သလို ဒီမိန်းမရဲ့ အမုန်းတရားတွေ၊ အာဃာတတွေ၊ ရန်ညှိုးဖွဲ့မှုတွေကို မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။ မိန်းမတစ်ယောက်ဟာ အဆုံးစွန်သည်းခံမှုတွေနဲ့ ချစ်သူကို ချစ်နိုင်သလို ရက်စက်မှုတွေနဲ့လည်း ချစ်နိုင်တယ်ဆိုတာကို ဒီဇာတ်ကားက ပြသသွားပါတယ်။ ဒီဇာတ်ကားဟာ ရသစုံကို ပေးစွမ်းနိုင်တဲ့ ကားကောင်းတစ်လက်ပါ။

ဒီဇာတ်ကားရဲ့ ပထမပိုင်းတွေမှာတော့ ဘာလုပ်လုပ် ဘယ်လိုမှ မဖြစ်ထွန်းတဲ့ ခင်ပွန်းသည် Robert Gayle ကို အစစအရာရာ ထောက်ပံ့ပေးနေတဲ့ အရမ်းကို အလုပ်ကြိုးစားတဲ့ ဇနီးမယား Melinda Mooreကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဘယ်လိုမှ အသုံးမကျတာကြောင့် ပတ်ဝန်းကျင်ကရော မိသားစုကပါ ပစ်ပယ်ထားတဲ့ ခင်ပွန်းသည်အတွက် တစ်ဦးတည်းသော အားပေးထောက်ပံ့သူတစ်ယောက်အဖြစ် သူ့ရဲ့ ချစ်ခြင်းတရားတွေကို မြင်တွေ့ကြရမှာပါ။ 



နောက်ဆုံး Melinda Moore ရဲ့ မိသားစုကပါ အသုံးမကျတဲ့ ခင်ပွန်းကို ထောက်ပံ့ပေးနေတဲ့ သူအဖြစ် ဝိုင်းဝန်းရှုံ့ချအပြစ်တင်နေကြတာကို ခံခဲ့ရပြီး မိသားစုရဲ့ ပစ်ပယ်ခြင်းကိုပါ ခံခဲ့ရတဲ့တိုင်အောင် ခင်ပွန်းသည်ရဲ့ ဘာမှ ဖြစ်ထွန်းခြင်းမရှိတဲ့ လုပ်ငန်းတွေကို စိတ်ရောလူ‌ရော ငွေအင်အားပါမကျန် အရာရာကို စွန့်လွှတ်ပေးဆပ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ အချစ်ကို ဖော်ညွှန်းထားပါတယ်။ 

နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားသလို အိမ်ရဲ့ စည်းစိမ်တွေ ပြုတ်ပြုတ်ပြုန်းသွားချိန်မှာတော့ ဘဝရဲ့ သက်တမ်းတွေ ၊ ရှာထားသမျှ စည်းစိမ်တွေ ပြုတ်ပြုတ်ပြုန်းသွားချိန်မှာတော့ အားအင်ကုန်ခမ်းသွားတဲ့ မာလင်ဒါဟာ ဒီခင်ပွန်းသည်ကို ကွာရှင်းဖို့စဥ်းစားလာပါတော့တယ်။ ရန်တွေဖြစ်၊ ထောက်ပံ့သမျှ မဖြစ်ထွန်းလို့ ခြေကုန်လက်ပန်းကျပြီး ခင်ပွန်းသည်နဲ့ ခဏတာ ခွဲနေချိန်မှာတော့ တစ်သက်လုံး မဖြစ်ထွန်းခဲ့တဲ့ ခင်ပွန်းသည်ရဲ့ လုပ်ငန်းဟာ ကြီးကြီးတက်အောင်မြင်ချမ်းသာသွားပါတော့တယ်။

နှစ်ရှည်လများ သက်တမ်းတစ်ဝက်လောက် ပံ့ပိုးခဲ့ရသမျှ ခုမှ ဖြစ်ထွန်းအောင်မြင်လို့ ဘဝကို ရွှေပုံပေါ်စံရတော့မယ်လို့ အောက်မေ့ခဲ့တဲ့ မာလင်ဒါဟာ ခင်ပွန်းသည်ရဲ့ မထင်မှတ်တဲ့ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားချိန်မှာတော့...။ 

ဒီဇာတ်ကားကို အစပိုင်းတစ်လျှောက်လုံး မာနတွေ အားလုံး ချထားတဲ့ မိန်းမတစ်ယောက်ရဲ့ အချစ်ကို မြင်တွေ့ရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ မိန်းမတစ်ယောက်ရဲ့ ခံပြင်းစိတ်နဲ့ လက်တုံ့ပြန်မှုတွေကို ရင်တမမကြည့်ရှုကြရမှာဖြစ်ပါတယ်။ ကိုယ်လိုချင်တာတွေ ၊ ကိုယ်ဖြစ်ချင်တာတွေအတွက် အချိန်၊ လူ၊ ငွေ အကုန်ရင်းနှီးထားခဲ့ပြီးမှ ထင်သလိုဖြစ်မလာတဲ့အခါ အကွက်ကျကျစီစဥ်ပြီး လက်စားချေမှုကြီးက ကြည့်ရတဲ့သူတိုင်းကို ထိတ်လန့်မှု နဲ့ အားရကျေနပ်မှုကို တပြိုင်တည်းပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ဒီဇာတ်ကားကနေ အမျိုးသမီးတိုင်းကို ပြောချင်တာကတော့ ဘယ်လိုနေရာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းကို ထောက်ပံ့နေသည့်တိုင်ကို ကိုယ့်အတွက်လည်း မေ့မထားကြဖို့ ၊ သူတပါးကို အတင်းတွန်းတင်တာထက် ကိုယ့်တိုးတက်အောင်မြင်မှုကိုလည်း မမေ့လျော့ကြဖို့ လက်တို့သတိပေးချင်ပါတယ်။ ကြည့်ရတဲ့ အမျိုးသမီးတိုင်းကို ရသစုံပေးနိုင်တဲ့အပြင် တစ်စုံတစ်ခုကိုပါ ရရှိသွားစေနိုင်တဲ့ ဒီဇာတ်ကားကိုတော့ အားလပ်ချိန်လေး ရခဲ့မယ်ဆိုရင် ခံစားကြည့်ရှုကြပါလို့ တိုက်တွန်းချင်ပါတယ်။ 




loading...

က္က