တစ်ခါတလေ ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့ အရာတွေက အွန်လိုင်းပေါ်က အရာတွေ ကြောင့် ဖြစ်နေတတ်ပါတယ်။
Thin Nu Swe

မိုးလင်းမိုးချုပ် အွန်လိုင်းပေါ်ရှိနေတတ်တာက ခုခေတ်မှာ ယောက်ျားလေး ၊ မိန်းကလေးသာမက အသက်အရွယ်ပေါင်းစုံလိုလို ဖြစ်နေပါတယ်။ နေ့စဥ်နဲ့အမျှ အွန်လိုင်းပေါ်က အကြောင်းအရာတွေ နဲ့ ထိတွေ့နေရတဲ့သူတွေအတွက် တချို့ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေဟာ အွန်လိုင်းပေါ်ကနေ ရလာတာမျိုးတွေ ဖြစ်တတ်ပါတယ်၊ မဟုတ်ပါဘူးလို့ ဘယ်လောက်ပဲ ငြင်းငြင်း ကိုယ့်ရဲ့ ကမ္ဘာဟာ အဲဒီ အွန်လိုင်းလေးထဲမှာပဲ ပိတ်မိနေတတ်ကြပါတယ်။

မိုးလင်းမိုးချုပ်ပိတ်မိနေခြင်း

အွန်လိုင်းနဲ့ တွဲပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက်ကတော့ မရှောင်လွှဲနိုင်တဲ့ ကိစ္စရပ်ဖြစ်ပေမယ့်လို့ အွန်လိုင်းပေါ်မှာ မလိုအပ်ဘဲ တစ်ချိန်လုံး ရှိနေတတ်ကြတဲ့သူတွေအတွက်ကတော့ အွန်လိုင်းဟာ စိတ်ညစ်စရာ ကမ္ဘာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အွန်လိုင်းဟာ ပျော်စရာအတွက် သုံးတာလို့ လူတွေက ပြောတတ်ကြပေမယ့် တကယ်တမ်းကျတော့ အွန်လိုင်းပေါ်က အရာတွေဟာ စိတ်ကို မှုန်မှိုင်းထုံထိုင်းစေပါတယ်။ တစ်နေကုန် ဖုံးသေးသေးလေးတစ်လုံးတည်းမှာ ကိုယ့်စိတ်ကိုမြှုပ်နှံထားပြီး ကိုယ့်စိတ်တွေက လွတ်လပ်မှုတွေ ပျောက်ဆုံးသွားတဲ့ ခံစားမှုမျိုးတွေ ဖြစ်လာပါတော့တယ်။

သပြေစာကြည့်တိုက်မှူး မဆုဝေအောင်ကလည်း အွန်လိုင်းပေါ်က စိတ်ညစ်စရာတွေဟာ သတင်းအမှားတွေဆီကလည်း ဖြစ်နိုင်ကြောင်း Duwun ကို ပြောပါတယ်။

"အွန်လိုင်းပေါ်က စိတ်ညစ်စရာ ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကိုယ့်ဘဝထဲကို ရောက်မလာဖို့ဆိုတာက ကိုယ့်အသိဥာဏ် ၊ ဆင်ခြင်တုံတရားနဲ့လည်း ဆိုင်တယ်၊ အွန်လိုင်းပေါ်က သတင်းမှားတွေက စိတ်ညစ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ဖြစ်လာတတ်တယ်။ ပထမဆုံးအနေနဲ့ သတင်းရဲ့ ခိုင်မာမှုကို သေသေချာချာ စုံစမ်းဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ သတင်းဖြစ်တဲ့ အချိန်ကာလကို ကြည့်ရမှာပေါ့။ သတင်းအမှားတွေကြောင့် မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာနိုင်ပါတယ်။ သတင်းက မှန်ကန်တယ်ဆိုရင်လည်း ကိုယ့်အပေါ် ဘယ်လောက် အကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာကို ထပ်တွေးသင့်တယ်။ ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့၊ အယူအဆချင်းမတူတဲ့ Post တွေ၊ သတင်းတွေကိုတော့ လျစ်လျူရှူလိုက်တာ အကောင်းဆုံးပါပဲ။"

အွန်လိုင်းက လူတွေရဲ့ အမြင်တွေပေါ် အရမ်းဂရုစိုက်လာခြင်း

အွန်လိုင်းမှာ စာ တစ်ကြောင်းရေးလိုက်ရင်၊ ပုံတစ်ပုံတင်လိုက်ရင် ကိုယ့်အကောင့်ထဲက သူငယ်ချင်းဆိုသူတွေက ဘာပြောကြမှာလဲဆိုတဲ့ သိချင်စိတ်တွေ အရမ်းများနေတတ်ကြပါတယ်။ ငါ့ကို ဘယ်သူက ဘာပြောမှာလဲ၊ ဒီပုံကို ရုပ်ဆိုးတယ်လို့ ပြောကြမလား စတဲ့ ဒွိဟတွေအများကြီးနဲ့ စိတ်ပူပန်လာတတ်ကြပါတယ်။ ဘယ်သူဘာပြောပြော ဂရုမစိုက်ပါဘူးဆိုတဲ့သူတွေတောင်မှ ကိုယ်တင်တဲ့ စာတစ်ကြောင်း၊ ပုံတစ်ပုံကို သူများက ဝေဖန်ပြောဆိုလာတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ၊ စိတ်ညစ်ညူးရတာတွေ ဖြစ်လာတော့တာပါပဲ။

အချင်းချင်းစောင်းမြောင်းတဲ့ပို့စ်တွေ

အမျိုးသမီးတွေ များသောအားဖြင့် ကြုံကြရတတ်ပါတယ်။ အချင်းချင်း စောင်းမြောင်းပြောဆိုကြတဲ့ ပို့စ်တွေဟာ တော်တော်ကို စိတ်ရှုပ်စရာကောင်းသလို စိတ်ဆင်းရဲစရာလည်း ကောင်းပါတယ်။ တစ်ခါတရံ ကိုယ်နဲ့ သက်ဆိုင်တဲ့ပို့စ်တွေ မဟုတ်ဘဲ ကိုယ့်အကောင့်ထဲက လူတွေ တစ်ယောက်နဲ့ တစ်ယောက် စောင်းမြောင်းနေကြတာကို မြင်တွေ့ရရင်တောင်မှ စိတ်ရှုပ်၊ စိတ်ညစ်ရတတ်ပါတယ်။ ဒီလို စောင်းမြောင်းရေးသားတာတွေ ဖတ်ပြီး ကြားကနေ မျက်နှာပူအားနာကြတာမျိုးတွေ ခံစားခဲ့ကြဖူးမှာပါ။

စိတ်ဆင်းရဲစရာတွေ ကျော်ပစ်ပါ

အွန်လိုင်းပေါ် မိုးလင်းမိုးချုပ် ရှိနေကြတဲ့ သူတွေအတွက်ကတော့ အထက်ကပြောခဲ့တဲ့ အရာတွေကို အမြဲမြင်တွေ့နေကြရမှာပါပဲ။ ဒီလို မြင်တွေ့ရတဲ့အခါ ကိုယ်နဲ့ မသက်ဆိုင်သည့်တိုင်အောင် စိတ်ရှုပ်ရတာတွေ ခံစားရတတ်တဲ့အတွက် အဲဒီလို ပို့စ်တွေ တက်လာခဲ့ရင် အများကြီး လိုက်ဖတ်မနေပါနဲ့တော့။ ကိုယ့်ရဲ့ ပို့စ်မှာ အားမနာတမ်း ကိုယ့်ကို စိတ်ညစ်အောင် စိတ်ထိခိုက်အောင် လာပြောဆိုနေတဲ့ သူငယ်ချင်းတွေကိုလည်း Unfriend လုပ်လိုက်ပါ။ သူ ဒီလို ပြောလိုက်ရင် ကိုယ်စိတ်ဆင်းရဲသွားမယ်ဆိုတာ သိရဲ့သားနဲ့ တမင်ပြောဆိုနေတဲ့သူတွေကို အားမနာဘဲ ကိုယ့်အကောင့်ထဲကနေ ထုတ်ပယ်ပစ်လိုက်ပါ။ ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ အွန်လိုင်းက စိတ်ရှုပ်စရာတွေကို ကျော်ပစ်လိုက်လို့ရပါတယ်။

အွန်လိုင်းက ဘဝပါ

အွန်လိုင်းက ဘဝမဟုတ်ဘူးလို့ တချို့တွေ ပြောနေကြတာ ကြားဖူးကြမှာပါ။ တကယ်တော့ အွန်လိုင်းက ဘဝအစစ်အမှန်ပါပဲ။ အွန်လိုင်းပေါ်ကနေ အသိပညာ၊ ဗဟုသုတ၊ အတတ်ပညာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေလို့ရပါတယ်။ ကိုယ်သာ မဟုတ်တဲ့အရာတွေမှာ အချိန်ကုန်ခံမနေဘဲ တကယ်အကျိုးရှိတဲ့ အရာတွေကို အွန်လိုင်းပေါ်ကနေ အသုံးချပြီး ရှာဖွေမယ်ဆိုရင် ကိုယ့်ရဲ့ ဘဝတက်လမ်းကို အွန်လိုင်းပေါ်ကနေ ရှာဖွေလို့ရနိုင်ပါတယ်။ အွန်လိုင်းပေါ်ကနေ စီးပွားရေးရှာလို့လည်း ရနိုင်တာ ဖြစ်တဲ့အတွက် တတ်နိုင်သမျှ အွန်လိုင်းက အကျိုးအမြတ်ရရှိမယ့်အရာတွေကိုသာ ယူပါ။ စိတ်ဆင်းရဲစရာတွေကို ဘဝထဲ အသယ်မခံပါနဲ့။

Business Development manager မလွင်မေသူကတော့ အွန်လိုင်းပေါ်က စိတ်ညစ်စရာတွေ နဲ့ ဒီလို စိတ်ညစ်စရာတွေကို ဘယ်လို ဖြေရှင်းတတ်သလဲဆိုတဲ့အကြောင်း Duwun ကို ခုလိုပြောပါတယ်။

" online shop ရောင်းတဲ့ အကောင့်တွေက ခဏခဏ လာအပ်တာမျိုးတွေ၊ ကိုယ့်ဘာသာ ဘာတင်တင် (စိတ်မလုံသူတချို့က) စောင်းပြောတည့်ပြောသလားဆိုပြီး မက်စင်ဂျာကနေ ပြန်ဖြေရှင်းကြသူတွေ၊ ဘယ်ချိန်ဖြစ်ဖြစ် ဘာနေနေ အမြဲ ခွီနေတာက်ု ကြည့်မရလို့ တကူးတက ဖုန်းဆက်ပြီး စိတ်မညစ်တတ်တဲ့နည်းမေးတဲ့ လုပ်ရပ်တွေ၊ တချို့ တစ်ဖက်စောင်းနင်အမြင်တွေနဲ့ရေးတဲ့ စာတချို့တွေက အွန်လိုင်းပေါ်က စိတ်ညစ်စရာတွေပါပဲ။ အရင်ကတော့ စိတ်ညစ်ဖူးတယ်။ ခုတော့ ကျော်ခွ ကြည့်လိုက်တာပဲ။ မတုန့်ပြန်ချင်တော့ဘူး။ အွန်လိုင်းပေါ်က စိတ်ညစ်စရာတွေကြောင့် စိတ်ညစ်နေတဲ့သူတွေကို ပြောချင်တာက ကိုယ့်ကို တိုက်ခိုက်တဲ့ post လို့ထင်ရင်တောင် ဆုံးအောင် မဖတ်ဘဲ ရှောင်လိုက်ပါ၊ online မှာ ကျန်းမာရေး အတွက်ကြည့်မလား၊ အလှအပအတွက်ကြည့်မလား ကိုယ့်ဘဝလေး လှပ ကျေနပ်အောင်ပြင်ဆင်နည်းတွေသင်ယူလို့ ရပါတယ်။ ဘာမှရှာမကြည့်တတ်တော့ရင်တောင် ကာတွန်းကားကြည့် ပြီး ရယ်နေရင် အသက်ရှည်တယ်၊ အရွယ်တင်နုပျိုပါတယ်"

အွန်လိုင်းပေါ်မှာ အမြဲအချိန်ကုန်နေရတဲ့သူတွေအတွက် စိတ်ဆင်းရဲစရာတွေဟာ ရှောင်လွှဲလို့မရနိုင်ဘူးဆိုပေမယ့် တတ်နိုင်သလောက်တော့ ကိုယ့်ဘဝပျော်ရွှင်အောင် နေဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့်

-အွန်လိုင်းကို အပျော်သဘောပေါ့ပေါ့ပါးပါးသုံးပါ

-အွန်လိုင်းကနေ ကိုယ့်အတွက် အကျိုးအမြတ်ရမယ့်အရာတွေရှာဖွေပါ

-အပြင်လောကနဲ့ တိုက်ရိုက်ထိတွေ့ပါ

-မိုးလင်းမိုးချုပ် ဖုန်းနဲ့ မျက်နှာ အပ်ထားတဲ့ အခြေအနေကနေ ရုန်းထွက်ပါ

-လိုင်းပေါ်က သူငယ်ချင်းတွေနဲ့ ဖုန်းကနေ စကားပြောဆိုနေတာထက် အပြင်လောကက သူငယ်ချင်းတွေနဲ့ တွေ့ဆုံစကားပြောပါ

-လိုင်းပေါ်က ဝေဖန်မှုတွေအပေါ် အရမ်းစိတ်မနှစ်ထားပါနဲ့

ဒီအချက်လေးတွေကိုသာ လိုက်နာလိုက်မယ်ဆိုရင် အွန်လိုင်းပေါ်က စိတ်ဆင်းရဲစရာတွေဟာ ကိုယ့်ရဲ့ ဘဝထဲ တတ်နိုင်သမျှ ရောက်မလာဘဲ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ အွန်လိုင်းအသုံးပြုလို့ ရသွားနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ စိတ်ဆင်းရဲကင်းနိုင်ကြပါစေ။

 


ဆက်စပ်အကြောင်းအရာများ


Author


က္က