သီချင်းဆိုပြိုင်ပွဲဝင်ချင်တာလား ၊ Application မှာ သီချင်းဆိုချင်တာလား။ ဒါတွေတော့ သိထားဖို့လိုမယ်နော်။
Thin Nu Swe

အဆိုဝါသနာပါသူတွေအတွက် အဆိုပိုင်းဆိုင်ရာ ဗဟုသုတတွေနဲ့ လေ့လာလိုက်စားသင့်ပါတယ်။

ဒီဘက်ခေတ်မှာ အဆိုပြိုင်ပွဲတွေ အများကြီး ဖြစ်ပေါ်လာသလို အဆိုပိုင်းကို ဝါသနာပါတဲ့ ကောင်မလေးတွေ အများကြီး ထွက်ပေါ်လာပါတယ်။ အဆိုပြိုင်ပွဲတွေကတဆင့် ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး အောင်မြင်မှုရရှိအောင် လုပ်လို့ရတဲ့ ခေတ်ကို ရောက်ရှိလာပါပြီ။ ဒါတင်မက သီချင်းဆိုတဲ့ Application တွေကနေလည်း ဝါသနာအရသီချင်း တစ်ဦးတည်းဆိုတာတွေ ၊ စုံတွဲဆိုတာတွေ ၊ အုပ်စုလိုက် သီဆိုကြတာတွေရှိလာပါတယ်။ Application တွေမှာ သီချင်းသီဆိုရင်းနဲ့လည်း လူသိများကျော်ကြားတာတွေအထိ ဖြစ်လာကြပါတယ်။ ဒါပေမယ့် သီချင်းအဆိုကောင်းလို့ လူကြိုက်များလာတာ ရှိသလို သီချင်းကို တလွဲတွေဆိုလွန်းလို့ အရှက်ကွဲရတာမျိုးတွေရှိပါတယ်။ ဒါကတော့ မြန်မာတစ်နိုင်ငံတည်းသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာမျိုးပါ။ ဒီတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ချင်လို့ အဆိုပြိုင်ပွဲတွေ ဝင်ပြိင်ချင်တာဖြစ်ဖြစ်၊ Application မှာ သီချင်းဆိုချင်တာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ရမယ့်အရာတွေ ရှိလာပါပြီ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါသလဲ။

ကိုယ့်အသံရဲ့ Key ကို သိရပါမယ်

 ကိုယ့် Key ကို မသိဘဲ သီချင်းဆိုလို့ မရပါဘူး။ ကီးအလွဲတွေ ဆိုနေရင် အတော် အူကြောင်ကြောင် နိုင်ပါတယ်။ ပြီးတော့ သီချင်းစဆိုကတည်းက ကီး အမြင့်ကြီးတွေ ဆိုနေမယ်ဆိုရင် တကယ် ကီးမြှင့်ဆိုရမယ့်နေရာမှာ အသံတွေ Relay ဖြစ်ပြီး ပျက်သွားတတ်ပါတယ်။ ကီးတလွဲကြီးတွေက ကိုယ့်ကို လူပုံအလယ်မှာ အရှက်ကွဲစေနိုင်ပါတယ်။

သီချင်းဆိုသူတွေအနေနဲ့လည်း လေ့လာသင်ယူမှုတွေလုပ်ရပါတယ်။ ၂၀၁၃ ခုနှစ်က ရှိုးတွေမှာ သီချင်းစဆိုခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အချစ်လွန်ရောဂါ ဆိုတဲ့ တေးသီချင်းအယ်ဘမ်ထွက်ရှိထားခဲ့တဲ့ အဆိုတော် သက်ဆုနဒီကလည်း သီချင်းသီဆိုမှုတွေ မလုပ်ခင်မှာ လေ့လာသင်ယူခဲ့ရတာတွေ အမြောက်အမြားပါပဲ။

“သက်ဆုက အဆိုပိုင်းဆို စစချင်း လုပ်တုန်းက ဒီလောကနဲ့လည်းဝေးတော့ ဘာမှမသိဘူး။ Notes တွေဖတ်တာက စသင်ဖြစ်တယ်။ ၂၀၁၁ လောက်ကပေါ့နော်။ အိမ်မှာပဲ တီချယ်ခင်မြတ်မွန် နဲ့ပထမဆုံးသင်ဖြစ်တယ်။ တီချယ်နဲ့က Notes ဖတ်တတ်အောင် တူရိယာတစ်ခုနဲ့စသင်တယ်။ ပြီးမှ အင်္ဂလိပ်သီချင်းတွေ နားထောင်ပြီး စာသားနဲ့ အသံထွက်ပီအောင် စသင်တယ်။ အင်္ဂလိပ်သီချင်းတွေက Country road တို့ ဘာတို့လို အရင်ခေတ်က သီချင်းလေးတွေများတယ်။ နောက် အန်တီနော်လီဇာနဲ့ သီချင်းတွေနည်းနည်းသင်ဖြစ်တယ်။ သက်ဆုက အဆိုပိုင်းအားနည်းတာကော ကိုယ့်ကိုကိုယ် လည်းအားမရ၊ Rangeလည်း ကျဉ်းတော့ Vocal guide ဆရာအမြဲ ရှိတယ်။ ဆရာက ဦးမောင်ကြီး ပေါ့နော်။ ဆရာဆိုရင် သက်ဆုပထမအခွေမလုပ်ခင်ထဲက တစ်ပတ် ၄ရက်လောက် အိမ်မှာ အမြဲ Warm up လုပ်တယ်။ ပြီးမှ ပီယာနိုတီးပြီး Notes တစ်လုံးချင်း နားထောင်ပြီးဖမ်းခိုင်းတယ်။ အဲ့ကမှ ကျူနင် ခိုင်လာတော့မှ သီချင်းတွေဆိုဖြစ်တာ။ ကြားထဲမှာတော့ ၂၀၁၅ လောက်ကဆို ဆရာအိမ်မင်းထက် ရယ် တီချယ် Prof. Sigune von Osten နဲ့ သင်ဖြစ်တယ်။ အဲ့မှာတော့ တစ်ယောက်တည်းကော၊ ဂရုကော။ Sight-singing တို့ Choir တို့ ဂရုနဲ့ဆိုရင်တော့ ၂၀၁၅ မှ စသင်ဖြစ်တာ။ အဲ့မှာဆို တီချယ့်ဆီက ရလိုက်တာ Rhythmပေါ့နော်။ တူနဲ့ကျင့်တယ်။ လမ်းလျှောက်ပြီးကျင့်တယ်။ ဂရုနဲ့ ဆိုတော့ အရမ်းသိသာတယ်။ Choir ဆိုမှ နည်းနည်းပိုသိလာတာ။ သက်ဆု သီချင်းသီးသန့်ကျတော့ ဆရာတွေ ဂစ်တာတီး ပီယာနိုပေး မှဆိုတတ်တာများတယ်။ ငယ်ငယ်ကတော့ အော်ဆိုတာပေါ့။ ကြီးလာတော့ ကိုယ်လွဲနေတာသိတော့ မဆိုရဲဘူး။ ဒါတောင် သက်ဆု မနိုင်တဲ့ Pitch တွေအော်ဆိုပြီး အသံတော်တော်အက်သွားလို့ မဆိုဘဲနားလိုက်ရသေးတယ်။ အဲ့ဒါကြောင့်အခုနောက်ပိုင်းတော့ အရမ်းသတိထားရတယ်။ သက်ဆုက ဖုန်ဝင်တာဖြစ်ဖြစ် အပူအအေးကြောင့်ဖြစ်ဖြစ် အမြဲ လည်ချောင်းနာတာ ။ အဲ့ဒါ သီချင်းဆိုခါနီးတော့ ရေခဲရေ ဘာညာရှောင်တယ်။ ဆီအရမ်းများတဲ့အကြော်ဘာညာ ရှောင်တယ်။”    

ရေ ဒါမှမဟုတ် ရေနွေးသောက်ပါ

သီချင်းဆိုချင်တဲ့သူအတွက် ၊ အသံအသုံးပြုရမယ့်သူအတွက် လည်ချောင်းက အရမ်းအရေးကြီးပါတယ်။ အသံရှင်းရှင်းလင်းလင်း ထွက်နေစေဖို့ ရေခဲရေ ၊ အချိုရည် ၊ ဆီကြော် ၊ မုန့်တွေနဲ့ နို့ထွက် ပစ္စည်းတွေဟာ အနှောင့်အယှက် အတားအဆီးတွေပါ။ ဒီအစားအစာတွေကို မကြာခဏစားသုံးမိတယ်ဆိုရင် လည်ချောင်းမရှင်းဖြစ်စေပြီး အသံကိုပါ ပျက်စေပါတယ်။ ဒါ့ကြောင့် ရှောင်ကြဉ်ရမယ့် စာရင်းထဲ ထည့်ထားရပါမယ်။

2011 melody worldပြိုင်ခဲ့ပြီး top ten list စာရင်းထဲပါဝင်ခဲ့ကာ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့သူ၊ The Voice Myanmar 2019 ပြိုင်ပွဲမှာလည်း လူသိများလာခဲ့တဲ့ အဆိုတော် ပန်ပန်ကြေးမုံကလည်း အဆိုပိုင်းနဲ့ ပတ်သက်ပြီး ရှောင်ရဆောင်ရတာလေးတွေ ရှိခဲ့ပါတယ်။

“ဘာတွေပြင်ဆင်လဲဆိုရင် သီချင်းများများနားထောင်ပါတယ်။ update တွေရော oldiesတွေရောပေါ့။ အင်္ဂလိပ်သီချင်းတော့ပိုများပါတယ်။ ဘာတွေလေ့ကျင့်လဲဆိုတော့ သီချင်းနားထောင်ရင်း သူတို့ဆိုသွားတဲ့လေယူလေသိမ်းလေးတွေကို လိုက်လုပ်ကြည့်တယ်။ ကိုယ်သာဆိုရင် အဲ့လိုနေရာလေးတွေမှာ ဘယ်လိုဆိုတတ်မလဲ ဆိုနိုင်မလဲ လုပ်ကြည့်ပါတယ်။ အဲ့ဒါငယ်ကတည်းက အခုထိပါပဲ အဲဒီလိုပဲ လေ့လာတယ်လေ့ကျင့်ပါတယ်။ ဘာတွေရှောင်ကြဉ်လေ့ရှိသလဲဆိုရင် အဓိက ကြောက်တာကတော့ ဖုန်ရယ် ၊ ဆေးလိပ်ငွေ့ရယ် ၊ အချိုရည်တွေရယ်ပါပဲ။ မပန်ကအဆုတ်သိပ်မကောင်းလို့ပါ။”

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

သီချင်းဆိုမယ့် သူတစ်ယောက်အတွက် အသက်ရှူလေ့ကျင့်ခန်းက အရမ်းကို အရေးကြီးဆုံးအရာပါပဲ။ ဒါ့ကြောင့် အသက်ရှူလေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ပေးရပါမယ်။ နှာခေါင်းနဲ့ အသက်ရှူပြီး ပါးစပ်ကနေ ပြန်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ရမှာပါ။ ဝမ်းဗိုက်ကြွက်သားကို အသုံးပြုပြီး ရှူသွင်း ရှူထုတ်လုပ်ပါ။ ဒီလိုမျိုး အသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် အသံ အနိမ့်အမြင့်တွေ ၊ Key အပြောင်းအလွဲတွေနဲ့အတူ သီချင်းဆိုနေချိန်အတွင်း ဘယ်လို အသက်ခိုးရှူရမလဲဆိုတာတွေကိုပါ နားလည်သွားပါလိမ့်မယ်။

ပြန်ဆန်းစစ်ပါ

သီချင်းဆိုလေ့ကျင့်နေချိန်အတွင်းမှာ ကိုယ်သီဆိုတဲ့အသံကို Record လုပ်ထားပါ။ ပြီးရင် ထပ်ခါတလဲလဲ ပြန်လည်နားထောင်ကြည့်ပါ။ သီချင်းဆို လေ့ကျင့်နေချိန်မှာလည်း ကိုယ့်ရဲ့ ပါးစပ်အနေအထားဟာ ဘယ်လို ပုံစံလဲဆိုတာ သိရအောင် မှန်ရှေ့မှာ လေ့ကျင့်ပါ။ ကိုယ် ဘယ်နေရာမှာ လွဲနေသလဲဆိုတာတွေကို ထပ်ခါထပ်ခါ ဆန်းစစ်ရင်း လေ့ကျင့်ပြီး အမှန်ကို ပြန်ပြောင်းယူပါ။

လေ့လာသင်ယူပါ

နိုင်ငံတကာမှာဖြစ်ဖြစ် ၊ ပြည်တွင်းမှာဖြစ်ဖြစ် အဆိုပိုင်နိုင်ကျွမ်းကျင်သူတွေရဲ့ တေးသီချင်းတွေကို နားထောင်ကြည့်ပါ။ သီချင်းသီဆိုရာမှာ သူတို့ရဲ့ Key အပြောင်းအလဲတွေအပေါ် ပညာယူလေ့လာပါ။ သီချင်းဆိုနေစဉ် အသံနေအသံထား ၊ အနိမ့်အမြင့် ၊ သက်ဝင်စီးမြောမှုစတာတွေအပေါ် သေချာမြင်အောင် ကြည့်ရှူပြီး ကိုယ်ကိုယ်တိုင်လည်း လေ့ကျင့်ယူပါ။

ရန်ကုန်ဂီတလောကကို 2006မှာစရောက်ခဲ့ပြီး သီချင်းရေး သီချင်းဆိုတဲ့အပြင် Hangover Acappella အဖွဲ့ကိုလည်း ဦးဆောင်နေတဲ့ သူတစ်ဦးရဲ့ အဆိုပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဝေမျှမှုတွေကိုလည်း ပြောပြပေးချင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အရပ်ရှစ်မျက်နှာ ဆိုတဲ့ တေးအယ်ဘမ်ထွက်ထားပြီး Voice Trainer တစ်ယောက်ဖြစ်တဲ့ ကီးရှိန်းရဲ့ အဆိုပညာပိုင်းဆိုင်ရာတွေကိုလည်း ဝေမျှပေးမှာပါ။

“ကျနော်လေ့လာနေရသလောက် ပြန်ဝေငှရမယ်ဆိုရင်...ဘယ်ပညာရပ်မဆို စု,တု,ပြု ဆိုတဲ့အဆင့်သုံးဆင့် ကိုတော့ မလွဲမသွေဖြတ်ကျော်ရမှာပဲပေါ့နော်။ ပထမအဆင့်က ကိုယ်ဝါသနာတကယ်ပါတယ်ဆိုရင် စနစ်တကျလေ့လာသင်ယူဆည်းပူးရမှာပေါ့နော်။ ဝမ်းစာဖြည့်တဲ့အဆင့်ပေါ့။ တချို့က သီချင်းဆိုတာ သင်စရာမလိုဘူးလို့ပြောကြတယ်၊ အဲ့ဒါမှားပါတယ်။ တကယ်တော့ ဘယ်ပညာရပ်မဆိုစနစ်တစ်ကျ သင်ယူလေ့လာမှသာ ရေရှည်အတွက်ကောင်းတာပါ။ ကိုယ့်ကိုတကယ်နည်းမှန်လမ်းမှန် လမ်းပြပေးနိုင်မဲ့ဆရာကောင်း၊ သင်တန်းကောင်း၊ ကျောင်းကောင်းတွေလည်းလိုတာပေါ့နော်။ ဒုတိယအဆင့်က 'တု' တဲ့အဆင့်ပေါ့။ ဒါကတော့ကိုယ်အားကျရတဲ့Artistတွေရဲ့ သီချင်းတွေ ကိုယ်ကြိုက်တဲ့Musicပုံစံတွေကို လိုက်ကျင့် လိုက်တုတဲ့အဆင့်ပေါ့ ။ လိုက်တီးလိုက်ဆိုပေါ့။ တချို့က အဲ့ဒီအဆင့်မှာပဲရပ်နေတတ်တယ်။ အဲဒီလိုမဖြစ်ဖို့တော့အရေးကြီးတယ်။ နောက်ဆုံးကတော့'ပြု'တဲ့အဆင့်ပေါ့။ ကိုယ်တိုင်ဖန်တီးတာ ပြုလုပ်တာပေါ့။ ခုနကဝမ်းစာတွေကိုပြန်အသုံးချပြီး ကိုယ်ကိုယ်တိုင် ကိုယ့်ပုံစံပြန်ရှာဖွေဖော်ထုတ်ဖန်တီးရတဲ့အဆင့်ပြီးရင်တော့ ပရိတ်သတ်ကိုချပြရမှာပေါ့"

အဆိုပညာကို လေ့လာလိုသူတွေအတွက် အခြေခံကနေ စတင်လေ့လာသင်ယူသင့်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းဖို့ ၊ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်အလက်လေးတွေကတော့ တကယ်ကို အဆိုပိုင်းပညာရပ်မှာ ကျွမ်းကျင်သူ ၊ အဆိုတော်အဖြစ် ရပ်တည်နေသူ၊ အဆိုပြိုင်ပွဲတွေကတဆင့် အောင်မြင်လာသူတွေရဲ့ အတွေ့အကြုံတွေနဲ့ဝေမျှမှုတွေဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာမှာ အစွမ်းကုန်လင်းလက်တောက်ပနိုင်ကြပါစေ။


က္က