တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ ခရီးထွက်နေကြတဲ့ မဒီတို့အတွက် ခရီးသွားနေချိန်အတွင်းမှာ ရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေအကြောင်းပြောပြပေးချင်ပါတယ်။
Thin Nu Swe

ခုလို ရုံးပိတ်ပြီဆိုတာနဲ့ ခရီးထွက်ဖို့ တာဆူနေကြတဲ့သူတွေအများကြီးဖြစ်နေပါတယ်။ ခုတောင်မှ ခရီးထွက်နေကြပြီလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခရီးထွက်ပြီဆိုရင်တော့ လုပ်ငန်းခွင်ထဲကနေ ၊ နေ့စဉ်ကျင်လည်နေရတဲ့ ရပ်ဝန်းတွေထဲကနေ ရုန်းထွက်ပြီး ပတ်ဝန်းကျင်အသစ် ၊ မြင်ကွင်းသစ်၊ ရှူရှိုက်ရတဲ့ လေအသစ်တွေနဲ့ စိတ်တွေ ပြန်လည် လန်းဆန်းချင်ကြတဲ့ သူတွေချည်းပါပဲ။ ဒီတော့ ဒီလို ပိတ်ရက်ကလေးမှာ စိတ်အပန်းပြေစေဖို့ ကြိုးစားကြတဲ့နေရာမှာ စိတ်အနှောင့်အယှက်တွေ မဖြစ်ရလေအောင် ဘယ်လိုအရာတွေကို ရှောင်ကြဉ်သင့်လဲဆိုတာကို နည်းနည်းလေးပြောပြပေးချင်ပါတယ်။

အလုပ်တွေအကြောင်းတွေးပြီး နောက်ဆံငင်နေတာ

ကိုယ့်ရဲ့ အလုပ်တွေကြားထဲက ရုန်းထွက်ပြီး တစ်နှစ်တာ ပင်ပန်းခဲ့သမျှတွေကို အပန်းဖြေဖို့ ကြိုးစားတဲ့ နေရာမှာ အလုပ်ကြောင့် နောက်ဆံငင်နေတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ ဒီပိတ်ရက်ကလေးတော့ ကိုယ့်ရဲ့ စိတ်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ အလုပ်တွေနဲ့ ကိုယ့်စိတ်တွေကို ချည်နှောင်နေတာမျိုးတွေ၊ လူမှုရေး စီးပွားရေးအပူတွေကို ပူလောင်နေတာမျိုးတွေကို ခဏတဖြုတ်မေ့ဖျောက်ထားပြီး ပတ်ဝန်းကျင်ရေမြေလေ အသစ်စက်စက်တွေ အပေါ်မှာ စိတ်ကို လွတ်လွတ်လပ်လပ် စီးမြောလိုက်ပါ။

ကိုယ့်ရဲ့ ဘတ်ဂျက်ကို ဂရုမစိုက်ဘဲ သုံးချင်သလိုသုံးတာ

လူမှုရေးအပူ ၊ စီးပွားရေးအပူတွေကို မေ့ဖျောက်ထားပါဆိုပေမယ့် ကိုယ့်ဘတ်ဂျက်အပူကိုတော့ မေ့ဖျောက်ထားလို့ မရပါဘူး။ ကိုယ့်ရဲ့ ခရီးအသုံးစရိတ်အတွက် ဘယ်လောက်ထိသုံးစွဲမလဲဆိုတာ တွေးပြီးသားဖြစ်မှာပါ။ အဲဒီလစ်မစ်ထက် ကျော်လွန်အောင် မသုံးစွဲမိပါစေနဲ့။ မဟုတ်ရင် ခရီးက ပျော်စရာခရီးမဟုတ်တော့ဘဲ ပူစရာခရီးဖြစ်သွားပါလိမ့်မယ်။ ခရီးကပြန်လာပြီး လန်းဆန်းတက်ကြွမနေဘဲ ကိုယ့်ရဲ့ မွဲသွားတဲ့ ငွေတွေအပေါ် ပူပင်နေရတာမျိုးတွေ ဖြစ်နေရပါလိမ့်မယ်။ ဒါ့ကြောင့် ငွေကြေးကို မှန်းထားတဲ့ ဘတ်ဂျက်နဲ့ အညီ သုံးစွဲဖို့ လိုအပ်ပါတယ်။

ခရီးထွက်ရတာကို နှစ်ခြိုက်ပြီးခရီးမကြာခဏထွက်လေ့ရှိတဲ့ မကေဇာချမ်းငြိမ်းကလည်း ခရီးထွက်ချိန်တွေမှာစိတ်အနှောင့်အယှက်ဖြစ်ရတာတွေနဲ့ သူရှောင်ရှားလေ့ရှိတဲ့အရာတွေအကြောင်း Duwun ကို ခုလိုပြောပြပါတယ်။

“ခရီးထွက်ရင် တတ်နိုင်သမျှပေါ့ပေါ့ပါးပါးဖြစ်အောင်သွား မလိုတာတွေထားခဲ့ရမယ်။ ကိုယ်သွားမယ့်နေရာမှာ ဝယ်လို့ရနိုင်တာတွေဆိုရင် အလေးခံပြီးသယ်မသွားသင့်ဘူး။ သွားမယ့်ခရီးပေါ်မူတည်ပြီးတော့ အဝတ်အစားအသုံးအဆောင် သင့်တင့်သလောက်ပဲယူသွားသင့်တယ်။ နောက်တစ်ခုကတော့ အပျော်ခရီးထွက်တာဆိုရင် relax ဖြစ်ချင်လို့၊ ပင်ပန်းမှုတွေဖြေဖျောက်ဖို့ ၊ ပျော်ရွှင်ဖို့မို့လို့.. ခရီးထွက်ရင် နောက်ဆံငင်ရမယ့် အလုပ် ၊ လူမှုရေး ၊ စီးပွားရေး အစရှိတဲ့ ခံစားမှုတွေကနေ လွတ်မြောက်မှ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး သွားရမှာမို့ ဒီလိုအရာတွေနဲ့အတူ ခရီးမထွက်သင့်ပါဘူး ။ ဝမ်းပျက်စေမယ့် အစားအသောက်တွေရှောင်ရမယ်။ ရေအများကြီးသောက်တာမျိုးတွေရှောင်ရမယ်။ ခရီးရှည်ကို ကိုယ်ကကားမောင်းရမယ်ဆို အိပ်ရေးဝအောင်အိပ်ရမယ်။ ခရီးသွားရင် ကိုယ်သွားတဲ့နေရာက လူအရမ်းများရင်လည်း စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း သွားမယ်ဆို ကိုယ့်ဘေးနားကလူ အဆင်မပြေရင် ကိုယ်လည်းအဆင်မပြေဖြစ်မယ်။ သူငယ်ချင်းတွေနဲ့သွားမယ်ဆိုရင်လဲ အကျင့်စရိုက်မတူသူတွေနဲ့ တူတူခရီးသွားရင် စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။"

အစားအစာကို လက်လွတ်စပယ်စားသုံးတာမျိုး

နေရာဒေသတစ်ခုကို သွားရောက်တဲ့အခါမှာ အစားအစာတွေကလည်း ကိုယ်စားနေကျ အစားအစာတွေနဲ့ လုံးဝတူမှာမဟုတ်ပါဘူး။ ဒီတော့ ရောက်တဲ့နေရာတိုင်းမှာ အစားအစာတွေကို လက်လွတ်စပယ်စားသောက်ပစ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အစာနဲ့ မတည့်တာ ၊ ဝမ်းပျက်စေမယ့် အစားအစာတွေ စားသုံးမိတာမျိုးတွေ ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ ပျော်ရွှင်စရာခရီးလမ်းဟာ စိတ်ညစ်စရာခရီးလမ်းဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ခရီးလမ်းမှာ အစားအသောက်ကို ဆင်ခြင်ဖို့ကလည်း အထူးအရေးကြီးပါတယ်။

အကျင့်စရိုက်မတူညီသူတွေရဲ့ အပြုအမူတွေကို ဂရုစိုက်နေတာ

ခရီးသွားတဲ့နေရာမှာ ကိုယ်နဲ့ စရိုက်မတူသူတွေနဲ့တော့ တွေ့ဆုံမှာကတော့ မလွဲမသွေပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ ဘယ်လိုပဲ အကျင့်စရိုက်မတူတဲ့သူဖြစ်ပါစေ၊ ကိုယ်မကြိုက်နှစ်သက်တဲ့ အပြုအမူတွေ ၊ အပြောအဆိုတွေ ပြုမူတတ်သူနဲ့ တစ်ခရီးတည်း သွားနေရတယ်ဆိုရင်လည်း သူတို့ရဲ့ အပြုအမူ အပြောအဆိုတွေကို မသိဟန်၊ မမြင်ဟန် ၊ မကြားဟန် ပြုထားလိုက်ပါ။ ကိုယ်နဲ့ စရိုက်မတူတဲ့ သူတွေကြောင့်နဲ့တော့ ကိုယ့်ရဲ့ ခရီးမှာ အပျော်မပျက်ပါစေနဲ့။

ဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ မလွမ်းမြတ်ဝေကလည်း ခရီးသွားရာမှာ ရှောင်ရှားသင့်တဲ့ အရာတွေအကြောင်း Duwun ကို ပြောပြပါတယ်။

“သွားတဲ့ရက်ထက် ပိုပြီး အဝတ်အစားတွေအများကြီးထည့်တာမျိုးကို ရှောင်သင့်တယ်။ လိုအပ်တဲ့ အဝတ်အစားလောက်ပဲ ထည့်သင့်တယ်။ အဖွဲ့လိုက်သွားမယ်ဆိုရင်လည်း ကိုယ်တစ်ယောက်တည်းက ချွန်ထွက်ပြီး လုပ်ချင်တာတွေ များနေတာမျိုးတွေ ရှောင်သင့်တယ်။ ရောက်ရာနေရာမှာ ဓာတ်ပုံတွေ အများကြီးရိုက်ချင်နေတာမျိုး ၊ အဖွဲ့က ကိုယ့်ကို ပြန်ပြန်စောင့်နေတာမျိုးတွေ ရှောင်သင့်တယ်။”

ခရီးမှာ လုပ်ချင်တာတွေများနေတာ

တစ်ခါတလေ ကိုယ်က သူများရဲ့ အပြုအမူကို စိတ်အနှောင့်အယှက်ဖြစ်မိတာတွေ ရှိသလို သူများကလည်း ကိုယ့်ရဲ့ အပြုအမူတွေကို စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဘယ်လိုအပြုအမူတွေက သူများကို စိတ်အနှောင့်အယှက်ဖြစ်စေတာလဲဆိုရင်တော့ ခရီးမှာ လုပ်ချင်တာတွေများနေတာ ၊ ကိုယ့်ကို သူများတွေက အကြာကြီးစောင့်နေရတာမျိုးတွေက အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ခရီးလမ်းမှာ ကိုယ်ကလည်း သူတပါးရဲ့ စိတ်အနှောင့်အယှက်တွေကို မယူဘဲနေသလို ကိုယ့်ရဲ့ အပြုအမူတွေကလည်း သူတပါးကို စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

သတိလက်လွတ်နေထိုင်မိတာ

ခရီးမှာ ကိုယ့်ရဲ့ အသုံးအဆောင်ပစ္စည်းတွေ ၊ အင်္ကျီအဝတ်အစားတွေနဲ့ ပိုက်ဆံအိတ် ၊ ဖုန်း စတာတွေကို သတိလက်လွတ် ထားမိတာ ၊ မေ့သွားတာမျိုး မဖြစ်ပါစေနဲ့ ။ ကိုယ်နဲ့ မကွာဆောင်ထားရတဲ့ ပစ္စည်းတွေကော ၊ ကိုယ့်ရဲ့ အိတ်ထဲက ပစ္စည်းတွေကိုပါ မမေ့မလျော့ စစ်ဆေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ခရီးသွားတာဖြစ်တဲ့အတွက် မေ့ကျန်ခဲ့တာ ၊ ပျောက်ရှသွားတာဆိုတာမျိုးတွေကလည်း ပြန်ရဖို့ မသေချာတော့ပါဘူး။ ဒါ့ကြောင့် ခရီးမှာ ပျော်ပါ၊ သတိလက်လွတ်တော့ မနေထိုင်မိပါစေနဲ့ ။

မြန်မာပြည်အနှံ့ ခရီးသွားအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူဖြစ်တဲ့ အိမ့်မျက်ခြယ်ကလည်း ခရီးမှာ လုံးဝရှောင်ရှားသင့်တဲ့ အချက်တွေကို Duwun ကို ခုလိုပြောပြပါတယ်။

"သက်သောင့်သက်သာမရှိတဲ့ဖိနပ်တွေကို လှချင်ရုံသက်သက် သယ်သွားတာစီးတာမျိုးတွေ၊ လိုအပ်တာထက်ပိုပြီး ဝန်ထုပ်ဝန်ပိုးတွေသယ်တာမျိုးတွေ၊ အတူတူသွားလာကြတဲ့သူတွေ အခက်တွေ့အောင် အစားအသောက် အနေအထိုင် ဇီဇာကြောင်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါ့အပြင်ကိုယ်သွားရောက်ပတ်တဲ့ နေရာဒေသရဲ့ ဓလေ့ထုံးစံတွေကို လေးစားမှုမရှိတာမျိုးတွေ ၊ ဒေသရဲ့ အလှအပတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေ ပျက်စီးစေတဲ့ အပြုအမူတွေ၊ ဒေသခံတွေရဲ့ လူနေမှုဘဝပုံစံတွေကို မထီလေးစား ပြုမူပြောဆိုမှုတွေ ဒါတွေကို လုံးဝရှောင်ရှားသင့်ပါတယ်။"

ဒီအချက်တွေကို ခရီးမှာ ရှောင်ကြဉ်သွားမယ်ဆိုရင်တော့ ပိတ်ရက်မှာ ထွက်လိုက်ရတဲ့ ခရီးမှာ ပျော်ရွှင်လန်းဆန်းမှုအပြည့်ဖြစ်နေမှာပါ။ မဒီတို့လည်း အပန်းဖြေခရီးလမ်းတစ်လျှောက် ပျော်ရွှင်ဘေးကင်းကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။


က္က