မိန်းကလေးတွေ တကယ်အချစ်ခံရပြီဆိုရင် ဘာမှအထူးတလည်လုပ်ယူနေစရာမလိုဘဲ ကိုယ့်ရဲ့ ပုံစံအတိုင်းကိုပဲ ချစ်မြတ်နိုးခံရတာမျိုးပါ။
Thin Nu Swe

ဒီတစ်ခေါက်တော့ ရုပ်ရှင်ချစ်တဲ့ မဒီတွေအတွက် အချစ်ကားလေးတွေ ညွှန်းချင်ပါတယ်။ မိန်းကလေးတွေ ချစ်မြတ်နိုးခံရတဲ့အခါ ဘာမှလုပ်ယူနေစရာမလိုဘဲ ကိုယ့်ရဲ့ ပုံစံကိုမှ ချစ်မြတ်နိုးတယ်ဆိုတာမျိုးကို ကြုံတွေ့ကြရတာပါ။ ချစ်သူကို အလိုလိုက် အကြိုက်ဆောင်နေစရာမလိုဘဲ ကိုယ့်ရဲ့ ပုံစံကိုမှ အထူးတလည်ချစ်တဲ့အချစ်မျိုးကိုမှ အချစ်စစ်လို့ ခေါ်လို့ရမှာပါ။ အချစ်ကို ရုပ်ရှင်ဒါရိုက်တာတွေ ၊ စာရေးဆရာတွေ သီချင်းရေးဆရာတွေ နဲ့ ကဗျာဆရာတွေက ပုံစံအမျိုးမျိုးနဲ့ ပုံဖော်သီကုံးနေကြတာပါပဲ။ ကဲ...ခုတော့ အချစ်စစ်နဲ့ အချစ်ခံရတဲ့ ကောင်မလေးတွေအကြောင်း ရိုက်ထားတဲ့ အချစ်ဇာတ်ကားကောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

I Feel Pretty

ဒီရုပ်ရှင်ကားလေးကတော့ 2018 ခုနှစ် ဧပြီက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားလေးပါ။ I Feel Pretty လို့အမည်ရပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Abby Kohn နဲ့ Marc Silvertein တို့က တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးထားတာပါ။ ဒီဇာတ်ကားထဲမှာတော့ Amy Schumer ၊ Michelle Williams၊ Emily Ratajkowski ၊ Rory Scovel ၊ Aidy Bryant ၊ Busy Philipps ၊ Tom Hopper၊ Naomi Campbell နဲ့ Lauren Hutton တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ဆိုးလို့ ဘယ်သူကမှ ဂရုတစိုက်ပြောဆိုတာမျိုးမလုပ်ကြဘူးလို့ တွေးထင်ပြီး လှတဲ့ကောင်မလေးတိုင်းကို အားကျနေတဲ့ ရီနေးဟာ လှဖို့အတွက် ဘယ်လောက်ကြိုးစားနေပါစေ ဖြစ်မလာခဲ့ရှာပါဘူး။ နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ထက်မြက်တဲ့ အမျိုးသမီးဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်ဇာတ်ကားက ဟာသဇာတ်မြူးဖြစ်လို့ ကြည့်နေရတဲ့ တစ်လျှောက်လုံးမှာ ခပ်ဝဝမိန်းမတစ်ယောက်ရဲ့ အူကြောင်ကြောင် ဇာတ်ရုပ်တွေကို သဘောတကျကြည့်ရှုရမှာဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ အလှအပဟာ အပြင်ပန်းမဟုတ်ဘဲ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် လှပတင့်တယ် ထက်မြက်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားကို ပေးပါတယ်။

ဘယ်လောက် ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးနေတယ်ထင်ပါစေ…ယုံကြည်မှုအပြည့်ရှိပြီး အရာရာကို လုပ်ရဲကိုင်ရဲတဲ့ သတ္တိအပြည့်ရှိနေမယ်ဆိုရင် လူရာဝင်နေမယ်၊ ဘယ်လောက်ပဲ ချောမောလှပနေပါစေ သူ့မှာလည်း ကိုယ့်ကိုယ်ကိုယ် မလုံမလဲစိတ်နဲ့ သိမ်ငယ်မှုတွေရှိနေမယ် ၊ အရာရာဟာ စိတ်ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် မူတည်နေတယ်ဆိုတာကို ရိုက်ပြထားတဲ့ သဘောကျစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ရယ်မောရတဲ့အတွက် Stress တွေ ပြေစေသလို ဇာတ်ကားထဲကနေ ခွန်အားတွေ ၊ ယုံကြည်ချက်တွေကိုပါ ရရှိနိုင်စေလို့ ရုပ်ရှင်ကြိုက်တဲ့ မဒီလေးတွေအတွက် ဇာတ်ကားအညွှန်းလေးပေးလိုက်ရပါတယ်။ အဓိကအချက်ကတော့ ကိုယ်က ရုပ်ဆိုးနေတယ်လို့ ထင်နေတာကိုတောင် ကိုယ့်ရဲ့ ရုပ်ရည် ၊ ကိုယ့်ရဲ့ အပြုအမူတိုင်းကို ချစ်ပေးမြတ်နိုးပေးတဲ့ အမျိုးသားတစ်ယောက်ကတော့ ရှိနေဆဲပါပဲ။ ရီနေးဟာ ဝဝတုတ်တုတ် ရုပ်ဆိုးလေးဆိုပေမယ့် သူ့ကို တကယ်ချစ်မြတ်နိုးတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာနေရသူပါ။

Me Before You

နောက်ထပ်တစ်ကားကတော့ Me Before You ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Me Before You ရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ Thea Sharrock က ပုံဖော်ရိုက်ကူးထားပြီးနာမည်ကျော် မင်းသမီး Emilia Clarke နဲ့ မင်းသား Sam Claflin တို့ပါဝင်တဲ့ 2016 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jojo Moyes ရဲ့ Me Before You ဝတ္ထုကို သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါသကြီးသလို မောက်လည်းမောက်မာတဲ့ သူဌေးသား ဘဏ်လုပ်ငန်းရှင် မသန်စွမ်းတစ်ဦးနဲ့ သူ့ကို ပြုစုစောင့်ရှောက်ဖို့ လာတဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်ဟာ တကယ်ချစ်ခင်မြတ်နိုးခံရပြီဆိုရင် ကိုယ့်ကို စိတ်ချလုံခြုံမှုတွေ ပေးစွမ်းနိုင်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ စောင့်ရှောက်မှုအောက်မှာ ဘဝတိုးတက်မှုကို ရှာဖွေနိုင်တယ်ဆိုတဲ့ ရသကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားပြီး သွက်လက်ထက်မြက်သလို ရုပ်ရည်လည်းချောမောလွန်းတဲ့ ဘဏ်လုပ်ငန်းရှင်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် အာရုံကြောတွေ မလှုပ်ရှားနိုင်တော့ဘဲ တစ်ကိုယ်လုံးမလှုပ်ရှားနိုင်တော့ဘဲ သေမယ့်ရက်ကိုသာ စောင့်လင့်နေရပါတယ်။ သူ့ကို ပြုစုစောင့်ရှောက်သူ မိန်းကလေးကတော့ ဖက်ရှင်အမြင်မရှိသလို အူကြောင်ကြောင်နိုင်လှပြီး ချစ်သူကောင်လေးရဲ့ အလိုလိုက်အကြိုက်ဆောင်နေရတဲ့ သူပါ။ အလုပ်လုပ်နေတဲ့ ကော်ဖီဆိုင်ပိတ်သွားတာကြောင့် မင်းသားဆီမှာ ပြုစုစောင့်ရှောက်သူအဖြစ် လာရောက်လုပ်ကိုင်ရာကနေ

တစ်ဦးအပေါ် တစ်ဦး သံယောဇဉ်တွယ်သွားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ ချစ်သူရဲ့ အလိုကိုလိုက် အကြိုက်ကိုဆောင်နေမှ အချစ်ရေး ကံကောင်းတာမဟုတ်ဘဲ ကိုယ့်ရဲ့ ရှိရင်းစွဲ ပုံစံကသာ အချစ်စစ်ကို ရရှိနိုင်တာဖြစ်ကြောင်း ဒီဇာတ်ကားက မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်စရာ ၊ပျော်မြူးစရာ ၊ သနားစရာ ၊ ကြေကွဲဆို့နင့်စရာ အချစ်ဇာတ်ကားလေးကလည်း ပရိတ်သတ်တွေကို အဖမ်းစားနိုင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လို့နေပါတယ်။ မိန်းကလေးတွေပါမက ယောကျ်ားလေးတွေပါ အသည်းတစွဲစွဲနဲ့ ကြိုက်နှစ်သက်ရတဲ့ အချစ်ကားကောင်း တစ်ကားပါ။

What men Want

နောက်ထပ်တစ်ကားကတော့ What men want လို့ အမည်ရပါတယ်။ ဒီကားမှာတော့ မင်းသမီး Taraji P. Henson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Adam Shankman ဖြစ်ပြီး 2019 ခုနှစ် ဒီနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအချစ်ကားလေးပါ။ Taraji P. Henson ရဲ့ ကာရိုက်တာကတော့ ကိုယ့်ကိုယ်ကိုယ် မလှဘူးထင် ၊ စမတ်မကျဘူးထင်ပြီး အရာရာကို စိတ်ပူသိမ်ငယ်စိတ်နဲ့ မကျေမနပ်ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ယောကျ်ားတွေနဲ့အတူ ရင်ဘောင်တန်းအလုပ်လုပ်နေရပြီး ယောကျာ်းတွေလိုချင်တာ ယောကျာ်းတွေ ဖြစ်ချင်တာဘာလဲဆိုတာကို အပူတပြင်း သိချင်နေခဲ့သူရယ်ပါ။ တကယ်တမ်း ယောကျာ်းတွေ လိုချင်နေတာတွေကို သူသိရှိသွားချိန်မှာတော့ ယောကျ်ားဆိုတာမျိုးက လှတာမြင်ရင် လိုချင်နေကြတာချည်းပဲဆိုတာကို နားလည်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လိုချင်တာတွေနဲ့ စိတ်ထဲက ခံစားရတာတွေ မတူညီဘူးဆိုတာကို သိရှိနားလည်သွားခဲ့ပြီး လူတွေရဲ့ စိတ်ကို (အထူးသဖြင့် ယောကျာ်းတွေရဲ့ စိတ်ကို) နားလည်နိုင်အောင် မကြိုးစားဘဲ ကိုယ့်ရဲ့ ပုံစံအတိုင်း ပြုမူနေထိုင်တာက တကယ့်ဘဝဆိုတာကို လက်ခံသွားပါတော့တယ်။ အမျိုးသမီးတွေအတွက် ခွန်အားပေးတဲ့ ဇာတ်ကားဖြစ်ပြီး အရာရာလုပ်ယူနေမယ်ဆိုရင် ကိုယ်ပဲ မောမယ်ဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ သဘောကျနှစ်ခြိုက်စရာ ကားကောင်းလေးဖြစ်ပါတယ်။

ဒီကားလေးတွေကတော့ မိန်းကလေးတွေရဲ့ အချစ်ရေးအကြောင်းအပြင် ဘဝမှာ နေထိုင်လှုပ်ရှားရုန်းကန်မှုတွေကအစ အရာရာကို သူများသဘောကျနေထိုင်နေစရာမလိုဘဲ ကိုယ်ကိုယ်တိုင်က အရေးကြီးဆုံးဖြစ်ကြောင်းကို ဖော်ညွှန်းပြသထားတဲ့ ကားကောင်းတွေဖြစ်တာကြောင့် ရုပ်ရှင်ကို ကြိုက်နှစ်သက်ကြတဲ့ မဒီတို့ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


က္က