Thin Nu Swe

ခု ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ Crawl ရုပ်ရှင်ဇာတ်ကားကတော့ အမျိုးသမီးတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကို ရှင်းလင်းနေအောင် ပြသလိုက်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်ကတော့ ရေကူးချိန်ပီယံကောင်မလေးပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို Alexandre Aja က ရိုက်ကူးထားတာဖြစ်ပြီးတော့ သမီးဖြစ်သူနေရာကနေ Kaya Scodelario က သရုပ်ဆောင်ထားတာပါ။ ဖခင်ဖြစ်သူနေရာမှာတော့ Barry Peppe က သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်ကားအတွင်း အဓိကပါဝင်တဲ့ သရုပ်ဆောင်နှစ်ဦးပဲဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ဖခင်ရဲ့ လေ့ကျင့်သင်ကြားပေးမှုအောက်ကနေ ကျောင်းမှာ ရေကူးချန်ပီယံဖြစ်လာတဲ့ ကောင်မလေး။ ပြိုင်ပွဲမှာ ပထမမရဘူးဆိုရင် ငိုချင်တဲ့ကောင်မလေးကို အမြဲ အားပေးနှစ်သိမ့်ခဲ့တဲ့ ဖခင် နဲ့ ဒီကောင်မလေးဟာ ငယ်စဉ်ကတည်းက တစ်ဦးကို တစ်ဦး သိပ်ကို ခင်တွယ်ခဲ့ကြတဲ့ သားအဖဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အိမ်ခွဲနေခဲ့ကြပေမယ့် ဒီအဖေနဲ့ ဒီသမီးရဲ့ ချစ်ခြင်းမေတ္တာကတော့ စိမ်းမသွားကြပါဘူး။



ဇာတ်လမ်းစခဲ့တဲ့ တစ်နေ့ကတော့ ဒီအရွယ်ရောက်လာတဲ့ သမီး ပထမဆု မရတဲ့အချိန်မှာ စတင်ခဲ့တာပါ။ ပထမဆု မရတဲ့အချိန်မှာ ပထမဆုံး ကောင်မလေး သတိရမိသူက ဖခင်ပါပဲ။ မိုးရေတွေကြီးပြီး ရေတွေ လွှမ်းနေလို့ လမ်းတွေ ပိတ်ထားချိန်မှာတောင် တဇွတ်ထိုး တဇောက်ကန်း ကောင်မလေးဟာ ဖခင်နေထိုင်တဲ့ အိမ်ကို ရောက်ရှိသွားပါတော့တယ်။

အိမ်မှာ ဖခင်ကို နေရာစုံလိုက်လံရှာဖွေပေမယ့် မတွေ့တာကြောင့် စိုးရိမ်ပူပန်မှုပြည့်နေတဲ့ ကောင်မလေးဟာ နောက်ဆုံးမှာတော့ သတိလစ်မေ့မြောနေတဲ့ ဖခင်ရဲ့ ခန္ဓာကို ရအောင်ဆွဲထုတ်လိုက်ချိန်မှာတော့ ထင်မှတ်မထားတဲ့ အရာတွေနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။

မိချောင်းတွေ…..ကြောက်စရာကောင်းတဲ့ မိချောင်းတွေကို မရေမတွက်နိုင်အောင် မြင်တွေ့ရတော့ သွေးပျက်ခြောက်ခြားသွားတဲ့ ကောင်မလေး နဲ့ သေလုမြောပါးအခြေအနေတွေကို မကြာခဏရင်ဆိုင်ရပေမယ့် အသက်ဘေးက သီသီလေး လွတ်ခဲ့ရတဲ့ ဖခင်...။

ရေကူးပြိုင်ပွဲမှာ ပထမမရလို့ စိတ်တိုဝမ်းနည်းနေတဲ့ ကောင်မလေးဟာ အရာအားလုံးထက် အရေးကြီးတဲ့ အသက်ဘေးကို ရင်ဆိုင်ကြုံတွေ့ရတဲ့ အခါမှာတော့ သူ့ရဲ့ ရေကူးစွမ်းရည်တွေကို အပြည့်အဝ အသုံးချခွင့်ရသွားပါတယ်။ ဘဝမှာ ပြိုင်ပွဲတွေမှာ ပထမရဖို့အတွက်ထက် အသက်ရှင်ဖို့ ရုန်းကန်ရတာက ပိုပြီး အရေးကြီးတယ်ဆိုတာ သူ သိခွင့်ရသွားခဲ့ပါတယ်။

Crawl ရုပ်ရှင်ကားမှာ အသက်ငယ်ငယ် ကျောင်းသူ ကောင်မလေး ဖြစ်နေပေမယ့် တကယ်တမ်း အသက်ဘေးနဲ့ ကြုံလာတဲ့အခါ ဦးနှောက်ဉာဏ် ၊ ခွန်အားတွေကို သတ္တိရှိရှိ ရင်ဆိုင်လိုက်တဲ့ ကောင်မလေးကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပါ။

ငတ်မွတ်ပြီး အသည်းအသန် လုယက်စားသောက်နေကြတဲ့ မိချောင်းတွေရဲ့ ရန်ကနေလွတ်မြောက်အောင် ကြိုးစားနေရတဲ့အပြင် Category 5 အဆင့်ရှိတဲ့ Hurricane မုန်တိုင်းကြားမှာ အသက်ဘေးကို လွတ်အောင်ရုန်းရတဲ့ သားအဖနှစ်ယောက်၊ ဖခင်က သမီးကို လွတ်အောင်ပြေးစေချင်ပေမယ့် ဖခင်ကို နည်းနည်းလေးမှ ချန်မထားရက်တဲ့ ကောင်မလေးရဲ့ အဖေအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ ကို ဒီရုပ်ရှင်ကားထဲမှာ မြင်တွေ့ခံစားရမှာပါ။

JCGV နဲ့ မင်္ဂလာရုံ ရုပ်ရှင်ရုံတွေမှာတော့ ဇူလိုင်လ ၁၁ရက်နေ့ကနေ ဒီနေ့ထိ ရုံတင်ပြသနေတာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ သည်းတထိတ်ထိတ်ရင်တဖိုဖို နဲ့ ပရိသတ်ရင်ထဲကို ရသတွေ အများကြီးပေးနိုင်သလို ခွန်အားသတ္တိတွေကိုလည်း ခံစားမိစေတဲ့ ရုပ်ရှင်ကားဖြစ်လို့ မဒီတို့အတွက် အားလပ်ချိန်တွေမှာ ကြည့်ရအောင် ညွှန်းပေးလိုက်ပါတယ်။

 

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က