Thin Nu Swe

ဟိုအရင်ကတော့ ပွင့်လင်းရာသီကို ခရီးသွားရာသီအဖြစ်သတ်မှတ်ထားပြီး ပွင့်လင်းရာသီရောက်မှသာ ခရီးသွားလာလေ့ရှိကြပါတယ်။ ခုနောက်ပိုင်းမှာတော့ မိုးရာသီမှာလည်း ခရီးသွားလာတဲ့သူတွေ ရှိလာကြပါပြီ။ ပွင့်လင်းရာသီဆို လူရှုပ်လေ့ရှိတဲ့အတွက် မိုးရာသီ လူရှင်းတဲ့ အချိန်မျိုးကိုရွေးပြီး ခရီးသွားကြသူတွေ တစစ တစစနဲ့ များပြားလာပြီး ခုဆိုရင် မိုးရာသီမှာမှ ခရီးသွားလာကြသူတွေ ပိုလို့များလာပါတယ်။

ဒီလို မိုးရာသီမှာမှ ခရီးသွားချင်ကြတဲ့သူတွေအတွက် ခရီးအရသာကို ပိုပြီး ခံစားနိုင်လို့ရအောင် ခရီးမှာ ဘာစိတ်အနှောင့်အယှက်မှ မဖြစ်ရလေအောင် မိုးတွင်း ခရီးသွားမယ်ဆိုရင် ဘာတွေ ပြင်ဆင်သွားဖို့ လိုသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

မိုးကာအင်္ကျီ

ထီးအစား မိုးကာအင်္ကျီက ပိုထိရောက်ပါတယ်။ မိုး ရုတ်တရက် ရွာချလိုက်တဲ့အခါမျိုးမှာ မိုးကာအင်္ကျီက ထီးထက်ပိုပြီး လုံခြုံမှု ပိုရရှိစေပါတယ်။ ထီးကို မဆောင်းရမနေနိုင်လို့ ယူသွားမယ်ဆိုရင်တောင်မှပဲ လုံခြုံမှုပိုရနိုင်တဲ့ မိုးကာကိုလည်း မဖြစ်မနေ ယူဆောင်သွားကြစေချင်ပါတယ်။

မိုးစိုခံဖိနပ်

ဘယ်လောက်ပဲ ဖိနပ် crazy ဖြစ်တဲ့သူ ဖြစ်နေပါစေ...မိုးတွင်းမှာတော့ ဒေါက်ဖိနပ်အမြင့်တွေ ၊ ရေစိုတာနဲ့ ပျက်စီးညစ်ပတ်သွားမယ့် ဖိနပ်တွေထက် မိုးရေစိုခံမယ့် ဖိနပ်မျိုးတွေကိုပဲ ရွေးချယ်ပြီး ယူသွားကြဖို့ လိုပါတယ်။ တကယ်အသုံးဝင်မယ့် ဖိနပ်မျိုးကသာ ခရီးပိုတွင်မှာဖြစ်သလို ကိုယ့်ကိုစိတ်အနှောင့်အယှက် မဖြစ်စေတော့ဘဲ အေးအေးသက်သာ ခရီးသွားခွင့်ရမှာပါ။

မျက်နှာသုတ်ပဝါအသေးစားနဲ့ တစ်ရှူး

မိုးတွင်းဆိုတဲ့အတိုင်း ကိုယ်မထင်မှတ်ထားတဲ့အချိန်မှာ ဗြုန်းဆိုပြီး မိုးရွာချတာမျိုးတွေနဲ့ မလွဲမသွေ ကြုံရမှာပါ။ မျက်နှာသုတ်ပဝါအသေးစားလေးတစ်ထည်နဲ့ တစ်ရှူးကိုလည်း မဖြစ်မနေ ယူဆောင်သွားသင့်ပါတယ်။ ဒီလိုဆို ကိုယ်ရေစိုသွားတာပဲဖြစ်ဖြစ် ကိုယ်နဲ့ပါလာတဲ့ အဖော်ရေစိုတာပဲဖြစ်ဖြစ်(အဖော်ကိုတော့ တစ်ရှူးပဲပေးသင့်ပါတယ်) လွယ်လင့်တကူ ထုတ်သုံးလိုက်ရုံပါပဲ။

ရေခြောက်မြန်စေမယ့် အဝတ်အထည်တွေ

ခရီးမှာ ဝတ်ဆင်ဖို့ အဝတ်အစားရွေးချယ်တဲ့အခါမှာလည်း ရေခြောက်မြန်မယ့် အဝတ်အစားတွေကိုသာ ရွေးချယ်သွားသင့်ပါတယ်။ မိုးတွင်း ရေခဏခဏစိုမယ့်အချိန်မှာ ကိုယ် ယူဆောင်သွားတဲ့ အဝတ်အစားတွေကလည်း မခြောက် နောက်ဆုံး အိမ်ပြန်ရမယ့် အချိန်မှာတောင် မခြောက်ဘူးဆိုရင် ဒါတွေက စိတ်ညစ်စရာပါပဲ။ ဒီတော့ ခရီးမသွားခင်ကတည်းက အဝတ်အစားကို ရေခြောက်မြန်မယ့် အထည်တွေကိုသာ ရွေးချယ်ပြီး ယူသွားသင့်ပါတယ်။

ရေစိုခံအိတ်

ခရီးဆောင်အိတ်ကိုတောင် မိုးကာသားနဲ့ ချုပ်ထားတဲ့ အိတ်မျိုးတွေနဲ့ပဲ သယ်ဆောင်သင့်ပါတယ်။ ဒါမှသာ အထဲက ပစ္စည်းတွေကို ရေမစိုသွားစေမှာပါ။ နောက်ပြီး ဖုန်းနဲ့ ပိုက်ဆံထည့်လို့ရတဲ့ ရေစိုခံအိတ်လေးတွေကိုလည်း ထည့်သွားသင့်ပါတယ်။

လျှပ်စစ်ပစ္စည်းအချို့

မိုးတွင်းမှာ အလင်းရောင်လိုတာမျိုးတွေကို နေရာတိုင်းလိုလိုမှာ ကြုံရတတ်ပါတယ်။ ဖုန်းမီး အသုံးပြုလို့လည်း ရပေမယ့် ဖုန်းအားခံမခံ ဆိုတာကလည်း ရှိနေသေးတော့ power bank နဲ့ ဓာတ်မီးကိုလည်း လိုလိုမယ်မယ် ဆောင်သွားကြဖို့ သတိပေးချင်ပါတယ်။

ခြင်မကိုက်စေမယ့်ဆေးရည်

မိုးတွင်းရဲ့ မုန်းစရာအကောင်းဆုံးအရာက ခြင်ကိုက်တာပါပဲ။ ကိုယ်သွားမယ့်နေရာက ခြင်ကိုက်သလား ၊ မကိုက်ဘူးလားဆိုတာကို ကြိုမသိနိုင်ပါဘူး။ ခြင်ပြေးမယ့်ဆေးရည်တွေ ၊ lotion ပုံစံ ဆေးတောင့်လေးတွေက ဘာမှလည်းနေရာသိပ်မယူဘူးဆိုတော့ ကိုယ့်ခရီးကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ သွားလိုသူတွေအတွက် ဒီလိုဆေးရည်တွေကိုလည်း သယ်သွားသင့်ပါတယ်။ ဆေးဝါးတချို့ဆောင်သွားချင်တယ်ဆိုရင်တောင် ဆောင်သွားနိုင်ပါသေးတယ်။

ရေစိုခံ အလှကုန်တွေ

ကိုယ်ကမိန်းကလေးဆိုတော့ မိုးရွာရွာ နေပူပူ လှချင်ကြတာတော့ သဘာဝပါပဲ။ ဘယ်နေရာရောက်ရောက် လှချင်တဲ့ မိန်းကလေးတွေအတွက် အလှကုန်ပစ္စည်းတွေ ယူသွားမယ်ဆိုရင် ရေစိုခံ waterproof တွေကိုပဲ ယူသွားကြဖို့ သတိပေးချင်ပါတယ်။ ဒါမှ မိုးရွာလည်း ခရီးမှာ အလှမပျက်ဘဲ အမှတ်တရ ပုံလှလှလေးတွေ ရိုက်နိုင်ကြမှာပါ။

အသေးစားကစားစရာကဒ်တွေ

မိုးတွင်းဆိုတာက ပြောရတော့ ခက်ပါတယ်။ တခါတရံ ဘယ်မှ သွားလို့မရလောက်တော့အောင် မိုးတွေ သည်းကြီးမည်းကြီး ရွာနေတာမျိုးတွေ ကြုံချင်လည်း ကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် မိုးတွေတအားရွာလို့ အပြင်ထွက်လို့ မရတော့ဘူးဆိုရင်လည်း ပျင်းမနေအောင်လို့ ဒိုးဇက်လို၊ မိုနိုပိုလီလို ကဒ်ကစားနည်းကစပြီး ကိုယ့်သူငယ်ချင်းတွေ ၊ ခရီးသွားဖော်တွေနဲ့ ဆော့လို့ရအောင် ကိုယ်နှစ်သက်ရာ ကစားနည်းလေးတွေ ထည့်သွားကြဖို့ အကြံပြုချင်ပါတယ်။

မိုးတွင်းကိုမှ ခရီးသွားချင်ကြတဲ့ ပျိုမေတွေအတွက် ဒီနည်းလေးတွေက ခရီးပိုတွင်စေပြီး စိတ်မရှုပ်တော့ဘဲ ခရီးအရသာကို ပြည့်ပြည့်ဝဝ ခံစားလို့ရနိုင်မှာပါ။ မိုးတွင်းဆို Hotel တော်တော်များများကလည်း ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ဈေးလျှော့ပေးတတ်ကြတယ်ဆိုတော့ စရိတ်လည်းသက်သာ ခရီးလည်းသွားရတာမို့ ပိုအဆင်ပြေတဲ့ ရာသီလို့ ပြောရမှာပါပဲ။ ဒီတော့ မိုးတွင်းမှာ ခရီးသွားဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အထက်က ဖော်ပြထားတဲ့ အချက်ကလေးတွေကို မမေ့မလျှော့ပြင်ဆင်သွားကြဖို့ ထပ်ပြီး လက်တို့လိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က