နှစ်သစ်ကူးညကို ကလေးကနေစပြီး သက်ကြီးပိုင်းလူတွေထိ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲတတ်ကြပါတယ်။ တစ်နှစ်တာကုန်ဆုံးတော့မယ့်ညလေးမို့ အားလုံးက ချစ်မြတ်နိုးကြည်နူးတဲ့ စိတ်ကလေးလည်း အဲဒီအချိန်မှာ ဖြစ်တတ်ကြပါသေးတယ်။ တကယ်လို့ ကိုယ်က ချစ်သူရှိတယ်ဆိုရင်လည်း ချစ်သူလေးနဲ့ ၊ ချစ်သူမရှိသေးဘူးဆိုရင်လည်း ချစ်သူမဟုတ်သေးသူလေးနဲ့ ၊ ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ မိသားစုနဲ့ နှစ်တစ်ခုရဲ့ နောက်ဆုံးညကို ပျော်ရွှင်စွာ ဖြတ်သန်းလိုကြတာက အသက်အရွယ်မရွေးပါပဲ။
နှစ်သစ်ကူးည
၁၂နာရီထိုးခါနီးပြီဆိုတာနဲ့ တစ်မိနစ်လောက် ကိုယ့်ရဲ့ စိတ် နဲ့ ခန္ဓာကို အလွတ်လပ်ဆုံး အပေါ့ပါးဆုံးထားလိုက်ပါ။ စိတ်ကို အတတ်နိုင်ဆုံးလျှော့ချလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပါ။ စိတ်ထဲ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် ဖြစ်လာတဲ့အခါမျိုးမှာ တစ်နှစ်တာအတွင်း ကိုယ်ကြုံတွေ့ခဲ့သမျှတွေ၊ ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်တွေးကြည့်ပါ။ အဓိကကတော့ ကိုယ်မှားခဲ့တဲ့ အမှားတွေကို ဦးစားပေးတွေးကြည့်ပါ။ အချစ်ရေးမှာ ကိုယ်မှားခဲ့တဲ့ အမှားတွေ ၊ အလုပ်မှာ ကိုယ်မှားခဲ့တာတွေ၊ ကိုယ်မလုပ်လိုက်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေ ၊ တစ်နှစ်တာအတွင်း ကိုယ်ကကျူးလွန်ခဲ့တာတွေ ၊ ကိုယ့်ရဲ့ နောင်တတွေ စတာတွေကို ပြန်တွေးကြည့်ပါ။ အမှားတွေ တွေးတယ်ဆိုပေမယ့် အပြစ်တင်တာမျိုးတွေတော့ မလုပ်စေချင်ပါဘူး။ နောင်တရစရာကောင်းတဲ့ အမှားတွေကို နောက်နှစ်ထိ သယ်ဆောင်မသွားတော့ဘူး၊ နောက်ထပ်မရှိစေရဘူးဆိုတဲ့ စိတ်ကလေးနဲ့ နှစ်သစ်ကို ဖြတ်သန်းလိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အမှားကို ကိုယ်ခွင့်လွှတ်လိုက်ပါ၊ နောက်ထပ်အမှားတွေ မကျူးလွန်မိစေဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်ပါ။
နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ စတင်ပါ
ကိုယ်ဘယ်နေရာမှာပဲ ရောက်နေနေ ၊ ဘယ်လိုလူအဖြစ်ပဲ ရှင်သန်နေပါစေ….ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုအပေါ်မှာ မကျေမနပ်ဖြစ်တဲ့စိတ်ကို မမွေးမြူပါနဲ့။ အောင်မြင်မှုရောက်ဖို့ ကြိုးစားလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်လက်ရှိဖြစ်တည်မှုကို စိတ်ပျက်နေရင်တော့ အရာအားလုံးဟာ စိတ်ညစ်စရာကြီးပဲ ဖြစ်နေမှာပါ။ ဒီတော့ ကိုယ့်ဘဝတိုးတက်ချင်တယ်ဆိုရင် စိတ်ပျက်နေတာတွေထားခဲ့ပြီး နှစ်သစ်ကစ တိုးတက်အောင် ကြိုးစားဖို့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားပါ။
ကိုယ့်ဘဝအတွက် ကိုယ်သာအခရာ
ကိုယ့်ဘဝတိုးတက်ကောင်းမွန်ဖို့ဆိုတာ အရေးကြီးဆုံးက ကိုယ်ကိုယ်တိုင်ပါပဲ။ ဒီတော့ အထက်ကပြောခဲ့သလိုပါပဲ...တိုးတက်တဲ့ ဘဝတစ်ခုတည်ဆောက်ချင်တယ်၊ ကောင်းမွန်တဲ့ ဘဝမှာ နေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် ကြိုးစားဖို့ လိုပါတယ်။
ပျော်ရွှင်စရာတွေကို ချစ်သောသူနဲ့ မျှဝေပါ
နှစ်သစ်ကူးညဆိုတာ ဒီလို အင်အားသစ်တွေကို မွေးဖွားစေတဲ့ အချိန်ကလေးတစ်ချိန်ဖြစ်ပါတယ်၊ ကိုယ့်စိတ်ထဲမှာ ဘဝကို ကောင်းသထက်ကောင်းမွန်အောင် တည်ဆောက်ဖို့ ၊ အမှားတွေ ပြင်ဆင်ဖို့ စိတ်လက်ကြည်သာနေချိန်မှာ ကိုယ်ချစ်ရတဲ့ ချစ်သူ ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဒီကာလလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆိုရင် နှစ်သစ်ကူးညဟာ အမြဲတမ်းအတွက် အမှတ်တရဖြစ်နေစေမှာ ကျိန်းသေပါတယ်။
နှစ်သစ်ကူးညမှာ ဘယ်လို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမလဲဆိုတာ ခေါင်းကိုက်နေကြသူတွေအတွက် နည်းလမ်းတချို့ ဝေမျှပါ့မယ်။
Camera Woman ဇာလေးကတော့ နယူးရီးယားညမှာ သူဘယ်လိုဖြတ်သန်းမလဲဆိုတာကို Duwun ကို ခုလို ပြောပြပါတယ်။
"ဇာကတော့ နယူးရီးယားညမှာ Myanmar countdown သွားဖို့ စီစဥ◌်ထားပါတယ်၊ နယူးရီးယားညကတော့ အိမ်မှာ သူငယ်ချင်းတွေနဲ့ အိမ်မှာ အေးအေးဆေးဆေး Barbecue လုပ်စားတာမျိုးလေးနဲ့ ဖြတ်သန်းတာ ပိုကောင်းတယ်လို့ထင်တယ်၊ လူအရမ်းများရင် မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ တကယ်လို့ ကိုယ်က လူအရမ်းများတဲ့နေရာတွေကို
သွားမယ်ဆိုရင်လည်း ကိုယ့်အတွက်စိတ်ချရတဲ့သူတွေနဲ့ လျှောက်လည်ဖို့ ပြောချင်ပါတယ်။"
တေးသီချင်းလေးတွေနဲ့ ဖြတ်သန်းပါ
သူငယ်ချင်းတွေ စုပြီး ၊ မိသားစုဝင်တွေ စုပြီး တေးသီချင်းလေးတွေနဲ့ နှစ်သစ်ကူးညကို ဖြတ်သန်းလို့ ရပါတယ်။ ဂစ်တာတီးတတ်တဲ့သူရှိရင် ဂစ်တာလေးနဲ့ ဝိုင်းဖွဲ့သီချင်းဆိုလို့ ရသလို ဂစ်တာတီးတတ်တဲ့သူမရှိခဲ့ရင်လည်း ဆောင်းဘောက်အသေးလေးကို ဖုန်းနဲ့ Bluetooth လေးချိတ်ပြီး တစ်ဖွဲ့လုံး သဘောကျစေမယ့် တေးသီချင်းလေးတွေ ဖွင့်၊ အဖွဲ့လိုက်သီဆိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလို့ ရပါတယ်။
ပျော်စရာ ကစားနည်းလေးတွေ ဖန်တီးပါ
ငယ်ငယ်က ဆော့ဖူးတဲ့ ရုပ်ရှင်ဝှက်တာ ၊ တေးသီချင်းအလိုက်နဲ့ ပစ္စည်းတစ်ခုကို အလှည့်ကျ ပစ်ပြီး တေးသီချင်းအဆုံးမှာ လက်ထဲ ပစ္စည်းကျန်ခဲ့သူကို ကြိုက်ရာခိုင်းတာ ၊ မဲလိပ်လိပ်ပြီး မဲအလိုက်အတိုင်း လုပ်စေတာ စတဲ့ ပျော်စရာကစားနည်းလေးတွေ ဆော့ကစားလို့ ရပါသေးတယ်။ ဒီလို ကစားဖို့ဆိုတာ ကလေးတွေ မဟုတ်တဲ့အတွက် အချိန်ပေးလူစု ကစားလို့ ရတဲ့ အရာမျိုးမဟုတ်ဘဲ ခုလို နှစ်သစ်ကူးည အတူရှိနေတဲ့ အချိန်မျိုးမှာမှ ဆော့ကစားလို့ရတာ ဖြစ်တဲ့အတွက် လူညီမယ်ဆိုရင် ငယ်ဘဝရဲ့ အရသာကော လွတ်လပ်မှုအရသာကိုပါ ခံစားလို့ရနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုနည်းလမ်းလေးနဲ့လည်း နှစ်သစ်ကူးညကို ဖြတ်သန်းစေချင်ပါတယ်။
ကျေးဇူးတင်ကြောင်းပြောပါ
ကိုယ့်နားမှာ ရှိတဲ့သူတိုင်းကို ကျေးဇူးတင်လိုက်ပါ။ ကိုယ့်ရဲ့ မိသားစု ၊ ချစ်သူ ၊ ညီအကိုမောင်နှမ ၊ သူငယ်ချင်း အားလုံးဟာ ချစ်ခင်စရာကောင်းသလို တန်ဖိုးထားကျေးဇူးတင်စရာလည်း ကောင်းပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေအပေါ်မှာ ကိုယ့်ကို ချစ်ခင်ပေးပြီး နောက်နှစ်သစ်တွေထိ မခွဲမခွာနေပေးမယ့်သူတွေကို တန်ဖိုးထားကျေးဇူးတင်ကြောင်း စိတ်ထဲက နက်နက်ရှိုင်းရှိုင်းတွေးကြည့်ပါ။ ထုတ်ဖော်ပြောဆိုဖို့ ရဲတယ်ဆိုရင်တော့ ထုတ်ဖော်ပြောဆိုပြီး ကျေးဇူးတင်လိုက်ခြင်းအားဖြင့် ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လိုက်တာက သူတို့ကို တန်ဖိုးထားကြောင်း ပြသရာလည်း ရောက်ပါတယ်။
သဘာဝနဲ့ တွေ့ဆုံပါ
သဘာဝနဲ့တွေ့ဆုံတယ်ဆိုတာက ခရီးတွေထွက်ပြီး တောတောင် သဘာဝတွေ သွားကြည့်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်နားမှာပဲ လွတ်လပ်ပေါ့ပါးတဲ့ သဘာဝရဲ့ လေကို ရှူရှိက်ရင်း ကောင်းကင်ကို မော့ကြည့်ပါ။ အရာအားလုံးဟာ အသစ်ကနေ စတင်ပြီး လှပလာပြီလို့ တွေးပစ်လိုက်ပါ။ စိတ်ရူးပေါက်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဘဝဆိုတာ စိတ်နဲ့ မောင်းနှင်ရတာြဖစ်တဲ့အတွက် နှစ်အစမှာ စိတ်လက်ကြည်လင်စွာနဲ့ အားလုံးကို လှပနေသယောင် ကြည်နူးခံစားရတယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ရပ်တိုင်းက စိတ်ကျေနပ်စရာ အပြည့်ဖြစ်နေပါလိမ့်မယ်။
တစ်စုံတစ်ယောက်ကို ချီးမွမ်းစကားဆိုပါ
ကိုယ် စိတ်ကျေနပ်ရတဲ့ ၊ တကယ် ချီးမွမ်းထိုက်တဲ့သူတစ်ယောက်ကို ဒီတစ်နှစ်တာအတွင်းမှာ လုပ်ဆောင်ချက်တွေ အထူးကောင်းမွန်ခဲ့ကြောင်း ချီးမွမ်းစကားဆိုပေးပါ၊ ကိုယ့်မိသားစုပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲ ဖြစ်ဖြစ် ချီးမွမ်းထိုက်သူကို ဒီညလေးမှာ ချီးမွမ်းစကားဆိုပေးပါ။ ဒီလုပ်ရပ်ဟာ ကိုယ်ကိုယ်တိုင်မက ချီးမွမ်းစကားအဆိုခံရသူကိုပါ တစ်နှစ်တာအတွင်း စိတ်ကြည်နူးအောင် လုပ်ပေးလိုက်တာပါပဲ။
စားစရာသောက်စရာတွေနဲ့ ဖြတ်သန်းပါ
ဒါကတော့ ပြောစရာလိုမယ်မထင်ပါဘူးနော်…။ လူငယ်တွေက အိမ်တစ်အိမ်မှာ စုပြီး နှစ်သစ်ကို ကြိုဆိုရင်းစားသောက်တတ်ကြသလို တချို့မိသားစုတွေဆိုလည်း အိမ်မှာ အကင်လေးတွေလုပ်၊ ကြာဇံလေးတွေ ကြော်စားရင်း နှစ်သစ်ကို ကြိုဆိုတတ်ကြပါတယ်။ စားရင်းသောက်ရင်း ရယ်ကြမောကြစကားလေးတွေ ပြောကြရင်း နှစ်သစ်ကို ကြိုဆိုကြတာက ကြည်နူးပျော်ရွှင်စရာကောင်းပါတယ်။
Motiva Myanmarရဲ့ National Sale Director တစ်ယောက်ဖြစ်တဲ့ မရည်မွန်ကြည်က နှစ်သစ်ကူးညမှာ ဘယ်လိုဆင်နွှဲသင့်တယ်ဆိုတဲ့ အကြောင်း Duwun ကို ခုလို ပြောပြပါတယ်။
New year ညကို ပျော်ပျော်ရွှင်ရွှင်နဲ့ အေးအေးချမ်းချမ်း ကိုယ်ချစ်တဲ့သူတွေနဲ့ ဖြတ်သန်းသင့်တယ်လို့ထင်ပါတယ်။ ချစ်သူခင်သူတွေနဲ့အတူတူ ညစာအတူတူစားပြီး တစ်နှစ်လုံးစာအတွက် ပျော်ရွှင်ခဲ့ရတာတွေ မှတ်မှတ်ရရရှိခဲ့တဲ့အမှတ်တရတွေ၊ ကျေးဇူးတွေကို သက်ဆိုင်သူတွေဆီပြောပြီး ကိုယ့်ရဲ့ ဂရုစိုက်မှုကိုဖော်ပြသင့်ပါတယ်။
ကျွန်မအနေနဲ့ New year night ကို မှတ်မှတ်ရရနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် . . . . ဖြတ်သန်းမယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ၊ စသဖြင့်ပေါ့ ။ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူတူ ဒီတစ်နှစ်လုံးမှာကောင်းအတူဆိုးအတူ ဖြတ်သန်းခဲ့သလိုမျိုး ခုရောက်မယ့်နှစ်သစ်မှာလည်း အတူတူ ကူညီဖေးမပေးရင်း အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြဖို့ဆုတောင်းကြမယ်ပေါ့။ချစ်ခင်ရသူတွေကျန်းမာဖို့၊ ကိုယ်စိတ်အေးချမ်းစေဖို့၊ ကိုယ်တိုင်လည်း စိတ်ညစ်စရာတွေနည်းပြီး အများကြီးပျော်ရွှင်နေဖို့၊ အလုပ်အကိုင်တွေအဆင်ပြေဖို့၊ နှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်စရာတွေပဲကြုံရဖို့ တခြား ဆုတောင်းချင်တာတွေအများကြီးကို တနှစ်လုံးစာအတွက် ဆုတောင်းမယ်။
New year ညမှာဆို တော်တော်များများက အပျော်လွန်တတ်ကြတယ်။ အပျော်လွန်ပြီး တချို့ဆို အသက်သေဆုံးတဲ့အထိ အန္တရာယ်ကြုံတတ်ကြတာကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းပါ။ အန္တရာယ်ရှိနိုင်တဲ့ ရန်ပွဲတွေ၊ ယာဉ်ကားအန္တရာယ်တွေကို ဂရုတစိုက်နဲ့ရှောင်ပါ။ အခုဆိုတို့ဆေးတွေအရမ်းပေါများနေတာကြောင့် မသိတဲ့လူစိမ်းတွေကိုဆို အထူးဂရုစိုက်ကြပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ကြပါလို့ပြောချင်ပါတယ်။
အခုပြောနေတဲ့ နည်းလမ်းလေးတွေကတော့ တစ်ညတည်းမှာ အားလုံးလုပ်လို့ရတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နှစ်သစ်ကူးညကို ဖြတ်သန်းလို့ရတဲ့ နည်းလမ်းလေးတွေဖြစ်ပြီး ငွေကုန်ကြေးကျမများဘဲ တစ်နှစ်တာအတွင်းမှာ ကိုယ်တင်မက ကိုယ့်အနားက လူတွေပါ ကြည်နူးပျော်ရွှင်စေမယ့်နည်းလမ်းလေးတွေ ဖြစ်တာကြောင့် မဖြစ်မနေ လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေ…..။