loading...

loading...

loading...

ပြည်ပခရီးစဉ်ကို စရိတ်စက သက်သာအောင် သွားရမယ့်နည်းလမ်းလေးတွေ မဒီတို့အတွက် ဝေမျှပေးချင်ပါတယ်။
Thin Nu Swe

ပြည်ပခရီးစဉ်အတွက် ဘယ်လို Plan ချမလဲ။ စျေးအချိုဆုံးဖြစ်အောင် ဘယ်လိုတွေ ရွေးချယ်မလဲ။ ဘာတွေပြင်ဆင်ရမလဲ။ ခရီးစဉ်တစ်လျှောက် ဘယ်လိုသုံးစွဲမလဲဆိုတာကို လူတိုင်းသိချင်ကြမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ခရီးကို မက်မောတွယ်တာသူဖြစ်ပါစေ..ခရီးစရိတ်သက်သာတယ်ဆိုတာကိုတော့ ကြိုက်နှစ်သက်ကြမှာပါ။ ဒီတော့ ပြည်ပခရီးစဉ်ကို စရိတ်စက သက်သာအောင် သွားရမယ့်နည်းလမ်းလေးတွေ မဒီတို့အတွက် ဝေမျှပေးချင်ပါတယ်။

ကိုယ်ထွက်မယ့်နေရာကို ကြိုတင်လေ့လာပါ

ဒါကတော့ ပထမဆုံးလုပ်ရမယ့် အလုပ်ပါပဲ။ ကိုယ်က ဘယ်လိုနေရာမျိုးကို ခရီးထွက်ဖို့တွေးထားတာလဲ။ အာရှနိုင်ငံတွေလား၊ ဥရောပနိုင်ငံတွေလား ဘယ်နိုင်ငံဘက်ကို ခရီးထွက်ဖို့ စဉ်းစားထားတာလဲ။ ကိုယ်သွားမယ့်နေရာရဲ့ အထင်ကရနေရာတွေ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေ၊ ကိုယ်သွားလည်မယ့်နိုင်ငံမှာ ဘယ်လိုနေထိုင်မှုပုံစံတွေ ရှိသလဲဆိုတာကစပြီး ရထားဘူတာတွေ ၊ ကားဂိတ်တွေ (ကိုယ်သွားမယ့်နေရာတွေရဲ့ အနီးဆုံးမှတ်တိုင်တွေ) ကို Google မှာ ခေါက်ထားဖို့လိုပါတယ်။

စျေးသက်သာမယ့်အချိန်တွေကို လေ့လာပါ

သွားရမယ့်နိုင်ငံလည်း သိပြီ ဒီနိုင်ငံအတွင်းမှာ ကိုယ်သွားလည်ချင်တဲ့နေရာတွေကိုလည်း စာရင်းပြုစုပြီးပြီဆိုရင်တော့ လေယာဉ်လက်မှတ်တွေ၊ ဟိုတယ်၊ ဟိုစတယ်လက်မှတ်တွေ စျေးသက်သာတဲ့အချိန်တွေကို လေ့လာပါ။ သေချာတာကတော့ ခရီးသွားရာသီတွေမှာတော့ ဘယ်လိုနည်းနဲ့မှ စျေးသက်သာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စျေးသက်သက်သာသာနဲ့ နိုင်ငံခြားခရီးစဉ်ထွက်ချင်တယ်ဆိုရင်တော့ ခရီးသွားရာသီတွေကို ရှောင်ကြဉ်သင့်ပါတယ်။ စျေးသက်သာတဲ့အချိန်တွေကို သိဖို့ဆိုရင်တော့ ကိုယ် နိုင်ငံခြားခရီးစဉ်ထွက်မယ်ဆိုတဲ့အချိန်ကနေ စတင်ပြီး Booking.com ၊ Sky Scanner ၊ နောက် ကိုယ်သွားမယ့်နိုင်ငံရဲ့ ဟိုတယ်၊ ဟိုစတယ်တွေရဲ့ ဝက်ဆိုက်တွေမှာ အမြဲလေ့လာစောင့်ကြည့်နေပါ။

UK မှာ နေထိုင်နေပြီး ကိုယ်တိုင်လည်း ခရီးတွေမြောက်မြားစွာထွက်လေ့ရှိတဲ့ မပိုးဖြူသန့်ကတော့ ပြည်ပနိုင်ငံကို စရိတ်စကသက်သက်သာသာ သွားရောက်လည်ပတ်လိုသူတွေအတွက် အကြံပေးစကားကို Duwun ကတစ်ဆင့် ခုလို ပြောပါတယ်။

“လေယာဉ်လက်မှတ်တွေ ဟိုတယ်ခတွေ ဘယ်လိုဝယ် ဘယ်လိုပေးလဲဆို ဈေးသက်သာတဲ့အချိန်ရှာဝယ်ပါတယ်..ခရီးသွားတအားပေါတဲ့ ဥရောပနွေရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်ကို မသွားဘဲ တတ်နိုင်သမျှ ရှောင်ပါတယ်.. ကလေးတွေ ကျောင်းပိတ်ချိန် holiday ရာသီနဲ့ ဝေးပြီး ကျောင်းဖွင့်ရက်တွေ ကြားရက်လေယာဉ်တွေပဲ ဝယ်ပါတယ်.. လေယာဉ်လက်မှတ်၊ ဟိုတယ်ခဆိုတာ ကြိုဝယ်လေ ဈေးပေါလေဆိုတဲ့အရာပါ.. ကြိုဝယ်တာတောင်မှ trip advisor, Expedia, EasyJet, Ryanair, booking လို ရှိသမျှဟာတွေ မွှေနှောက် ဈေးတွေယှဉ်ကြည့်ပြီးမှ သွားပါတယ်.. တစ်ခုပဲ ကြည့်ပြီး တန်းဝယ်တာမျိုး လုံးဝမလုပ်ပါဘူး.. ဟိုတယ်လည်း အတူတူပါပဲ.. အကုန်ယှဉ်ကြည့်ပါတယ်.. ပြီးတော့ ဖြစ်နိုင်သမျှ မနက်စာပါတဲ့ဟာကို ရွေးပါတယ်.. မနက်ခင်း အပြင်မှာ ထွက်စားရတာ ဆိုင်ရှာရခက်သလို လည်စရာအချိန်လည်း လျော့တယ် ထင်လို့ပါ.. ကိုယ်က ဟိုတယ်နဲ့ သိပ်ဝေးဝေး မသွားဘူး၊ မြို့ကကျဉ်းတယ်လို့ သေချာပေါက်ယုံထားရင်ကျ ညစာပါ ပါတဲ့ half board ယူပါတယ်.. အပြင်မှာ စားတာထက် အဲဒီလို ဟိုတယ်မှာ မနက်စာ ညစာအပြီးအစီးယူတာက ပိုက်ဆံ ပိုသက်သာပါတယ်”

စျေးယှဉ်ကြည့်ပါ

ဝက်ဆိုက်တွေ ၊ Air Line တွေ ၊ ဖုန်း App တွေကနေ စျေးနှုန်းတွေ ၊ စျေးသက်သာမယ့်အချိန်တွေကို အမြဲယှဉ်ထိုးကြည့်နေပါ။ ဘယ် Air Line က စျေးအသက်သာဆုံးလဲ၊ ဘယ်ဟိုစတယ်နဲ့ ကိုယ့်ဘတ်ဂျတ်နဲ့ အကိုက်ညီဆုံးလဲဆိုတာတွေကို စျေးချိန်ထိုးပြီးတော့မှသာ ကိုယ်ရဲ့ Booking ချိတ်တာ ၊ လက်မှတ်ဝယ်ယူတာတွေကို ဆက်လက်လုပ်ဆောင်တာ အကောင်းဆုံးပါပဲ။

ဖြစ်နိုင်ရင် ဟိုစတယ်တွေမှာတည်းပါ

ကိုယ်က စျေးသက်သာချင်တဲ့သူဆိုတော့ ဟိုစတယ်မှာ တည်းခိုတာက စျေးအသက်သာဆုံးနဲ့ အဆင်ပြေဆုံးပါပဲ။ သူစိမ်းတွေနဲ့အတူ တစ်ခန်းထဲ တည်းရမှာ အဆင်မပြေလောက်ဘူးထင်ရင်တော့ Private Room လေးငှားပြီးတည်းလို့လည်းရနိုင်ပါတယ်။ ဟိုစတယ်မှာ တည်းခိုရတဲ့ ကောင်းကျိုးဆိုရင်တော့ တည်းခိုခစရိတ်လည်း သက်သာသလို ကိုယ်နဲ့မရင်းနှီးသူတွေနဲ့ မိတ်ဖွဲ့ရပြီး မိတ်ဆွေအပေါင်းအသင်းလည်း တိုးပါတယ်။ ကိုယ့်စရိုက်နဲ့ ကိုက်ညီသူတွေဆိုရင်တော့ အတူလည်ပတ်လို့တောင်ရပါတယ်။ ဒါကတော့ Solo Trip အတွက်ပြောတာပါ။ သူငယ်ချင်းတွေ တစ်စုတစ်ဝေးတည်း သွားကြမယ်ဆိုရင်တော့လည်း အရမ်းကို ပျော်စရာကောင်းမှာ သေချာပါတယ်။ အရေးကြီးတာတစ်ခုက ကိုယ်တည်းမယ့် ဟိုစတယ်ရဲ့ တည်နေရာ ၊ အနီးအနားတစ်ဝိုက်ပတ်ဝန်းကျင်ကို ကြိုတင်သိထားသင့်ပါတယ်။ ရထားဘူတာနဲ့ နီးတဲ့နေရာ ၊ ကားမှတ်တိုင်နဲ့ နီးတဲ့နေရာတွေကို ပိုရွေးချယ်ဖို့ တိုက်တွန်းပါရစေ။

ဥရောပနိုင်ငံတွေဆီ တစ်ဦးတည်း Solo Trip ထွက်လေ့ရှိတဲ့ မဟန်နီမြဝင်းကလည်း ပြည်ပနိုင်ငံတွေကို ခရီးစရိတ်သက်သာအောင် ဘယ်လိုချွေတာရမလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

“ကိုယ်က Solo Trip သွားတော့ Safe ဖြစ်တဲ့နေရာတွေကို ရွေးပြီးတော့ရှာတယ်။ အဓိကက ဟိုတယ် ရွေးတဲ့အခါကျတော့ ရှောင်ရမယ့်နေရာတွေလည်း ရှိတယ်၊ ဘလော့တွေလိုက်ဖတ်တယ်။ local blog တွေလည်းရှိတယ်၊ YouTube တွေလည်းရှိတယ်။ နေရာကတော့ ဘူတာရုံနဲ့ နီးတာအကောင်းဆုံးပဲ။ ဘူတာရုံက ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဘယ်သွားသွား ဘယ်လာလာ ရထားနဲ့ စီးရင်ရောက်တယ်။ ကိုယ်က ဘယ်သွားသွား ရထားနဲ့ သွားလို့ရတယ်။ ဒါပေမယ့် ပဲရစ်လို နေရာမျိုးကတော့ အန္တရာယ်များတယ်။ ပြီးတော့ အကုန်လုံး ကိုယ့်ဘာသာကိုယ် လိုက်လုပ်တာ Air Ticket ဝယ်တာကအစ တိုက်ရိုက်ဝယ်တာ။ ဟိုတယ်တည်းဖို့ Booking လုပ်မယ်ဆိုရင်လည်း Booking.com က ဝယ်တယ်။ ဒါမှမဟုတ် ဟိုစတယ် တည်းမယ်ဆိုလည်း ဟိုစတယ် ဝက်ဆိုက်တွေ လိုက်ကြည့်တယ်။ ဥရောပနိုင်ငံတွေကို လည်မယ်ဆိုရင် အကုန်လုံးက ကဒ်နဲ့ပဲ သုံးတာဆိုတော့ ကိုယ့်ကဒ်ထဲ ငွေရှိနေရင်အဆင်ပြေတယ်လေ။ ပြီးတော့ Hop-On Hop-Off Bus တွေကို စီးသင့်တယ်။ အဲဒီ Bus တွေကို စီးမယ်ဆိုရင် နိုင်ငံရဲ့ သွားကို သွားရမယ့် Tour Attraction နေရာတွေအားလုံးကို ရောက်တယ်။”

အခကြေးငွေမပေးရတဲ့ နေရာတွေ အဓိကထားလည်ပတ်ပါ

အပေါ်ကပြောခဲ့သလိုပါပဲ..။ကိုယ်သွားမယ့်နိုင်ငံမှာ ကိုယ်လည်ပတ်ရမယ့်နေရာတွေကို မသွားခင်ကတည်းက စာရင်းလုပ်ထားပါ။ ဒါပေမယ့် လုပ်တဲ့စာရင်းထဲမှာ အခကြေးငွေမပေးရတဲ့ နေရာတွေ အများဆုံးပါဝင်ဖို့တော့လိုပါတယ်။ ဒါမှ စရိတ်သက်သာမယ်လေ။ ဒါ့ကြောင့် ဝင်ကြေးမပေးရတဲ့ ပန်းခြံတွေ ၊ Shopping Mall နဲ့ စျေးတွေ ၊ ဝင်ကြေးနည်းတဲ့နေရာတွေကို ကိုယ်က အရင်လေ့လာထားပြီး အဲဒီနေရာတွေကို အလေးထားပြီး သွားရောက်လည်ပတ်ပါ။ အစားအသောက်ကိုလည်း စျေးကြီးတဲ့ဆိုင်တွေထက် Street Food လိုဟာမျိုးတွေကို စားမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ ရိုးရာအစားအသောက်ကို မြည်းစမ်းကြည့်လို့ရရုံသာမက စရိတ်စကလည်း သက်သာပါတယ်။

Public Transportation တွေကိုသာ အသုံးပြုပါ

တစ်နေရာကနေ တစ်နေရာကို သွားရောက်တဲ့အခါမျိုးမှာလည်း စရိတ်ချွေတာချင်တယ်ဆိုရင် ဘတ်စ်ကား တို့ ၊ ရထားတို့နဲ့ သာ သွားလာဖို့ အကြံပေးပါရစေ။ အဖွဲ့လိုက်မို့ Taxi ငှားစီးတာ ပြဿနာမရှိပေမယ့် တစ်ယောက်တည်းထွက်လာတဲ့ ခရီးမျိုးဆိုရင်တော့ ဒါတွေအသုံးပြုတာ ပိုအဆင်ပြေလိမ့်မယ်။ နောက်တစ်ခုကတော့Hop-On Hop-Off Bus ပါ။ ဒီဘတ်စ်ကားကတော့ နိုင်ငံရဲ့ အထင်ကရနေရာတွေကို လိုက်လံပို့ဆောင်ပေးတာမို့ အရမ်းကို အဆင်ပြေပါတယ်။

ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင်ဂရုစိုက်ပါ



ဒါကတော့ အရေးကြီးဆုံးအပိုင်းပါ။ အပေါ်ဆုံးမှာ ပြောခဲ့ပြီးဖြစ်ပေမယ့် ထပ်ပြောပါရစေ…ကိုယ်သွားမယ့်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ၊ ဘယ်လိုပြစ်မှုတွေရှိသလဲဆိုတာနဲ့ ကိုယ်လည်ပတ်မယ့် ၊ ကိုယ်တည်းမယ့်နေရာရဲ့ အကြောင်းကို အသေးစိတ်မဟုတ်ရင်တောင် တော်တော်လေးသိအောင် အရင်စုံစမ်းလေ့လာပါ။ ကိုယ့်ကို လုံခြုံစိတ်ချစေမယ့်နေရာမျိုးမှာ လည်ပတ်မှ ကိုယ်ရဲ့ ခရီးကလည်း ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စေမှာဖြစ်ပါတယ်။

ကဲ..ဒါဆိုရင်တော့ ပြည်ပနိုင်ငံတွေဆီ အပေါ်ကနည်းလမ်းတွေသုံးပြီး စရိတ်စကသက်သက်သာသာနဲ့ အလည်အပတ်ထွက်ကြရအောင်နော်။


loading...

က္က