ဘယ်သူ့ကိုမှ ဖွင့်ဟမပြောချင်သလို ကိုယ်ကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေ ၊ စိတ်ဓာတ်ကျရတာတွေများနေပြီဆိုရင် နေ့စဉ် ဒိုင်ယာရီရေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Thin Nu Swe

ဒိုင်ယာရီရေးတတ်တဲ့အကျင့်ဟာ ဘဝကို စိတ်ဖိစီးမှုလျော့ပါးစေပြီး စိတ်လက်ပေါ့ပါးသွားစေနိုင်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဒိုင်ယာရီဟာ ကိုယ့်နေ့စဉ်ဘဝကို မကွယ်မဝှက်တမ်းရေးတတ်တဲ့ အရာတစ်ခုဖြစ်တဲ့အတွက် တချို့တွေက ရေးဖို့ မဝံ့မရဲဖြစ်တတ်ကြပါတယ်။ တကယ်တော့ ဒိုင်ယာရီရေးသားခြင်းဟာ ဘဝရဲ့ အမောတွေကို ပြေပျောက်စေနိုင်တဲ့ ၊ ကိုယ့်ရဲ့ သောကအပူတွေကို မျှယူပေးနိုင်တဲ့ အကောင်းဆုံးအဖော်မွန်ပါပဲ။

နာကျင်မှုတွေအတွက် အကောင်းဆုံးဆေးဆရာ

ဒိုင်ယာရီရေးသားခြင်းဟာ ကိုယ်ခံစားနေရတဲ့ နာကျင်မှုတွေကို အကောင်းဆုံးချေဖျက်ပေးနိုင်ပါတယ်။ ကိုယ့်နာကျင်မှုတွေကို တပါးသူကို ဝေမျှဖို့ ခက်ခဲနေတာမျိုး လူတိုင်းလိုလို ကြုံဖူးကြမှာပါ။ မိန်းမသားဖြစ်တဲ့ မဒီတို့အနေနဲ့လည်း ကိုယ့်ရဲ့ စိတ်ခံစားချက်ကို သိုဝှက်ထားချင်တာမျိုးတွေ ရှိကြမှာပါ။ ကိုယ့်ရဲ့နာကျင်မှုတွေ ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို မျှဝေချင်ပေမယ့် တခြားသူကိုလည်း ပေးမသိချင်ဘူးဆိုရင်တော့ စာရွက်တွေက အကောင်းဆုံး နားထောင်သူတွေအဖြစ် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

စိုးရိမ်စိတ်တွေကို ဖြေလျှော့ပေးတယ်

မယုံမရှိပါနဲ့။ ဒိုင်ယာရီကို နေ့စဉ်ရေးသားခြင်းဟာ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်ပူပန်နေရတာတွေလွင့်ပြယ်ပြီး ကိုယ့်စိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စာရေးသားခြင်းဟာ တစ်နည်းတော့ ယောက်ယက်ခတ်နေတဲ့ စိတ်တွေကို ငြိမ်သက်သွားစေပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို ရေးသားနေတာဖြစ်တဲ့အတွက် ကိုယ့်အကြောင်း ကိုယ်တွေးမိပြီး ကိုယ့်စိတ်ခံစားချက်တွေကို ရေးသားတဲ့အခါမှာ ပျော်စရာဖြစ်စေ၊ ဝမ်းနည်းစရာဖြစ်စေ ၊ ဒေါသထွက်စရာဖြစ်စေ တစ်စုံတစ်ယောက်ကို ပြောပြလိုက်သလို ဖြစ်သွားတဲ့အတွက် စိတ်အေးလက်အေးဖြစ်သွားတဲ့ ခံစားချက်မျိုးကို ရရှိသွားစေနိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု ရရှိစေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားတင်းစေတဲ့ အရာက ဒိုင်ယာရီရေးသားခြင်းပါပဲ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာမယ်

ကိုယ့်ရဲ့ နေ့စဉ် လှုပ်ရှားမှု နဲ့ စိတ်ခံစားချက်တွေကို ချရေးနေရတာဖြစ်တဲ့အတွက် ကိုယ်သတိမထားမိလိုက်ဘဲ လုပ်မိနေတဲ့ ကိုယ့်ရဲ့ အကြောင်းကို သတိထားမိသွားသလို ဖြစ်သွားမှာပါ။ နေ့စဉ် ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို မြတ်နိုးလာပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတာနဲ့ အမျှ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတတ်လာပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းတတ်လာပါလိမ့်မယ်။

ဒိုင်ယာရီရေးမယ်ဆိုရင်

ဒိုင်ယာရီရေးတော့မယ်ဆိုရင် ကိုယ့်ရဲ့ စာအုပ်ထဲမှာ တစ်နေ့တာ ဖြတ်သန်းမှုတွေအကြောင်း ၊ ကိုယ့်ရဲ့ အတွေးတွေအကြောင်း ၊ စိတ်ခံစားချက်တွေအကြောင်း ၊ အရူးအမူးစွဲလမ်းမှုတွေအကြောင်း ၊ ကိုယ့်ရဲ့ အကြောင်း အကုန်ကို ရေးချထားလို့ရပါတယ်။ ဘာကိုမှ တွန့်ဆုတ်တွေဝေမနေပါနဲ့ ။ ရေးဟန်တွေကိုလည်း စိုးရိမ်ပူပန်မနေပါနဲ့ ။ ဒိုင်ယာရီဆိုတာဟာ ကိုယ့်ရဲ့ အတွင်းစိတ်တွေ ၊ ကိုယ့်ရဲ့ ဖြတ်သန်းမှုတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြောဆိုတာမျိုးပဲ ဖြစ်ပါတယ်။ကိုယ်က ခွင့်မပြုသရွေ့ ဘယ်သူမှလည်း လာကြည့်လို့ ရမှာမဟုတ်ပါဘူး။ ဒါတွေက ကိုယ်တစ်ဦးတည်းအတွက်ပါပဲ။ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်စေတဲ့ အရာတစ်ခုပါပဲ။ ဒိုင်ယာရီစာအုပ်ဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးနဲ့ အနွေးထွေးဆုံး သက်မဲ့မိတ်ဆွေပါ။ 

ဒိုင်ယာရီရေးခြင်းရဲ့ အကျိုးကျေးဇူးတွေ

နေ့စဉ် ဒိုင်ယာရီရေးသားခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒိုင်ယာရီကိုသာ နေ့စဉ်မှန်မှန် ရေးသားသွားမယ်ဆိုရင်တော့

-   မှတ်ဉာဏ်တွေကောင်းလာမယ်

-   အကောင်းမြင်စိတ်တွေ ဖြစ်လာမယ်

-   ကိုယ့်ရဲ့ ပန်းတိုင်တွေ နဲ့ ကိုယ်ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်တတ်လာမယ်

-   ကိုယ့်နားက လူတွေရဲ့ စိတ်ရင်းအမှန်ကို မြင်တတ်လာမယ်

-   ကိုယ့်ရဲ့ အမှားတွေကို ပြင်ဆင်တတ်လာမယ်

-   ဘဝရဲ့ အမှတ်တရတွေကို သီးသန့်ကမ္ဘာလေးထဲမှာသိမ်းဆည်းထားနိုင်မယ်

-   စကားပြောစွမ်းရည်တွေ တိုးတက်လာမယ်

ကျောင်းဆရာမတစ်ယောက်ဖြစ်တဲ့ ကြည်လင်းဝတီကတော့ သူ့ရဲ့ ဒိုင်ယာရီရေးတတ်တဲ့ အကျင့်အကြောင်းကို ခုလို Duwun ကို ပြောပြပါတယ်။

“နေ့စဉ်ရေးရင်တော့ နေ့စဉ်ဒိုင်ယာရီပေါ့။ ဒါပေမယ့် နေ့စဉ်အတိအကျကြီး မရေးဖြစ်တော့ဘူး။ ငယ်ငယ်ကတော့ အထူးတလည် ပျော်ရတာဖြစ်စေ၊ ဝမ်းနည်းရတာဖြစ်စေ ဖေဖေ့ကို တိုင်တည်ပြီး ရေးဖြစ်တယ်။ အခု အရွယ်ရောက်လာတော့ ထူးထူးခြားခြား ဘဝရဲ့ အမှတ်တရတွေရှိလာတာမျိုး ၊ ရှိလာမှရေးဖြစ်တော့တယ် ။ ဝမ်းနည်းစရာတွေ ကြုံရင်ရေးဖြစ်တာ များတယ် ။ ကြိတ်မှိတ်ခံစားနေရတာတွေကို ချရေးဖြစ်တယ် ။ ထွက်ပေါက်တစ်ရပ်အနေနဲ့ပေါ့လေ ။ ဒိုင်ယာရီရေးတာက ထွက်ပေါက်တစ်ရပ်လိုဖြစ်လာတော့ အကျိုးတွေကတော့ များတယ်။ အနည်းဆုံးတော့ ထွက်ပေါက်မမှားစေတဲ့ အကောင်းဆုံးသော ထွက်ပေါက်ရှာနည်းပေါ့။ ချစ်ရတဲ့လူတွေကိုလည်း အပူမကူးစေချင်တဲ့သူဖြစ်နေတော့ ကိုယ် နာကျင်ရတာ ဝမ်းနည်းရတာတွေကို မပြောဖြစ်ခဲ့ဘူး ။မပြောလည်း မနေနိုင်တဲ့ အခြေအနေတွေမှာဆို ဒိုင်ယာရီရေးခြင်းက အဖော်မွန်ကောင်းဖြစ်လာရတယ်။ နောက်တစ်ခုက ရေးပြီးသား ဒိုင်ယာရီ‌တွေကို ပြန်ဖတ်တဲ့အခါ တစ်ချိန်က အမှတ်ရစရာအချိန်တွေကို ပြန်ရစေတယ် ။ အထူးအားဖြင့်တော့ အဲ့အချိန်က ကိုယ့်အ‌တွေးတွေ မှားခဲ့သလား ၊မှန်သလားဆိုတာ ပြန်ဆန်းစစ်မိစေတယ် ။ တစ်ချို့အရာတွေဆို " ဪ ...ငါ တော်တော် ကလေးစိတ်နဲ့ မပြည့်ဝခဲ့ပါလား " လို့ တွေးရင်း ပြုံးရသေးတယ် ။လိုတာရှိတယ် ထင်ရတဲ့ စိတ်အခြေအနေ‌တွေကို ပြန်ပြင်ခွင့်လည်း ရစေတယ်ပေါ့ ။”

မီဒီယာသမားတစ်ဦးဖြစ်တဲ့ ခိုင်သင်ဇာပိုမိုကလည်း ဒိုင်ယာရီရေးတဲ့ အကြောင်းကို ခုလို Duwun ကို ပြောပြပါတယ်။

"အဓိကရေးဖြစ်တာကတော့ ကိုယ်ဖြစ်ချင်တဲ့စိတ်ကူးလေးတွေ Plansလေးတွေရေးဖြစ်တယ်။ တစ်ခါတလေ ကဗျာလေးတွေရေးတယ်။ ကိုယ့်အမှတ်တရနေ့လေးတွေရေးမှတ်တယ်ပေါ့နော်။ ညီမအနေနဲ့ကတော့ ဒိုင်ယာရီရေးတာကောင်းပါတယ်။ ညီမတို့ ဖုန်းနဲ့မှတ်ရင်မှားပါသွားရင် ပြန်မရတတ်ဘူးလေ။ စာအုပ်ထဲမှာရေးမှန်တော့ ကိုယ်လိုတဲ့အခါ ဖတ်ချင်တဲ့အခါ အလွယ်တကူရှာလို့ရတယ်။ပြီးတော့ ကိုယ့်ရဲ့ အရေးအသား တိုးတက်တယ်လို့ ထင်ပါတယ်။"

How She Did It Page ရဲ့ Life Coach တစ်ယောက်ဖြစ်တဲ့ ဆရာမ နန်းအိအိမွန်က ဒိုင်ယာရီရေးသားခြင်းရဲ့ ကောင်းကျိုးတွေအကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။

"ဒိုင်ယာရီရေးတာကို ဘဝအတွက် အရမ်းကောင်းတယ်လို့ အစ်မ ယုံကြည်တယ်။ နေ့စဉ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ရေးတာပဲဖြစ်ဖြစ်၊စိတ်ဖိစီးမှုရှိတဲ့အချိန်မှာ ရေးတာပဲဖြစ်ဖြစ်၊ စိတ်ပျော်နေတဲ့ အချိန်မှာ ရေးတာပဲဖြစ်ဖြစ်၊ အကျင့်လေးလုပ်ပြီး ရေးတာကောင်းပါတယ်။ ဒိုင်ယာရီရေးမယ်ဆိုရင် ကိုယ်ရဲ့ နေ့စဉ်ဖြတ်သန်းရတဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားဖြစ်တယ်။ အဲဒီလို တွေးလိုက်တဲ့အခါမှာကျတော့ ကိုယ့်ရဲ့ တစ်နေ့တာရဲ့ Favorite Part ကဘာလဲ၊ စိတ်ဖိစီးမှုတွေရှိတယ်ဆိုရင်လည်း ဘာ့ကြောင့် စိတ်ဖိစီးတာလဲဆိုတာတွေကို တွေးဖြစ်သွားတယ်။ ဒိုင်ယာရီရေးတော့မယ်ဆိုရင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို စကားလုံးဖြစ်အောင် ပုံပြောင်းတဲ့နေရာမှာ အားစိုက်ထုတ်ရတယ်။ တစ်ခါတလေ ကိုယ့်အတွေးထဲမှာတော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် စကားလုံးနဲ့ ပြန်ရှင်းပြပါ၊ ရေးပြပါဆိုတဲ့အခါမှာ ပုံမဖော်တတ်တော့ဘူး။ အဲဒါက articulated မဖြစ်ဘူးလို့ခေါ်တယ်။ ကိုယ့်အတွေးကို Communicate မလုပ်တတ်တာ။ အဲဒါက Part of the Communication Skill ပဲ။ ဒိုင်ယာရီရေးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရာအများကြီးရတယ်။ ကိုယ်ရေးတဲ့ဒိုင်ယာရီကို ကိုယ်ပြန်ဖတ်တယ်ဆိုရင် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်နားလည်လာတယ်။ ကိုယ့်ရဲ့ ကလေးဘဝကအတွေးတွေ ၊ ကိုယ်တွေ့ကြုံခဲ့ရတာတွေ ၊ ကိုယ့်ခံစားချက်တွေကို ပြန်သုံးသပ်တတ်လာတယ်။ ကိုယ့်ရဲ့ မပြင်ဖြစ်တဲ့ မကောင်းတဲ့အကျင့်တွေကိုလည်း ပြန်ပြီး Remind ဖြစ်သွားတယ်။ တစ်ခါတလေ ကိုယ့်မှာ စကားပြောဖော်မရှိဘူး၊ ကိုယ့်ရဲ့ အတွေးတွေကိုလွတ်လွတ်လပ်လပ် ပြောချင်တဲ့ အချိန်မျိုးတွေမှာ လူမရှိဘူးဆိုရင် ဒိုင်ယာရီရေးတာက အကောင်းဆုံးပါပဲ။ ဒိုင်ယာရီရေးမယ်ဆိုရင် ကိုယ့်အတွေးJudge လုပ်မယ့်သူတွေလည်း မရှိဘူး။ ကိုယ်ကလည်း လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ့ အချိန်ဆိုတော့ ကိုယ့်ရဲ့ အတွေးအစစ်အမှန်ကို မြင်ရတာပေါ့။အမျိုးသမီးတွေအနေနဲ့ ဒိုင်ယာရီရေးသင့်တယ်လို့ အစ်မထင်တယ်။ ဘာလို့လဲဆိုတော့ တော်တော်များများက လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်မရတာတွေ ကြုံရတာတွေများတယ်။အမျိုးသမီးတွေအနေနဲ့စိတ်ခံစားချက်ကို ပြောပြတဲ့နေရာမှာ ထွက်ပေါက်က အရမ်းနည်းတယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ခေါင်းထဲမှာ ထားပြီးတော့ ပိတ်နေမယ့်အစား အဲဒီလိုမျိုး ချရေးလိုက်တာက ပိုကောင်းတယ်။ ပြီးတော့ ကိုယ်ရေးတာကို ပြန်ဖတ်တာက ပိုပြီး အကျိုးရှိတယ်။ အစ်မလည်း အမျိုးသမီးတွေကို စာရေးဖို့အတွက် Page ကနေ အမြဲတိုက်တွန်းဖြစ်ပါတယ်။"

ကဲ..ဒါဆိုရင်တော့ ဘဝရဲ့ အကောင်းဆုံး သက်မဲ့အဖော်မွန်ဖြစ်တဲ့ ဒိုင်ယာရီရေးတဲ့ အလေ့အထကို

ဒီနေ့ကစပြီး အကျင့်လုပ်ရင်း ကိုယ့်ဘဝအတွက် ကောင်းကျိုးတွေရရှိအောင် ရေးသားကြဖို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါရစေ။


က္က