တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ ခရီးမသွားဖြစ်ဘဲ အိမ်မှာပဲ နေဖို့ စိတ်ကူးထားတဲ့သူတွေအတွက် ခရီးမသွားရပေမယ့်လည်းအိမ်မှာ စိတ်လက်အပန်းပြေစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
Thin Nu Swe

တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ ခရီးမသွားရလို့ စိတ်ညစ်နေစရာမလိုဘဲ အပန်းဖြေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ခရီးထွက်မှ စိတ်လက်အပန်းပြေတာမဟုတ်ပါဘူး။ အိမ်မှာနေရင်းလည်း စိတ်လက်အပန်းပြေစေမယ့် နည်းလမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်။ ခရီးမထွက်ရလို့ စိတ်ညစ်မနေပါနဲ့။ လူတိုင်း ခရီးထွက်နေကြတာဖြစ်တဲ့အတွက် လူရှုပ်ရှုပ်နေရာတွေကို မကြိုက်နှစ်သက်ဘူးဆိုရင် ခရီးထွက်မှ ပိုစိတ်ရှုပ်တာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။

ကဲ….ဒီလိုဆိုတော့ အိမ်မှာ ရုံးပိတ်ရက်နဲ့လည်း တန်အောင် ဘာတွေလုပ်လို့ရနိုင်လဲ။

စာအုပ်ဖတ်ပါ

ရုံးအလုပ်တွေနဲ့ မိုးလင်းမိုးချုပ် ဆက်တိုင်ဆိုသလို သွားလာလှုပ်ရှားနေရတဲ့ မဒီတို့အတွက် စာဖတ်ဖို့ဆိုတာ အချိန်ရှားသွားသလို ဖြစ်နေပါလိမ့်မယ်။ စာဖတ်တယ်ဆိုရင်လည်း အွန်လိုင်းပေါ်က ဖုန်းပေါ်က စာတွေကိုပဲ ဖတ်ခဲ့ကြရတာမျိုးတွေသာ ဖြစ်နေမှာပါ။ခုလို ရုံးပိတ်ရက်ကလေးရတုန်း အားလပ်ချိန်လေးတွေရှိနေတုန်း စာအုပ်ကိုင်ပြီး စာပြန်ဖတ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဖုန်းကို အမြဲတမ်း လက်ကမချတမ်းနေတာဟာ နေ့စဉ်ရက်ဆက်ဖြစ်နေပါပြီ။ စာအုပ်နဲ့ ဖတ်ရတဲ့ အရသာလေးကို ဒီရုံးပိတ်ရက်မှာ ပြန်ပြီး ခံစားကြရအောင်ပါ။

သတင်းထောက်တစ်ဦးဖြစ်တဲ့ မနှင်းမိုကတော့ သူ့ရဲ့ အားလပ်ရက်တွေကို အသုံးချချင်တဲ့ နည်းလမ်းတွေအကြောင်း Duwun ကို ပြောပြပါတယ်။

"Now & Ever ကြည့်ချင်တယ်။ စာအုပ်ဖတ်မယ်။ သူငယ်ချင်းတွေနဲ့ တွေ့ချင်တယ်။ စိတ်ထဲ အဆင်မပြေတာရှိခဲ့တာတွေကို အေးအေးဆေးဆေးစကားနဲ့ ညှိနှိုင်း ဆွေးနွေးချင်တယ်။ စာမရေးတာကြာတော့ စာရေးမယ်။ စာပေတွေအကြောင်းစိတ်ဝင်စားသူတွေနဲ့ ဆွေးနွေးမယ်။ ငြင်းခုန်ချင်တယ်။ ညီမ အလုပ်ချင်ဆုံးနဲ့ မအားလို့ မလုပ်ဖြစ်တာ။ ညီမက ဟိုးငယ်ငယ်တည်းက စာရေးဆရာမ ဖြစ်ချင်တာ...အခုချိန်ထိပဲ။ ကျောင်းတက်တုန်းက စာရေးတယ်။ စာအုပ်ဖတ်ရတာလည်း ကြိုက်တယ်။ စိတ်ညစ်ရင်တောင် စာအုပ်ဖတ်တယ်။ စာအုပ်တွေက ညီမအတွက် သိပ်အရေးပါတယ်။ ညီမရဲ့ အတွေးအခေါ်တွေရဲ့ မူလဇစ်မြစ်က စာအုပ်စာပေပဲ။ အရင်တည်းက စာအုပ်ပုံကြားနေနေကျ ဆိုတော့ အခုအားလပ်ရက်လည်း ဒီလိုပဲ ပြန်နေချင်တယ်။ "

ရုပ်ရှင်ကြည့်ပါ

အလုပ်တွေများနေတော့ ကိုယ်ချစ်တဲ့ သဘောကျတဲ့ ရုပ်ရှင်တွေကိုကြည့်ဖို့ အချိန်မရှိတာမျိုးတွေ မဒီတို့ ခံစားခဲ့ရတယ်ဆိုရင် ဒီချိန်ဟာ ရုပ်ရှင်တွေ ကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကိုရီးယားဇာတ်လမ်းတွဲပဲကြည့်မလား၊ ဒရမ်မာဇာတ်ကားကောင်းတွေပဲကြည့်မလား ၊ ကိုယ်သဘောကျတဲ့ ရုပ်ရှင်တွေ ဒေါင်းထားပြီး အိမ်မှာ မထတမ်းကြည့်ဖို့ အချိန်ရသွားပြီ။ ရုပ်ရှင်ကြည့်ချင်ပေမယ့် အချိန်မရလို့ ရုပ်ရှင်ငတ်နေသူတွေအတွက် ဒီပိတ်ရက်ကတော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။အိမ်မှာပဲ ရုပ်ရှင်ကြည့်မှမဟုတ်ပါဘူး။ ရုံတင်ကားတွေမှ ကြည့်ချင်တယ်ဆိုရင်လည်း ဒီလို ရုံးပိတ်ရက်က အဆင်ပြေမှပြေပါ။ ခု ရုံတင်တဲ့ ဇာတ်ကားတွေကလည်း အရမ်းကောင်းနေတာဆိုတော့ ရုပ်ရှင်ကြိုက်မဒီတို့အတွက်ကတော့ အခွင့်အရေးကောင်းပါ။

သူငယ်ချင်းတွေနဲ့တွေ့ပါ

လူတိုင်း နေ့စဉ်ရုံးတက်နေကြရ ၊ လုပ်ငန်းခွင်ဝင်ကြရနဲ့ သူငယ်ချင်းတွေ တွေ့ဖို့ဆိုတာ တကယ်ကို မလွယ်ကူလွန်းတဲ့ ကိစ္စပါ။ တွေ့ဖြစ်ရင်လည်း ညဘက် ရုံးဆင်းချိန်မှ ဆိုင်ထိုင် ထွေရာလေးပါးပြော ဒီလိုအချိန်လေးတွေပဲ ရခဲ့ကြတာပါ။ ခုတော့ ရုံးပိတ်ရက်တွေ ရထားပြီဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ အသင့်တော်ဆုံးအချိန်ပါပဲ။ သူငယ်ချင်းဆိုတဲ့နေရာမှာ တကယ့်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းအစစ်အမှန်တွေနဲ့ တွေ့ဖို့လိုပါတယ်။ အတုအယောင်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြုံးချင်ယောင်ဆောင်ပြီး သူပြိုင်ကိုယ်ပြိုင် စကားတွေကြွားလုံးထုတ်နေရမယ်ဆိုရင် ရုံးပိတ်ရက်ကို အလဟဿဖြစ်သွားပါလိမ့်မယ်။ သူငယ်ချင်းအစစ်အမှန်တွေနဲ့တွေ့ ၊ တွေ့တဲ့အခါမှာလည်း တစ်ယောက်ယောက်ရဲ့ အိမ်မှာတွေ့ကြတာက အကောင်းဆုံးပါပဲ။ အိမ်မှာ လွတ်လွတ်လပ်လပ်အော်ရယ် ၊ ပေါင်းတင်ကပ်ခွာတွေကပ်၊ မကျေနပ်တဲ့အကြောင်းတွေ ၊ အဆင်မပြေတဲ့အကြောင်းတွေ ၊ ရင်ထဲမကျေလည်သမျှတွေကို အချင်းချင်းပြောကြဆိုကြ နှစ်သိမ့်ကြတာမျိုးနဲ့ အချိန်ဖြုန်းမယ်ဆိုရင် စိတ်ထဲက အစိုင်အခဲတွေလည်း ရှင်းလင်းသွားပြီး ရုံးပိတ်ရက်ဟာ တန်ဖိုးရှိသွားပါလိမ့်မယ်။

ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်းဆောင်ရွက်ပါ

အလုပ်တွေများလို့ အချိန်မပေးနိုင်တဲ့အတွက် လုပ်ချင်ပေမယ့် မလုပ်ရသေးတဲ့ အရာတွေရှိပါတယ်။ အဲဒါတွေကတော့ ဝါသနာပါရာအလုပ်တွေ ဖြစ်နေတတ်တာများပါတယ်။ စာရေးတာ ဝါသနာပါတဲ့သူက စာရေးဖို့ အမြဲ ဆန္ဒရှိနေတာမျိုး ၊ ပန်းချီဆွဲချင်နေပေမယ့် အချိန်မရလို့ အဲဒီဘက်မလှည့်နိုင်သေးတာမျိုး ၊ KTV သွားပြီး သီချင်းအော်ဟစ်ဆိုချင်တာမျိုး ၊ စက္ကူကြယ်လေးတွေခေါက်ချင်တာမျိုး ၊ သစ်ပင် ပန်းပင်လေးတွေ စိုက်ပျိုးချင်စိတ်ရှိတာမျိုး ၊ နောက်ဆုံး အိမ်ရှင်းချင်နေပေမယ့် အလုပ်များနေလို့ မလှည့်နိုင်တာမျိုးတွေအထိ ကိုယ်စိတ်ဆန္ဒရှိနေတာမျိုးတွေကို ဒီပိတ်ရက်မှာ လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မိသားစုနဲ့အတူ ဟင်းချက်စားပါ

ဒီလို မိသားစုဝင်တိုင်း ကိုယ့်အလုပ်ကိုယ် လုပ်ပြီး ရှုပ်နေကြတဲ့ အချိန်မှာ မိသားစုထမင်းဝိုင်းဆိုတာက ဝေးကွာသထက် ဝေးကွာလာပါတယ်။ မိသားစုဝင်အချင်းချင်းတောင် တစ်ယောက်ကို တစ်ယောက် တွေ့ရဖို့ အတော်ခက်ခဲနေတဲ့ ခေတ်အခြေအနေကို ရောက်ရှိနေကြတာပါ။ ဒါ့ကြောင့် ဒီလို ရုံးပိတ်ရက်လေးရတုန်းမှာ မိသားစုထမင်းဝိုင်းလေး ဖွယ်ဖွယ်ရာရာ ပြင်ဆင်တာမျိုး ၊ ဒါမှမဟုတ် အိမ်မှာ တစ်ခုခု ချက်ပြုတ်စားသောက်တာမျိုး ၊ မုန့်လုပ်စားတာမျိုး (တုတ်ထိုးအစုံလိုမျိုး ၊ သင်္ဘောသီးထောင်း လုပ်စားတာမျိုး စသဖြင့် ) မိသားစုဝင်တိုင်းလိုလို ကြိုက်နှစ်သက်တဲ့ အစားအစာကို လုပ်စားကြတာမျိုးနဲ့ မိသားစုဆိုတဲ့ အငွေ့အသက်ကို ဒီပိတ်ရက်မှာ ရယူပါ။

Customer Service Executive တစ်ယောက်ဖြစ်တဲ့ မကဗျာရိပ်ကတော့ သူ့ရဲ့ အားလပ်ရက်ကုန်ဆုံးစေမယ့် အကြောင်းအရာကို Duwun ကို ခုလိုပြောပြပါတယ်။

“အားလပ်ရက်ကိုတော့ မရောက်ဖူးသေးတဲ့နေရာတွေကိုခရီးတွေသွားချင်တယ်။ ခရီးမသွားရဘူးဆိုရင်တော့ စားချင်တာတွေစားပြီး သဘာဝအရသာခံစားရင်း စာအုပ်တွေဖတ်မယ်။ အကျိုးရှိတာဆိုရင်တော့ တစ်ခုခုကို Learning လုပ်ဖြစ်တယ်။ စာအုပ်ဖတ်တာက ဝါသနာဖြစ်နေတော့ ပုံမှန်ပါပဲ။ အားလပ်ချိန်တော်တော်များများမှာ စာအုပ်ဖတ်လေ့ရှိတယ်။ စာအုပ်ဖတ်နေချိန်ဆို တစ်ခြားစိတ်ညစ်စရာအတွေးတွေမရှိတော့ဘူး စာအုပ်ထဲမှာနစ်မြုပ်မိတာပဲ”

ရပ်ကွက်ထဲ စက်ဘီးပတ်စီးပါ

ငယ်ငယ်က ရပ်ကွက်ထဲ စက်ဘီးပတ်စီးတာမျိုးတွေ လုပ်ဖူးတဲ့သူတွေရှိတယ်ဆိုရင် ဒါက ကိုယ့်အတွက် ငယ်ဘဝရဲ့ အရိပ်တစ်ခုကို ခံစားရစေသလို စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ စက်ဘီးလေးစီးပြီး ရပ်ကွက်လမ်းတွေထဲ လျှောက်ပတ်ကြည့်ပါ။ ဒါကလည်း ကိုယ့်စိတ်ကို အသစ်အဆန်းဖြစ်စေတဲ့အရာပဲဖြစ်ပါတယ်။ အိမ်မှာ စက်ဘီးမရှိဘူးဆိုရင်တောင် ညနေဘက် ဒါမှမဟုတ် မနက်ခင်းမှာ ကိုယ့်ရဲ့ ရပ်ကွက် ပတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်တာမျိုး ၊ ရပ်ကွက်ထဲက လူကြီးသူမ နဲ့ ကလေးတွေကို ပြုံးပြတာမျိုး ၊ စကားစမြည်ပြောဆိုတာမျိုးတွေ ပြုလုပ်ပေးမယ်ဆိုရင် ကိုယ့်စိတ်ကလေးကလည်း ကြည်လင်လန်းဆန်းလာပါလိမ့်မယ်။

Business Development manager တစ်ဦးဖြစ်တဲ့ လွင်မေသူကတော့ ပိတ်ရက်မှာ ခရီးမထွက်ရရင် အိမ်မှာဘယ်လို အနားယူသင့်တယ်ဆိုတဲ့ အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

"အရမ်းstress တွေများတဲ့သူဆို ဖောက်ထွက်ပစ်လိုက်စေချင်တယ်။ အားကစားတစ်ခုခုနဲ့ပေါ့။ မနက်စောစော လမ်းထလျောက်ပြေးတာမျိုး တစ်ခုခုပေါ့။ ချွေးထွက်ရင် stress သက်သာစေတယ်။ ဉာဏ်ပွင့်တယ်။ သာမာန်နား‌နေမှုဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်လိုက်တာအကောင်းဆုံးပဲ။ အိမ်မှာ နားနားနေနေနေ ၊ သူများထက် ကိုယ့်အတွက်အချိန်ပေးနားစေချင်တယ်။ ကိုယ်ကြိုက်တာလေးတွေချက်စား ဝယ်စား ကြိုက်တာလုပ် ၊ ပြီးရင် အိပ်ရေးဝအောင်အိပ်ရင် ဒါဆို ပြည့်စုံပါတယ်။ ဒီပိတ်ရက်တွေမှာ မုန်းသူချစ်သူ ဘယ်သူ့အကြောင်းမှ မတွေးဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်လိုက်စေချင်တယ်။ ကျွန်မကိုယ်တိုင်လဲ အဲဒီလိုပဲ နေတယ်။"

ဒါလေးတွေကတော့ အိမ်မှာနေရင်း ကိုယ့်စိတ်ကို ပျော်ရွှင်ကြည်နူးစေပြီး အပြည့်အဝနားလိုက်ရတယ်လို့ ခံစားရစေမယ့် အပန်းဖြေနည်းလေးတွေပဲဖြစ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ ရုံးပိတ်ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။


က္က