၂၀၁၉ ခုနှစ်အတွင်းမှာ ပရိသတ်ရွေးချယ်ပေးထားတဲ့ ပေါ့ပ်ဘုရင်မ ၅ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Thin Nu Swe

ပေါ့ပ်သီချင်းတွေကို နှစ်ခြိုက်ကြတဲ့ မဒီတို့အတွက် ၂၀၁၉ ခုနှစ်အတွင်း ထိပ်တန်းစာရင်းဝင် ပေါ့ပ်ဘုရင်မတွေကို သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်အကြိုက်ဆုံး ဘယ်အဆိုတော်က ထိပ်တန်းစာရင်းဝင်ထဲမှာ ပါဝင်နေမလဲဆိုတာကို ခုပဲဖော်ပြပေးချင်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ထိပ်တန်းပေါ့ပ်ဘုရင်မ ငါးဦးကတော့

Ariana Grande

အမေရိကန် တေးရေး တေးဆို Ariana Grande ကို ဖလော်ရီဒါမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာ အသက် ၂၆ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အနုပညာသက်တမ်းအားဖြင့် ၁၁နှစ်ကျော်ကို ရောက်ရှိနေပါပြီ။ ဒီသက်တမ်း ၁၁နှစ်ကျော်မှာ သူကတော့ ဆုပေါင်း ၉၅ဆုကျော်ကို ဆွတ်ခူးရရှိပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်အဖြစ် ကျော်ကြားအောင်မြင်နေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အောင်မြင်ကျော်ကြားလူသိများတဲ့ သူ့ရဲ့ တေးသီချင်းသစ်တွေကတော့ Thank U Next , "7 Rings" , "Break Up With Your Girlfriend, I’m Bored" စတဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။ လူကောင်သေးသေးလေးနဲ့ ချစ်စရာဟန်ပန်အမူအယာတွေကို ပိုင်ဆိုင်ထားတဲ့ Ariana Grande ကတော့ ၂၀၁၉ ခုနှစ်ရဲ့ ပေါ့ပ်ဘုရင်မစာရင်းမှာ နံပါတ်တစ်ချိတ်ထားသူဖြစ်ပါတယ်။

 Taylor Swift

နံပါတ်နှစ်နေရာမှာတော့ Taylor Swift ကနေရာယူထားပါတယ်။ သူကလည်း အမေရိကန်တေးရေး တေးဆိုတစ်ယောက်ပါပဲ။ အသက်အားဖြင့်တော့ ၂၉နှစ်ရှိနေပါပြီ။ တေးရေးတေးဆို ၊ ပရိုဂျူဆာ၊ မြူးဇစ်ဗီဒီယိုဒါရိုက်တာ ၊ သရုပ်ဆောင်စတဲ့ ဂုဏ်ပုဒ်များစွာကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အနုပညာသက်တမ်းကတော့ ၁၅နှစ်တိုင်ခဲ့ပါပြီ။ သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ကမ္ဘာနဲ့ အဝှမ်းပါပဲ။ အနုပညာကို စိတ်ရောကိုယ်ပါမြှုပ်နှံထားတဲ့သူ့အတွက် ရရှိထားတဲ့ ဆုတံဆိပ်တွေ ကလည်း မနည်းမနောပါပဲ။ ၂၀၁၉ခုနှစ်အတွင်း လူကြိုက်များကျော်ကြားတဲ့ သူ့ရဲ့ တေးသီချင်းတွေကတော့ Ready for It? , End Game, Delicate, Look What You Made Me Do, Gorgeous စတဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။

Camila Cabello

နံပါတ် ၃ နေရာမှာ ရပ်တည်နေသူလေးကတော့ Camila Cabello ပဲဖြစ်ပါတယ်။ သူကတော့ အသက် ၂၂နှစ်သာရှိသေးတဲ့ ကျူးဘား-အမေရိကန် တေးရေး တေးဆို အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ ၇နှစ်သာရှိသေးပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်ပေါင်းများစွာကို သိမ်းပိုက်ထားနိုင်တဲ့ R&B အဆိုတော်တစ်ယောက်ပါ။ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်နဲ့ အသံသာသာလေးကြောင့် တေးချစ်သူတွေရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း လူတွေရဲ့ ပါးစပ်ဖျားမှာ လိုက်ဆိုရလောက်အောင် ကျော်ကြားခဲ့တဲ့ သူ့ရဲ့ သီချင်းတွေကတော့ Liar, Shameless, South of the Border, Cry for Me , Easy နဲ့ Senorita သီချင်းတွေပဲ ဖြစ်ပါတယ်။

Bebe Rexha

အသက် ၃၀ ရောက်နေပြီဖြစ်တဲ့ မမ Bebe Rexhaကတော့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ Pop , hip hop, R&B နဲ့ country တေးသီချင်းတွေကို သီဆိုရေးစပ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ၂၀၁၀ ခုနှစ်က ဂီတလောက်ကထဲ စတင်ဝင်ရောက်ခဲ့သူမို့ အနုပညာသက်တမ်းကတော့ ၉နှစ်ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ သူ့ရဲ့ "Meant to Be" , "Call You Mine" , "Girl in The Mirror" နဲ့ Herself တေးသီချင်းတွေ ပရိသတ်တွေကြားရေပန်းစားခဲ့သလို ဆုတံဆိပ်တွေ ၊ ဆန်ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့တဲ့ တေးသီချင်းတွေပဲဖြစ်ပါတယ်။

Selena Gomez

အသက် ၂၇နှစ်အရွယ် Selena Gomez ကတော့ နံပါတ် ၅နေရာမှာ ရှိနေပါတယ်။ ၂၀၀၂ ခုနှစ်က ဂီတလောကထဲ ဝင်ရောက်လာတဲ့သူဟာ ခုဆိုရင် အနုပညာသက်တမ်းက ၁၇နှစ်ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အချစ်ရေးတွေကြောင့် နာမည်ကြီးသလို သူ့ရဲ့ တေးသီချင်းတွေကလည်း နားထောင်သူပရိသတ်တွေရဲ့ ရင်ကို ထိမှန်စေတဲ့စာသားတွေပဲဖြစ်ပါတယ်။ ဆုပေါင်း ၉၀ကျော် ရရှိပိုင်ဆိုင်ထားပြီး သူ့ရဲ့ မြူးဇစ်ဗီဒီယိုတွေဟာလည်း တကယ်ကို ပရိသတ်ကြား ရေပန်းစားကျော်ကြားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ကျော်ကြားတဲ့ တေးသီချင်းတွေကတော့ "Back to You", "Wolves", "I Can't Get Enough", "Taki Taki" နဲ့  The Dead Don't Die တို့ပဲဖြစ်ပါတယ်။ ဒီတေးသီချင်းတွေကတော့ ဆုတံဆိပ်တွေ ၊ ဆန်ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့တဲ့ တေးသီချင်းတွေလည်း ဖြစ်ပါတယ်။

ကဲ…ခုတော့ ၂၀၁၉ ခုနှစ်ရဲ့ ပေါ့ပ်ဘုရင်မတွေနဲ့ သူတို့ရဲ့ ၂၀၁၉ခုနှစ်အတွင်း ကျော်ကြားအောင်မြင်နေတဲ့ တေးသီချင်းတွေကို ဖော်ပြပေးခဲ့ပါတယ်။ တေးသီချင်းတွေကို ချစ်မြတ်နိုးကြတဲ့ မဒီတို့ရဲ့ အကြိုက်နဲ့ ကမ္ဘာတစ်ဝန်းက ကြိုက်နှစ်သက်ကြတဲ့ တေးသီချင်းတွေနဲ့ ကိုက်ညီမှုရှိမရှိ တိုက်ကြည့်လိုက်ကြပါဦးနော်။



 



က္က