လူတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဘဝမှာ အရမ်းကို လူပင်ပန်းစိတ်ပင်ပန်းနေတာမျိုး ဖြစ်တတ်ပါတယ်။
Thin Nu Swe

ဒီလို လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရတာက အမျိုးသမီးတွေတင်မဟုတ် အမျိုးသားတွေလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အရာတိုင်းလိုလိုကို ခေါင်းထဲထည့်ပြီး စိုးရိမ်ပူပန်တတ်တဲ့ အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် ပိုလို့တောင် စိတ်ပင်ပန်းတတ်ကြပါတယ်။ စိတ်ပန်း ၊ လူပန်းဖြစ်လာတဲ့အခါမျိုးမှာ ပန်းတိုင်ဆိုတာတွေ ၊ ဘဝအတွက် ခွန်အားဆိုတာတွေကို စဉ်းစားမနေချင်တော့ဘဲ အားလုံးနဲ့ ဝေးရာကိုသာ ပြေးသွားချင်တဲ့ စိတ်တွေ ဖြစ်တတ်ကြပါတယ်။ ဒီလို ဘဝက ဘာအဓိပ္ပါယ်မှန်း မသိနိုင်လောက်အောင် ပင်ပန်းနွမ်းလျနေပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် Restart ချရမယ့် အချိန်ရောက်လာပါပြီ။

ဖုန်းတွေ၊ စက်ပစ္စည်းတွေကို Restart ချရတာ လွယ်ပေမယ့် လူကို Restart ချဖို့ရာ လွယ်ကူပါ့မလား။ အောက်က အချက်ကလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် Restart ချကြည့်ပါ။

-လေ့ကျင့်ခန်းလုပ်ပါ



အရင်ဆုံး ကိုယ့်ရဲ့ စိတ် နဲ့ ခန္ဓာ ကို အရင်အနားပေးလိုက်ဖို့လိုအပ်ပါတယ်။ အနားပေးတဲ့ နေရာမှာ ငြိမ်ငြိမ်ကလေး နေနေမှ ၊ အိပ်နေမှ အနားပေးတယ်လို့ မခေါ်ပါဘူး။ ခေတ်သစ်အနားပေးနည်း တစ်ခုကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ အချိန်ပေးနိုင်သူတွေအတွက် gym ဆော့ပေးလို့ရပါတယ်။ Gym ကို အချိန်ပေးပြီး မသွားနိုင်ဘူးဆိုရင်တောင်မှ အိမ်မှာ ကိရိယာလွတ် လေ့ကျင့်ခန်းလုပ်တာ၊ ကြိုးခုန်တာ ၊ ကိုယ့်အိမ် ၊ ကိုယ့်လမ်းရဲ့ အနီးနားတစ်ဝိုက်ကို ပြေးတာတွေ လုပ်ပေးသင့်ပါတယ်။ မနက်အစောပိုင်းကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုရင်တောင်မှ ကြက်တောင်ရိုက်တာ၊ စက်ဘီးစီးတာမျိုးတွေကလည်း ကိုယ့်ရဲ့ စိတ်ကို လန်းဆန်းတက်ကြွလာစေပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားပေးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက ချွေးပုပ်တွေ ထွက်သွားတဲ့အတွက် လူက လန်းဆန်းလာပါတယ်။ သွက်လက်တဲ့ လှုပ်ရှားမှုနဲ့အတူ သွေးလည်ပတ်မှုအားလည်း ကောင်းလာပါတယ်။ စိတ်ပင်ပန်း ၊ လူပင်ပန်း ဖြစ်နေတဲ့အတွက် ထိုင်းမှိုင်းနေတာတွေကိုလည်း လန်းဆန်းတက်ကြွမှုအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ မိန်းကလေးတွေ အကြိုက်ဆုံး ဖြစ်စေမယ့်တစ်ချက်ကတော့ လေ့ကျင့်ခန်းလုပ်သူတွေဟာ အသားအရေစိုပြေကြည်လင်မှုကို ရရှိစေနိုင်တာပဲဖြစ်ပါတယ်။

-ဘဝထဲက မကောင်းတဲ့အရာတွေကို မေ့ဖျောက်ပစ်ပါ

အစွဲအလမ်းကြီးပြီး တစ်ခုခုဆို မေ့ဖျောက်မရတတ်တဲ့ မိန်းကလေးတွေရဲ့ အကျင့်ကြောင့် အရာတစ်ခုကို စွဲလမ်းမိပြီဆိုရင် ဖျောက်ဖျက်ရ အရမ်းခက်ပါတယ်။ စွဲလန်းနေတဲ့ အရာကသာ မကောင်းတဲ့ အရာတွေ ၊ကိုယ့်စိတ်ကို ထိခိုက်စေမယ့်အရာတွေ၊ ကိုယ့်ရဲ့ အမှားတွေဖြစ်နေခဲ့မယ်ဆိုရင်တော့ ဘဝကြီးက နေလို့မကောင်းတော့ဘဲ နေ့ရက်တွေတိုင်းဟာ စိတ်ညစ်ညူးပင်ပန်းစရာတွေသာ ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ဘယ်လောက်အစွဲအလမ်းကြီးနေပါစေ။ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကို စိတ်အနှောင့်အယှက်ပေးမယ့် ညစ်ညူးပင်ပန်းစေမယ့်အရာဆိုရင်တော့ တတ်နိုင်သမျှ မေ့ဖျောက်ပစ်လိုက်တာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမည်ပါတယ်။

-ဝါသနာပါရာကို အချိန်ပေးပါ

ဘဝက ဘာအဓိပ္ပါယ်မှ မရှိသလို ခံစားနေရတာက ကိုယ်လုပ်ချင်ရာကို မလုပ်ရလို့ ခံစားရတဲ့ ခံစားချက်ပါ။ ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ ဘဝကို နေ့စဉ် စိတ်ပင်ပန်း ၊ လူပင်ပန်းနဲ့ မခံစားချင်ဘူးဆိုရင် ကိုယ်ကြိုက်ရာ ကိုယ်လုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ် စိတ်ဝင်စားတာ ၊ ကိုယ်ဝါသနာပါတာကို လုပ်နေရတဲ့အချိန်မှသာ လူက ဘဝရဲ့ အဓိပ္ပါယ်ကို ခံစားမိမှာဖြစ်ပါတယ်။ ကိုယ် လုပ်နေတဲ့အလုပ်က ကိုယ့်ဝါသနာမဟုတ်ခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ အချိန်လေးတွေကို နည်းနည်းလောက်ဖဲ့ပေးပြီး ဝါသနာပါရာလေးတွေ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

-အချိန်ဖြုန်းနေတာတွေကို လျော့ချပါ



တချို့အရာတွေက ကိုယ် မလုပ်ချင်ဘဲ လုပ်လိုက်တာတွေ ၊ ဘာမှန်းမသိဘဲ အချိန်ကုန်သွားတာတွေ အများကြီးရှိပါတယ်။ ဒါတွေကလည်း ဘာမှမဟုတ်ပေမယ့် ကိုယ့်ကို စိတ်ပင်ပန်း လူပင်ပန်းစေတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ဒီဘက်ခေတ်မှာ ကိုယ်မလုပ်ချင်တာကို မလုပ်ဘဲ ငြင်းဆန်ဖို့ အားနာနေဖို့ မသင့်တော့ပါဘူး။ လုပ်သင့်တာ ၊ လုပ်ချင်တာကို မလုပ်ရဘဲ တခြားအရာတွေ လုပ်မိနေလို့ အချိန်ကုန် လူပန်းနေတာတွေကို လွှတ်ချလိုက်ရမယ့် အချိန်ရောက်နေပါပြီ။ မလိုအပ်ဘဲ ကိုယ့်အချိန်တွေကို အကျိုးမရှိ မကုန်ဆုံးစေပါနဲ့ ။

ဘဝကို Restart ချပြီးသွားပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းဖို့ လုပ်ရဦးမှာပါ။ စိတ်ရောကိုယ်ရော ပင်ပန်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းဖို့ကိုတော့ The Chloe Condition page ကနေ Fitness Tips လေးတွေသာမက ဘဝအတွက် ခွန်အားတွေတက်စေမယ့် အကြောင်းအရာတွေကို The Chloe Condition ဖေ့ဘွတ်စာမျက်နှာကတဆင့် ဝေမျှပေးနေတဲ့ Chloe က ခုလို အကြံပေးတိုက်တွန်းပါတယ်။

"စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေကြတဲ့လူတွေအတွက် ကိုယ့်ကိုကိုယ် ဘယ်လိုပြန်အားတင်းရမလဲ။ တစ်ခါတစ်လေ Chloe တို့တွေက life မှာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေဖြစ်မလာကြတဲ့အခါ စိတ်မပျော်တာမျိုုး စိတ်ဓာတ်ကျတာမျိုး ဖြစ်တတ်ကြတယ်။ အဲ့ဒီအခါ တိုင်း Chloe ကိုယ်တိုင် အမြဲကိုယ့်ကို သတိပေးနေ တတ်တဲ့ Mindset လေးတစ်ခုကိုမျှဝေချင်ပါတယ်။ ကိုယ်က လူအယောက် တစ်ထောင် ၊ တစ်သောင်း ကို influence လုပ်နိုင်တဲ့လူချင်မှဖြစ်မယ်။ ကိုယ့်ရဲ့ အလုပ်ကလဲ ကိုယ်ကြိုးစားသလို အောင်မြင်ချင်မှအောင်မြင်လိမ့်မယ်။ ကိုယ့်ဘက်ကအမြင်မှာတော့ ကိုယ့်အရည်အချင်းတွေကို ကိုယ့် Life ကို အားမရနေဘဲ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာ။ အပြင်မှာ ကိုယ်မသိနိုင်တဲ့ လူတွေအများကြီးက ကိုယ့်ရဲ့ အလုပ်ကြိုးစားမှု၊ ရိုးသားမှု ၊ ဒါလေးတွေကအစ ကိုယ့်စံထားပြီး သူတို့ရဲ့ Inspiration အနေနဲ့မြင်နေကြတဲ့သူတွေလည်း ရှိနိုင်တာဘဲ။ တစ်ယောက်နဲ့တစ်ယောက် ဘဝမှာ ဖြစ်တာပျက်တာချင်း Timeline မတူနိုင်ပါဘူး။ ကိုယ့်ထက် အရှေ့ရာက်နေတဲ့ လူတွေကိုပဲ မကြည့်ပါနဲ့။ နောက်ကလူတွေကိုလည်း ပြန်ကြည့်သင့်ပါတယ်။အဲ့တော့ ကြိုးစားသမျှ အရာမထင်ဘူး ဆိုပြီး စိတ်ပင်ပန်းလာတိုင်း ကိုယ်လည်း ကိုယ်ရဲ့ Idol / mentor ဆိုပြီးစံထား ထားတဲ့သူတွေကိုကြည့်လိုက်ပါ။ သူတို့တွေတောင် သူတို့လိုချင်တဲ့ ဘဝပန်းတိုင် မရောက်သေးလို့အခုချိန်ထိကြိုးစားနေရကြသေးတာပဲ။ အဲ့ဒီတော့ စိတ်ညစ်နေမယ့်အစား ကိုယ်ဘဝကိုယ် အားတင်းပြီးလိုရာပန်းတိုင်ရောက်အောင် ဇွဲမလျှော့ဘဲ ကြိုးစားပါ။ ဘယ်အရာပဲလုပ်လုပ် Commitmentထားပါ။ ကိုယ်ဟာအမြဲ တခြားသောသူတစ်ယောက်ထဲ အတွက်ပဲဖြစ်စေ၊ အများအတွက်ဖြစ်စေ Good Impact/ Inspiring ဖြစ်နိုင်တဲ့ လူတစ်ယောက်ဖြစ်နိုင်တဲ့အထိကြိုးစားဖို့ Chloe တိုက်တွန်းချင်ပါတယ်။"

ဘဝကို Restart ချတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အရင်ဗဟိုပြုဖို့ လိုအပ်ပါတယ်။ တစ်ခုခုကို လုပ်ဖို့ တွေးမိပြီဆိုရင် ကိုယ့်အတွက်အရင်စဉ်းစားသင့်ပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့အရာလား၊ ကိုယ့်အတွက် အဆင်ပြေမှာလား ၊ ကိုယ့်ကို စိတ်ချမ်းသာစေမှာလား ဒါတွေ စဉ်းစားပြီးမှ တခြားသူတွေ ထိခိုက် နစ်နာမှုရှိမရှိ စဉ်းစားဆင်ခြင်ပြီး လုပ်ရမှာပါ။ အစစအရာရာ တိုးတက်ပြီး အရာရာ အမှီလိုက်နေရတဲ့ ခေတ်ကြီးမှာ စိတ်ပင်ပန်း ၊ လူပင်ပန်းရတာတွေ အရမ်းများလာပါပြီ။ ဒါ့ကြောင့် အထက်ကအချက်ကလေးတွေကို အသုံးပြုပြီး ကိုယ့်ကို စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်းစေမယ့် အချက်ကလေးတွေကို တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားကြည့်ပါ။

 


က္က